ကမ္ဘာကိုဖြန့်ချိနိုင်မယ့် ရိုးရာအထည်တွေရှိပေမယ့် တာဝန်ရှိပုဂ္ဂိုလ်တွေလှည့်တောင်မကြည့်ပေးကြဘူး

ဒေါ်ခွန်းရွှေ(Yoyamay ချင်းရိုးရာအထည်ဆိုင်)

ပထမအကြိမ် ချင်းပြည်နယ်ကုန်စည်နှင့်ရင်းနှီးမြှုပ်မှုပြပွဲပေါ် သဘောကျတဲ့အချက်နဲ့ပြင်ဆင်လိုတဲ့အချက်တွေကို Zalen Media ကမေးမြန်းထားပါတယ်။

ဒီလိုပွဲမျိုးဖြစ်ဖို့ တစ်ခေါက်တစ်ခေါက်စီစဉ်ရတာ အရမ်းကိုစွန့်စားရပါတယ်။ ပွဲတစ်ခုဖြစ်မြောက်ဖို့ မနည်းဘူးပေါ့နော်။ ပွဲတစ်ပွဲဖြစ်လာပြီဆိုတဲ့အပေါ်မှာတော့ ကြိုဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ပွဲမလုပ်ဘူးဆိုတာထက်စာရင် ပွဲလုပ်လိုက်တော့လူတွေပိုသိလာတာပေါ့။ ကျမကတော့ ပွဲဖြစ်မြောက်တာကိုတော့ ကြိုဆိုပါတယ်။ ချင်းပြည်နယ်မှာလုပ်တယ်ဆိုရင် လူဒီလောက်မြင်နိုင်မှာမဟုတ်ဘူးလေနော်။ ရန်ကုန်မှာလုပ်တာ ကြိုဆိုတယ်။

Chin State Investment and Product Fair မှာပြသထားတဲ့ ရိုးရာမေ ပြခန်း

ဒါပေမယ့် ကျမတို့ ချင်းမှာဆိုရင် ပွဲတိုင်းပွဲတိုင်းမှာပြပါလို့ခိုင်းနေတာက ချင်းအထည် တွေပေါ့နော်။ ဒီအထည်တွေက သယ်ယူဖို့လည်းလွယ်တယ်။ ပြီးလို့ရှိရင် ချင်းမှာကျွမ်းကျင်တဲ့သူတွေပေါ့၊ ဝင်ငွေလိုချင်တဲ့သူတွေအများကြီးနေထိုင်တဲ့ဒေသဖြစ်တယ်။ ဈေးကွက်ရှိလို့ကတော့ လုပ်ချင်တဲ့သူတွေကအများကြီးရှိတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ဒီအထည်အလိပ်ပိုင်းကို ဦးစားပေးပြီးတော့ လုပ်စေချင်တယ်။ ပွဲမှာတော့ ပြပါ ပြပါလို့ပြောနေပေမယ့် ပွဲထဲမှာဆွေးနွေးတဲ့ခါမှာ ဘယ်သူစိတ်ဝင်စားသလဲဆိုတာ မေးဖော်တောင်မရဘူး။ ပွဲတစ်ခုကို ကြည့်လိုက်။ ထုတ်ကုန်ပြနိုင်တာဆိုရင် ဒီချင်းအထည်တစ်ခုထဲပဲရှိတယ်။ ဝဥတို့၊ ကော်ဖီတို့တော့ရှိတယ်။ ကော်ဖီဆိုတာကလည်း တစ်ကမ္ဘာလုံးမှာအများကြီးပဲ။ အထည်လုပ်ငန်းမှာ ဟုတ်တိပတ်တိရင်းနှီးမြှုပ်နှံပြီးတော့ ဒီထက် ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေရှိတယ်ဆိုရင်တော့ အကျိုးအမြတ်တွေရှိမယ်။ အကျိုးအမြတ်ဆိုတဲ့ခါမှာ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ထဲမဟုတ်ဘဲနဲ့ ကိုယ့်ပြည်နယ်ရဲ့ အမျိုးသမီးငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း ဝင်ငွေရရှိရေးကို သူတို့ကပေးနိုင်မယ်။ ပြည်နယ်လည်းဖွံ့ဖြိုးလာမယ်။ ဝင်ငွေရလာမယ်။ နောက်သယ်ယူပို့ဆောင်ရလည်းလွယ်တယ်။ ဒီဟာတွေက ကုန်စိမ်းတွေလို မဟုတ်ဘူး။ အကောင်တွေသယ်သလိုမဟုတ်ဘူး။ ထုတ်လုပ်မှုကို လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်နယ်က သယ်ဖို့အလွယ်ဆုံးက ချည်ထည်တွေဖြစ်မယ်ပေါ့။

ပြီးတော့ ကျမဖြစ်စေချင်တာ ချည်ထည်ယက်လုပ်တဲ့သူပဲမဟုတ်ဘဲနဲ့ သဘာဝဆိုးဆေး ဥပမာ တောတွေတောင်တွေမှာ အရွက်အခေါက်တွေရှိတယ်။ အဲ့ဒီဟာနဲ့ဆိုးပြီးမှာ နိုင်ငံတကာကို လက်ယက်ကုန်ချောထည်တစ်ခုထဲ မဟုတ်ဘဲနဲ့ ချည်ဆိုးထားတဲ့ကုန်ကြမ်းကို တင်ပို့နိုင်မယ့် အနေအထားရှိမယ်ထင်တယ်။ ပို့ကုန်ဆိုတဲ့ခါမှာ အစိုးရရဲ့မူဝါဒပိုင်းဆိုင်ရာမှာ ပြင်ဖို့လိုတာတွေတော့ရှိတာပေါ့။ ဒါပေမယ့် ကျမစိတ်ထဲမှာခံစားတာက သူတို့စဉ်းစားတာတွေ ချော်နေသလားလို့။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေစဉ်းစားပုံစဉ်းစားနည်းက အကြီးကြီးတွေကိုပဲကြည့်ပြီးတော့ အသေးအမွှားလေးတွေကိုမေ့ပျောက်နေသလားလို့။ တကယ်တမ်း ကျတော့ အသေးအမွှားလေးတွေကိုအလုပ်ဖြစ်အောင် ကူညီပံ့ပိုးပေးနိုင်ရင် အသေးမွှားလေးကစပြီး ကမ္ဘာထိဖြန့်နိုင်မယ့် နည်းပညာရှိပြီးသားပေါ့။ ဒါပေမယ့် ဒီဟာကို မျက်စောင်းတော့မလှည့်မိကြဘူးပေါ့။

 

 

နောက်တစ်ခေါက်လုပ်တယ်ဆိုရင်တော့ အကြီးကြီးတွေအရေးကြီးသလိုပဲ သေးသေးမွှားမွှားလေးတွေ ပြည်နယ်မှာရှိပြီးသားပေါ်မှာ ဘာလုပ်ရင်ကောင်းမလဲဆိုပြီး လှည့်ပြီးစိတ်ဝင်စားစေချင်တယ်။ အကြီးကြီးတွေ လာပြီး ရင်းနှီးမြှုပ်နှံမှုက ခက်ခဲတယ်။ သေးသေးမွှားမွှားကစပြီး ကမ္ဘာကိုဖြန့်ချိတဲ့အဆင့်ထိဖြစ်နိုင်ပါတယ်ဆိုတာ ပွဲစီစဉ်တဲ့သူတွေကို သတင်းပါးစေချင်တယ်။ အကြီးကြီးတွေက စွန့်စားမှုအရမ်းများတယ်။ ဆုံးဖြတ်ဖို့ နည်းနည်းခဲယဉ်းတယ်။ အကျိုးအမြတ်မသေချာတဲ့ဟာကို ရင်းနှီးမြှုပ်နှံဖို့ဆိုတာက တကယ့်ကိုစွန့်စားမှုပေါ့။ ဒါမယ့်သေးသေးမွှားမွှားလုပ်ငန်းကို စမ်းလုပ်ပြီးတော့ သုံးလေးငါးနှစ်အကြာမှာ ကမ္ဘာကိုတောင်ဖြန့်ချိနိုင်တဲ့ ကျမတို့ ရိုးရာအထည်တွေ၊ သဘာဝဆိုးဆေးနဲ့ဆိုတာတဲ့ချည်ထည်တွေရှိတယ်ဆိုတာ သတင်းပါးချင်တယ်။ဒေါ်ခွန်းရွှေတို့မိသားစုဟာ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ခန့်ကနေ ရိုးရာမေဆိုတဲ့ ချင်းအထည်ဆိုင်ကို ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးမှာဖွင့်လှစ်ခဲ့ပါတယ်။ ခုချိန်မှာ ချင်းအထည်တွေကို နိုင်ငံခြားထိဖြန့်ချိနေတဲ့သူလည်းဖြစ်ပါတယ်။ ဒါ့ပြင် မှော်ဘီမြို့နယ်မှာ ချင်းရိုးရာသဘာဝဆိုးဆေးတွေ စီးပွားဖြစ်ထုတ်လုပ်ဖို့နဲ့ ဒီသဘာဝဆိုးဆေးနဲ့ယက်လုပ်တဲ့အထည်တွေကို နိုင်ငံခြားထိတင်ပို့နိုင်ဖို့ကြိုးစားနေတဲ့သူလည်းဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီမှော်ဘီ ရွှေစီးယင်းရွာမှာပဲ နှစ်ပေါင်း (၁၀၀)ဝန်းကျင်ရှိတဲ့ ချင်းအထည်တွေကို ပြခန်းငယ်လေးတစ်ခုတည်ဆောက်ဖို့လည်း ကြိုးစားနေပါတယ်။

နောက်ဆုံးရသတင်း