ချင်းဘုံစကားပေါ်ပေါက်လာရေး ရန်ကုန်မှာဆွေးနွေးမယ်

ချင်းဘုံစကားပေါ်ပေါက်လာရေး ရန်ကုန်မှာဆွေးနွေးမယ်

ချင်းဘုံစကားပေါ်ပေါက်လာရေးအတွက် All Chin Society- Yangon ကဦးဆောင်ပြီး ဇွန်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့မှာ ဆွေးနွေးကြမယ်လို့သတင်းရရှိပါတယ်။

ယင်းအတွက် မြို့နယ်အလိုက် ဘာသာစကားနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့သူတွေကို အကြံပေးအနေဖြင့်ရွေးချယ်ခဲ့ကြပါတယ်။ ပလက်ဝမြို့နယ်ကနေ Bishop မန်လုံ၊ ဖလမ်းမြို့နယ်ကနေ ဦးထန်ဟုပ်၊ တီးတိန်၊ တွန့်ဇံမြို့နယ်ကနေ ဒေါက်တာ ထန်ဇာသွောင်၊ အရှိုချင်းကနေ ဆလိုင်းထွန်းလှိုင်၊ မတူပီမြို့နယ်ကနေ ဦးရိုဆန်း၊ မင်းတပ် နဲ့ ကန်ပက်လက်မြို့နယ်ကနေ သိက္ခာတော်ရဒေါက်တာ ထန်ယော တို့ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး All Chin Society- Yangon အတွင်းရေးမှူး ဦးနိုင်းထန်းက “ချင်းတွေက ဘုံစကားမရှိတော့ စိတ်ဝမ်းကွဲနေတာပေါ့နော်။ ဘုံစကားဘယ်လိုလုပ်ရမလဲဆိုတာ ဆွေးနွေးတယ်။ အကြမ်းဖျင်းအကြံပေးတဲ့သူတွေကဘယ်လိုတွေးမလဲလို့မေးမြန်းတဲ့ချိန်မှာ အားလုံးကတော့ ၂၂ ရက်နေ့မှာ လုပ်သင့်တဲ့ဟာကို အကြံပေးတယ်ပေါ့နော်။ စကားလုံးတစ်လုံးကို ကော်လံထားပြီးမှ ဥပမာ အင်္ဂလိပ်လို ယောကျ်ားလေးကို boy လို့ခေါ်လို့ရှိရင် အဲ့ဒါ ဟားခါးလိုဘယ်လိုခေါ်လဲ၊ တီးတိန်လိုဘယ်လိုခေါ်လဲ၊ ဖလမ်းလိုဘယ်လိုခေါ်လဲ။ မတူလိုဘယ်လိုခေါ်လဲ၊ မင်းတပ်၊ ကန်ပက်လက်လိုဘယ်လိုခေါ်လဲ။ ပလက်ဝလို ဘယ်လိုခေါ်လဲ၊ အရှိုချင်းလို ဘယ်လိုခေါ်လဲ။ အားလုံးတန်းစီပြီးမှ အတူဆုံးသောစကား အများဆုံးတူတဲ့ဟာကို ကော်လံတစ်ခုမှာ ချင်းဆိုပြီးမှ အဲ့ချင်းအောက်မှာရေးမယ်။ အတူဆုံးသောစကားလုံးကို အကုန်လုံးစုမယ်။ အဲ့ဒီကနေ ချင်း Multi dictionary ထုတ်ပြီးမှဖြန့်ချီမယ်။ ဒီဟာကို အများသုံးလာလို့ရှိရင် တဖြည်းဖြည်းနဲ့ လူတွေကသုံးသုံးပြီးမှ ချင်းဘုံစကားဖြစ်လာမယ်လို့ယူဆတယ်။ အဲ့ဒါ ပထမခြေလှမ်းပေါ့။ ဒုတိယခြေလှမ်းအနေနဲ့ ဒီဟာက ဘယ်လောက်အကျိုးသက်ရောက်မူရှိမလဲဆိုတာ ပြန်ပြီးလေ့လာပြီးမှ အဖြေပြန်ရှာဖို့ အကြံပြုကြတယ်” လို့ပြောပါတယ်။

ချင်းဘုံစကားပေါ်ပေါက်လာဖို့ ၁၉၇၅ ခုနှစ်ဝန်းကျင်တွင် ရန်ကုန်တက္ကသိုလ် ချင်းစာပေနဲ့ယဉ်ကျေးမှုကော်မတီက ချင်းဘာသာစကားအားလုံးလေ့လာပြီးရေးသားပြုစုခဲ့ဖူးပါတယ်။