ကလေးမြို့တွင် အရပ်ဝတ်နဲ့လူ ၂ ယောက်က အကြိမ်ကြိမ်သေနတ်ပစ်ဖောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တာဟန်းရပ်ကွက် YCW ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့တွင် မနေ့ည (၁၀)နာရီခွဲတွင် အရပ်ဝတ်နဲ့ လူ (၂)ယောက်က သေနတ် (၅)ချက်ပစ်ဖောက်သွားတယ်လို့သတင်းရရှိပါတယ်။

မျက်မြင်တစ်ဦးက “ဆိုင်ကယ်တစ်စီးနဲ့ အရပ်ဝတ်လူ ၂ ယောက်က လက်ပံချောင်းသွားတဲ့လမ်းနဲ့ YCW ကျောင်းလမ်းဒေါင့်မှာ သေနတ် ၁ ချက်ပစ်တယ်။ ပြီးတော့ YCW ဂိတ်ရှေ့မှာ ၂ ချက်ထပ်ပစ်တယ်။ ပြီးတော့ ကျောင်းအနောက်ဘက်မှာ ၂ ချက်ထပ်ပစ်ဖောက်တယ်။ သူတို့က ပြည်သူတွေကို ခြောက်လန့်အောင်ပစ်တာပဲဖြစ်မယ်။ လမ်းပေါ်မှာလည်းလူမရှိဘူး” လို့ပြောပါတယ်။

တပ်သားတွေဟာ YCW ကျောင်းရဲ့အနောက်ဘက် အ.မ.က (၈)ကျောင်းတွင် တပ်စွဲထားပြီး ယင်းရပ်ကွက်တွင် ညအချိန်အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတဲ့လူတွေ သွားလာနေတာ တွေ့ရတတ်တယ်လို့ ရပ်ကွက်နေပြည်သူတွေထံမှသတင်းရရှိပါတယ်။

ယင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက “သေနတ်ပစ်သံကြားတော့ မီးတွေပိတ်၊ တီဗီတွေပိတ်ပြီးတော့ တခါထဲအိပ်ရာဝင်တယ်။ ကုတင်ပေါ်မှာတောင် မအိပ်ရဲဘူး။ တံခါးတွေအကုန်လုံးကမှန်တွေပဲဆိုတော့လေ။ ဒါကြောင့် ကုတင်အောက်မှာမနေ့ညတော့ အိပ်လိုက်ရတယ်” လို့ပြောပါတယ်။