ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်ကျင်းပမယ့် စည်ပင်ခန်းမကို ဒု-သမ္မတခရီးစဉ်ကြောင့် အခြားနေရာပြောင်းရွေ့ရန်ညွှန်ကြား

 

မင်းတပ်တက္ကသိုလ်ကျောင်းသားများ ပွဲဖြစ်မြောက်ရေးအတွက် အစည်းအဝေးလုပ်နေကြစဉ်

ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်ကျင်းပမယ့် စည်ပင်ခန်းမကို ဒု-သမ္မတခရီးစဉ်ကြောင့် အခြားနေရာပြောင်းရွေ့ရန်ညွှန်ကြား

(၂၁)ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်ကျင်းပမယ့် မင်းတပ်မြို့ စည်ပင်ခန်းမကို ဒု-သမ္မတခရီးစဉ်ရှိတာကြောင့် အခြားနေရာသို့ပြောင်းရွေ့က မနေ့ညက စည်ပင်သာယာရေးကော်မတီက ဖုန်းနဲ့အကြောင်းကြားထားတယ်လို့ သိရပါတယ်။

(၂၁)ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်ကို ဧပြီလ (၂၄)ရက်နေ (၃၀)ရက်ထိ မင်းတပ်မြို့မှာကျင်းပမှာဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ကျောင်းသားအဖွဲ့အစည်းတွေလည်းဖိတ်ကြားထားတယ်လို့သတင်းရရှိပါတယ်။

မင်းတပ်တက္ကသိုလ်ကျောင်းသားအဖွဲ့ ဥက္ကဌ ဆလိုင်းထန်းနိုင်းက “ကျနော်တို့က လုပ်ထုံးလုပ်နည်းအတိုင်းစာတင်ပြီးတော့ သူတို့ကလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ခန်းမအသုံးပြုခွင့်ပေးထားတယ်။ မနေ့ညက စည်ပင်ဝန်ထမ်းအောက်ခြေဘက်က တစ်ဦးကဖုန်းနဲ့ဲပဲအကြောင်းကြားထားတယ်။ ဧည့်သည်ကလည်း ငါးရာလောက်လာဖို့မှန်းထားတော့ တခြားနေရာတွေဆို အဆင်မပြေဘူး။ ဒီမှာက မီးရယ်၊ အိမ်သာရယ်အားလုံးအဆင်သင့်ဖြစ်နေတယ်လေ။ ဒီညနေလည်း စည်ပင်နဲ့ထွေအုပ်ကိုသွားပြီး ညိုနှိုင်းမယ်။ ကျနော်တို့ကလည်း ဒု-သမ္မတကိုဖိတ်ချင်တာနဲ့အတော်ပဲ။ သူတို့ နောက်ခံစာသားပြောင်းပေးစေချင်တယ်ဆိုရင်လည်း မင်းတပ်လူထုနဲ့ ဒု-သမ္မတတွေ့ဆုံပွဲလို့ရေးပေးမယ်။ ဒု-သမ္မတကိုလည်း ကျောင်းသားပွဲမှာမိန့်ခွန်းပြောခိုင်းမယ်။ ကျနော်တို့တွက်လည်းအဆင်ပြေအောင် လုပ်ပေးမယ်လို့ယူဆတယ်” လို့ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတပ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအေးကို က “ဒီလိုပါ သူတို့က ခန်းမငှားရမ်းသုံးစွဲခွင့် မင်းတပ်ဈေးအပေါ်ဆုံးကခန်းမကို ငှားရမ်းဖို့တင်တယ်။ ကျနော်တို့က ၂၃ ရက်ကနေ ၂၆ ရက်ထိ ဒု-သမ္မတ ခရီးစဉ်ကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဲ့ မြို့နယ်အထွေထွေဦးစီးဌာနကနေ လူထုတွေ့စုံပွဲ အတွက် ကျနော်တို့ဌာနပိုင်လည်းဖြစ်တဲ့တွက် အဲ့မှာတွေ့ဆုံပွဲလုပ်မယ်ဆိုတဲ့တွက် သူတို့ကိုပိတ်ပင်တာမဟုတ်ဘူးနော်။ ခန်းမ အဆင်မပြေဖြစ်တဲ့ကြောင်းကို ကြိုတင်ပြင်ဆင်နိုင်ဖို့အလို့ငှာ အခြားနေရာရှာနိုင်ဖို့ အ.ထ.က မှာလည်း ခန်းမတစ်ဆောင်ရှိတယ်။ အဲ့ဒါကို အသိပေးတာပါ။ တခြားပိတ်ပင်တာတွေ ကန့်သတ်တာတွေမဟုတ်ဘူးနော်။ အဲ့လိုတိုက်ဆိုင်တာလေး။ ခရီးစဉ်ကို အတိအကျသိလို့မရတဲ့ချိန်မှာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စည်ပင်သာယာရေးအဖွဲ့က လူကြီးခရီးစဉ်တွေမှာ အခမ်းအနားပြင်ဆင်တာတွေ ဌာနဆိုင်ရာလုပ်ငန်းခွဲဝေမှုမှာရှိတယ်လေ။ ခရိုင်ထွေချုပ်ရုံးညွှန်ကြားလာတာက ဒီနေ့တွေမှာ လူကြီးခရီးစဉ်ရှိတဲ့အတွက် ခန်းမကို ဒု-သမ္မတနဲ့လျှော်ညီတဲ့အခမ်းအနားကို လုပ်ပါလို့ကျနော့်ကိုညွှန်ကြားလာတယ်။ တောက်လျှောက်ကြီးလုပ်မှာတော့မဟုတ်ဘူး။ စာနဲ့ဒီနေ့လာ မနက်ဖြန်လာတရားဝင်စာထုတ်မှာ။ ကနေဦးဒီလိုဖြစ်တယ်ဆိုတာ ကြိုအသိပေးတာပါ။ ပြည်နယ်အဆင့်လောက်ဆိုနေရာရွေ့ပေးလို့ရပါတယ်။ ခရိုင်ထွေအုပ်ရုံးက ကျနော့်ကို တိုက်ရိုက်ဖုန်းဆက်တော့ ပြည်ထောင်စုအဆင့်ဆိုတော့ ဒုသမ္မတအဆင့်နဲ့လျှော်ညီအောင်ပြင်ဆင်ဆောင်ရွက်ပါလို့ညွှန်ကြားစာရောက်လာလို့ပါ။ ကျနော်လည်း ချင်းကျောင်းသားတွေ အစီအစဉ်ရှိတဲ့အကြောင်းပြောပြပါတယ်။ တစ်ခုခုလွဲချော်ရင်တော့ နင့်တာဝန်လို့ပြောတဲ့ထိဖြစ်တာ။ ဒါလေးတော့ နားလည်ပေးစေချင်ပါတယ်” လို့ပြောပါတယ်။