ခရိုင်သစ်များ ဘာကြောင့် တိုးမြှင့်တာလဲ?

ရေးသူ= အောင်သူငြိမ်း

ပြီးခဲ့တဲ့ ကာလတွေတုန်းက အသိမိတ်ဆွေ ထွေ/အုပ် အရာရှိတွေနဲ့ စကားပြောဆိုဖူးတယ်။ ကျနော်မေးကြည့်တာက ခရိုင် အဆင့် ထွေ/အုပ်ရုံးတွေ လိုပါ့မလားပေါ့။ သူပြောတာက မလိုအပ်ဘူးလို့ ထင်တယ်တဲ့။ ဥပမာ ဆိုပါစို့။ ကရင်ပြည်နယ် ၇ မြို့နယ်၊ ကယားပြည်နယ် ၇ မြို့နယ်ပဲရှိတာ။ ပြည်နယ် အစိုးရတွေနဲ့ မြို့နယ်အဆင့် ထွေ/အုပ်ရုံးတွေ တိုက်ရိုက် ဆက်သွယ်လို့ရတယ်။ ခရိုင်အဆင့် ကြားခံထားစရာ မလိုအပ်ဘူးလို့ သူထင်တယ်။ အဲဒီထက် များပါစေဦး။ တနင်္သာရီ တိုင်း ၁၀ မြို့နယ်၊ မွန်ပြည်နယ် ၁၀ မြို့နယ်၊ ဒီအထိလည်း ပြည်နယ်/တိုင်းအစိုးရနဲ့ တိုက်ရိုက် ဆက်သွယ်လို့ ရနိုင်သေးတယ်။

ပြီးခဲ့တဲ့ ကာလတွေမှာ ထွေ/အုပ်အရာရှိတွေထဲမှာ အရပ်သားအရာရှိ အများအပြား လူသစ်တွေ ဝင်ရောက်လာခဲ့တယ်။ သူတို့တွေက မြို့နယ်အဆင့်မှာ ဒု-ဦးစီး၊ ဦးစီးအရာရှိတွေ အဖြစ်များတယ်။ ဒါပေမယ့် ခရိုင်အဆင့် အရာရှိတွေက စစ်တပ်က ကူးပြောင်းလာသူတွေများတယ်။ ခရိုင်အဆင့်တွေရဲ့ တာဝန်က အောက်ကိုဖိ၊ အပေါ်ကိုဖားတဲ့ လုပ်ငန်းက ပိုများနေတယ်လို့ အဲဒီ ထွေ/အုပ်အရာရှိက ပြောပြတယ်။ ဒါပေမယ့် ချွင်းချက်တွေရှိတယ်။ မြို့နယ် သိပ်များတဲ့ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ရှမ်း ပြည်နယ် စသည်ဖြင့်မှာဆိုရင်တော့ ပြည်နယ်/တိုင်း အစိုးရနဲ့ မြို့နယ် ထွေအုပ်ရုံးတွေက တိုက်ရိုက်ဆက်ဆံဖို့ ခက်နိုင်တယ်။ သိပ်များတယ်။ ဒါဆိုရင်တော့ ခရိုင်ရုံးတွေ လိုအပ်ကောင်း လိုအပ်နိုင်တယ်လို့ သူက ပြောဖူးတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်ထဲမှာ စစ်ကောင်စီက အုပ်ချုပ်ရေးအရ ခရိုင်အသစ် ၄၂ ခု တိုးချဲ့ ဖွဲ့စည်းကြောင်း သတင်းတွေ ထွက်ပေါ် လာပါတယ်။ တပြိုင်နက်တည်းမှာ အချိုးကျကိုယ်စားပြုမှုစနစ် (proportional representation) နဲ့ ၂၀၂၃ ခုနှစ်မှာ ကျင်းပမယ်လို့ ပြင်ဆင်ထားတဲ့ ပါတီစုံရွေးကောက်ပွဲအတွက် ဆွေးနွေးပြောဆိုမှုတွေ ဖြစ်နေတဲ့အခါ လာမယ့် ရွေးကောက်ပွဲစနစ်သစ် အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံ အထွေထွေအုပ်ချုပ် ရေးဌာနရဲ့ စာရင်းတွေ အရ မြန်မာနိုင်ငံမှာ ခရိုင် ၇၅ ခု၊ မြို့နယ် ၃၃၀ နဲ့ မြို့အဆင့် သတ်မှတ်ထားမှု ၄၆၀ ရှိခဲ့ပါတယ်။

မေလ ၁ ရက်နေ့ သတင်းစာတွေအရတော့ ဖွဲ့စည်းပုံအသစ်အရ ဆိုရင်တော့ ခရိုင်အသစ် ၄၆ ခု ထပ်မံဖွဲ့စည်းပြီးတော့ စုစု ပေါင်းခရိုင် ၁၂၁ ခု ရှိလာမှာ ဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းများ ပိုမို အဆင်ပြေ ချောမွေ့စွာ လုပ်နိုင်ဖို့လို့ ဖော်ပြထားပါတယ်။

လူဦးရေသဘောအရ တပြေးညီမရှိ

ပထမအချက်က ခရိုင် အသစ်တိုးချဲ့ဖွဲ့စည်းမှုတွေမှာ လူဦးရေ အချိုးသဘောအရ တပြေးညီ မရှိတာကို ပထမဦးဆုံး သုံးသပ် နိုင်ပါတယ်။ ဥပမာအားဖြင့် လူဦးရေနည်းပါးတဲ့ ချင်း၊ ကယားပြည်နယ်တို့မှာ ခရိုင်သစ် ၂ ခုစီ ထပ်တိုးခဲ့ပါတယ်။ ကရင် ပြည်နယ် ၇ မြို့နယ်မှာလည်း ခရိုင်သစ် ၂ ခု ထပ်တိုးပါတယ်။ မွန်မှာလည်း ခရိုင်သစ် ၂ ခု ထပ်တိုးပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှာ ခရိုင်သစ် ၁၀ ခု၊ ရှမ်းပြည်နယ် (တောင်၊ အရှေ့၊ အရှေ့မြောက်) ဒေသပေါင်းမှာ ခရိုင် ၉ ခု တိုးချဲ့ပေမယ့် စစ်ကိုင်းတိုင်း ဒေသကြီးမှာ ခရိုင်သစ် ၂ ခုပဲ တိုးချဲ့ပါတယ်။

ဒေသန္တရ အုပ်ချုပ်ရေးသဘောတရား

အုပ်ချုပ်ရေးဖွဲ့စည်းပုံမှာ ခရိုင်သစ်တိုးချဲ့မှုဟာ ဒေသန္တရအုပ်ချုပ်ရေးစနစ် ပိုမိုထက်မြက်ကောင်းမွန်လာစေရေး နဲ့ ဗဟိုချုပ် ကိုင်မှု လျှော့ချရေး၊ ဒေသဖွံ့ဖြိုးရေး ရည်ရွယ်ချက်တွေအတွက် မဖြစ်တန်ရာပါဘူး။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ကစလို့ ရန်ကုန်/မန္တလေး စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဌာန်းခဲ့ပါ တယ်။ နောက်ပိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်/တိုင်းဒေသကြီး စည်ပင်သာယာအဖွဲ့အစည်းများ ဒေသ ဆိုင်ရာ ရွေးချယ်တင်မြှောက်မှုတွေနဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေက ပြဌာန်းခဲ့တဲ့ စည်ပင်သာယာဥပဒေများကို လည်း ဆိုင်းငံ့ထားခဲ့ပါတယ်။ ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီရဲ့ အမိန့်စာများအရ စည်ပင်သာယာဥပဒေများကို၊ အချို့တိုင်းဒေသ ကြီး/ပြည်နယ်တွေမှာတော့ အချို့သော ပုဒ်မပြဌာန်းချက်တွေကို “ရုပ်သိမ်းထားဘိသကဲ့သို့ မှတ်ယူစေရမည်” လို့ ပြဌာန်းခဲ့ ပါတယ်။

စစ်ကောင်စီက ဒီမိုကရေစီစနစ် တည်ဆောက်မယ်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်လို့ ကတိပြုထားပေမယ့် အောက်ခြေအဆင့် အုပ်ချုပ်ရေး (တနည်းဒေသန္တရ အုပ်ချုပ်ရေးစနစ်) တွေကို ဆိုင်းငံ့ထားပြီး၊ ဗဟိုချုပ်ကိုင်မှု ပြန်ပြုထား ပါတယ်။ အောက်ခြေအဆင့် ဒီမိုကရေစီ (Grassroots democracy) လို့ ပြောတဲ့အခါ အောက်ခြေ ဒေသန္တရအစိုးရတွေက အရေးပါပါတယ်။ လူထုနဲ့ အနီးဆုံး အစိုးရတွေက လူထုအသံကိုနားထောင်၊ လူထုအတွက် ဝန်ဆောင်မှုတွေကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ဖို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရတွေလက်ထက်မှာ ပြည်နယ်တိုင်း အဆင့်တွေမှာ မြူနီစီပယ် စည်ပင် အုပ်ချုပ်ရေး ဥပဒေတွေ ပြဌာန်းပြီး၊ တတ်နိုင်သလောက် ဗဟိုချုပ်ကိုင်မှု လျှော့ချခဲ့ကြပါတယ်။ အခုတော့ စည်ပင်အုပ်ချုပ်ရေး တွေလည်း “ရုပ်သိမ်းထားဘိသကဲ့သို့ မှတ်ယူစေရမည်” လို့ ပြဌာန်းခဲ့တဲ့ ဥပဒေတွေများထဲ အကြုံးဝင်နေပါတယ်။
ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်တဲ့ “တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်း အဝေး”ကို ၂၀၂၁ ခုနှစ်အတွင်း ၁၈ ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ တလောကအထိ ၅ကြိမ် ကျင်းပခဲ့ပေမယ့် ဒေသန္တရ အုပ်ချုပ်ရေးစနစ် (Local governance)၊ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းကိစ္စတွေကို ဆွေးနွေးမှု အလျဉ်းမတွေ့ခဲ့ရပါဘူး။

ခရိုင်အသစ်များတိုးချဲ့ ဖွဲ့စည်းမှုဟာ လာမယ့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုမှုစနစ် (proportional representation) နဲ့ ဆောင်ရွက်လိုတာကြောင့် ကြိုတင်စီစဉ်တယ်လို့ ခန့်မှန်းသုံးသပ်ချက်များ ရှိပါတယ်။ ဒါပေမယ့် ရွေး ကောက်ပွဲကို ဘယ်လိုစီစဉ်မယ်ဆိုတဲ့ ကိစ္စက ဆွေးနွေးဆဲ ဖြစ်သလို၊ ရွေးကောက်ပွဲကော်မရှင်နဲ့ ပိုမိုသက်ဆိုင်တယ်လို့ ယူဆ နိုင်ပါတယ်။ ခရိုင်အသစ် ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင်လည်း ရွေးကောက်ပွဲစနစ်သစ်နဲ့ သိပ်ဆီလျော်မှု မရှိတာကို အရေ အတွက်အရ မြင်နိုင်ပါတယ်။ ဗျူရိုကရေစီ ယန္တယားအတွင်း “နောက်ထပ်အလွှာ” တခုဖြစ်လာဖို့ပဲ ပိုများနိုင်ပါတယ်။