ကန်ပက်လက်ပြည်သူလူထုနိုင်ငံရေးအမြင်ကျယ်လို့ NLD နိုင်တာ

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဦးညွှန့်ဝင်း(NLD)က (၃၀၈၃)မဲနဲ့အနိုင်ရရှိထားပါတယ်။ ဒီကစ္စနဲ့ပတ်သက်ပြီး ကန်ပက်လက်မြို့နယ် NLD ဥက္ကဌ ဦးထန်းမလားလိုင်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး= ဘာဖြစ်လို့ ကန်ပက်လက်မှာ ချင်းပါတီတွေရှုံးတာလဲဆိုတာ ဦးရဲ့ အမြင်လေးပြောပေးပါအုံး။

ဖြေ= ကျနော်ကတော့ ချင်းပါတီတစ်ခုထဲမဟုတ်ပဲ ပါတီသုံးခုစလုံးပေါ်အမြင်လေးပြောချင်ပါတယ်။ ကျနော်တို့ပါတီအနေနဲ့ တိုင်းပြည်အရေးဆက်လုပ်စရာတွေများကြီးရှိသေးတယ်။ ကန်ပက်လက်ပြည်သူလူထုက ကျနော်တို့ကိုယုံကြည်လို့၊ နိုင်ငံရေးအမြင်ကျယ်လို့ မဲထည့်တာလို့ပြောချင်ပါတယ်။ သူတို့ရဲ့ အားနည်းချက်တော့ မတွေ့ရဘူးဗျ။ သူတို့လည်းလှုပ်ရှားတယ်။ ကျနော်တို့လည်း လှုပ်ရှားတယ်။ အတူတူပဲ။ ပြည်သူတွေက NLD ကို အားကိုးလို့၊ ယုံကြည်စိတ်ချလို့ ကျန်တဲ့သူတွေအားနည်းချက်ကြောင့်မဟုတ်ပဲနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ပဲနိုင်တယ်လို့ပြောချင်ပါတယ်။

မေး= ကန်ပက်လက်မှာ ဒေါ်အောင်ဆန်းစုကြည်လာလို့၊ ပြည်နယ်ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ ကိုယ်တိုင်မဲဆွယ်လို့ NLD နိုင်သွားတယ်လို့ ပြောကြတယ်။ အဲ့ဒီအပေါ်မှာ ဘယ်လိုဖြေရှင်းချင်တာလဲ။

ဖြေ= အဲ့ဒါကတော့ ကျနော်တို့ပြိုင်ဘက်ပါတီတွေရဲ့ ထိုးနှက်မှုတစ်ခုပါ။ အမှန်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်လာတာလဲ ပါတီနဲ့ပတ်သက်မှုမရှိပါဘူး။ သူက နိုင်ငံတော်ခရီးစဉ်နဲ့လာတာဖြစ်တယ်။ ပြီးတော့ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေလာတယ်ဆိုတာလည်းမှန်ပါတယ်။ သူတို့လည်း ရွေးကောက်ပွဲတွက်မဟုတ်ပဲ၊ ရွေးကောက်ပွဲကာလမှာ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့၊ ရွေးကောက်ပွဲချောချောမောမောပြီးနိုင်ဖို့လာခြင်းဖြစ်ပါတယ်။ တစ်ခုပြောချင်တာက ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကျနော်တို့ NLD မှာ ဝန်ကြီးလည်းမရှိသေးပါဘူး။ ဝန်ကြီးချုပ်လည်းမရှိသေးပါဘူး။ အဲ့ဒီအချိန်မှာလည်း ကန်ပက်လက်ပြည်သူလူထုက NLD ကိုယုံကြည်စိတ်ချလို့ မဲပေးခဲ့ကြတာပါပဲ။ ဒါကြောင့် လေးနေရာစလုံး နိုင်ခဲ့တာပဲ။ ပြည်သူလူထုက နိုင်ငံရေးအမြင်ကျယ်လို့ NLD ကိုယုံကြည်စိတ်ချစွာမဲပေးခြင်းဖြစ်ပါတယ်။