ချင်းလွတ်မြောက်ရေးတပ်မတော်၏ တော်လှန်ရေးသမိုင်း (အပိုင်း ၄)

ဆလိုင်းဗန်ကျုံးလျန် (ယူကေ)

ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း ချင်းပြည်သို့ ချီတက်ရန်ဆုံးဖြတ်ခြင်း

ထိုအချိန်တွင် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်းသည် ချင်းပြည်သို့တော်လှန်ရေး လုပ်ဆောင်ရန် အဆင်သင့်မဖြစ်သေးခဲ့ပေ။ ငွေရေးကြေးရေးအရ သော်လည်းကောင်း၊ လူအင်အား နှင့် လက်နက်အင်အားအတွက် သော်လည်းကောင်း၊ ချင်းပြည်အတွင်း (သို့) နယ်စပ်တွင် အခြေချနိုင်မည့် နေရာအတွက် သော်လည်းကောင်း အဆင်သင့်မဖြစ်ခဲ့သော်လည်း ချင်းပြည်အတွက် တော်လှန်ရေး အသစ်မှအစပြုနိုင်မည့် အခွင့်အရေးကို လက်မလွှတ်လိုခဲ့ပေ။ လက်နက်ကိုင်တော်လှန်ရေး ဆိုသည်မှာ ခက်ခဲသည့်အရာ ဖြစ်သည်ကို ဗိုလ်မှူးဝီလီယံ မသိရှိခဲ့ခြင်းမဟုတ်။ တော်လှန်ရေးလုပ်ရန် သူဆုံးဖြတ်သည့်အချိန်မှစပြီး သူ.. သူ ချစ်တဲ့ ချင်းပြည်အတွက် အသက်စွန့်လွတ်ဖို့ အဆင်သင့်၊ သေရင်တောင်မှ နိုင်ငံရပ်ခြားမှာ မသေလိုဘဲ ချင်းပြည်မှာ ချင်းပြည်အတွက်သာ သေချင်သည့် ဗိုလ်မှူးဝီလီယံ ရခိုင်လွတ်မြောက်ရေးတပ်မတော် နှင့်အတူ ချီတက်ပြီး ချင်းပြည်မှ တော်လှန်ရေးစတင်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်က တော်လှန်ရေး အတွေးအခေါ်သည် Fidel Castro နှင့် Che Guevara တို့၏ ကျူးဘားတော်လှန်ရေး နှင့် တရုတ်နိုင်ငံ မော်စီတုံး၏ တော်လှန်ရေးတို့မှ လွှမ်းမိုးသည့်ချိန်ဖြစ်သည်။ ၎င်းတို့သည်လည်း တော်လှန်ရေး လုပ်သည့်အချိန်တွင် ၎င်းတို့ရောက်သည့်နေရာမှ ပြည်သူများအားစည်းရုံးပြီး အောင်မြင်နိုင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်းသည် ချင်းပြည်ရောက်သည့်အချိန်တွင် တော်လှန်ရေးအတွက် စည်းရုံးရေး အရင်ဆင်းပြီးမှ ပြည်သူများနှင့်အတူ ဗိုလ်ချုပ်နေဝင်း တော်လှန်ရေးအစိုးရအား တော်လှန်မည် ဆိုသည့် အကြံရှိခဲ့သည်။ ထိုခေတ်တော်လှန်ရေးသမားများ၏ အတွေးတွင် ပြည်သူ့အာဏာသိမ်းသည့် ဗိုလ်ချုပ်နေဝင်းအစိုးရကြောင့် ပြည်သူများဒုက္ခရောက်ကြသည်၊ ထို့ကြောင့် ပြည်သူများမှလည်း ဗိုလ်ချုပ်နေဝင်းအစိုးရကို တော်လှန်သည့် လက်နက်ကိုင်အဖွဲ့ကို ကူညီကြမည်ဟု ယုံကြည်ခဲ့ကြသည်။ ဗိုလ်မှူးဝီလီယံသည် ဆက်ဆံရေးကောင်းသူဖြစ်ပြီး ပြည်သူတွေကို စည်းရုံးနိုင်မည်ဟု သူ့ကိုယ်သူယုံကြည်ခဲ့သည်။

ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း (Major William Sa Lian Zam) ချင်းပြည်သို့ မထွက်ခွာမီ .. ဗိုလ်ကြီးလျန်ထန်း (Captain Lian Thang) နှင့်အတူ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် လည်ပတ်နေကြစဉ်

ဗိုလ်မှူးဝီလီယံသည် ချင်းပြည်အခြေစိုက် တော်လှန်ရေးအတွက် နိုင်ငံအတွင်း၌ စည်းရုံးမှုများလည်း လုပ်ဆောင်ခဲ့သည်။ ဗိုလ်မှူးဝီလီယံသည် တော်လှန်ရေးအတွက် သူ့မျိုးနွယ်စုဝင်ဖြစ်သည့် ဇာဟောင် (Zahau) မျိုးနွယ်စုဝင်များ စည်းရုံးခဲ့သည့်အကြောင်းကို ဆလိုင်းကိပ်ခိုလျန်မှ ပြောကြားရာတွင် “ဗိုလ်မှူးဝီလီယံ ချင်းပြည်ခရီးမစတင်မီ အချိန်မှာ ထိုင်းနိုင်ငံကနေ တော်လှန်ရေးအတွက် လှုံ့ဆော်တဲ့စာတွေ အများကြီးပို့ထားတယ်။ ၁၉၇၅/၇၆ ဝန်ကျင်းလောက်ဖြစ်မယ်။ ကျွန်တော်တို့ဆွေမျိုးထဲက စာပို့သမား (Post Man) အသိတစ်ယောက်ရှိတယ်။ စာအိတ်ပုံစံတူ စာတွေအများကြီးရောက်လာတယ်။ တာဟန်းနီးနား ဇာဟောင် (Zahau) တွေနေထိုင်တဲ့နေရာတွေမှာ ဖြန့်ဖို့ဖြစ်တယ်။ အဲဒီစာပို့သမားကလည်း ပုံစံတူစာတွေများလွန်းတော့ သူဖောက်ကြည့်တယ်။ စာထဲမှာ တော်လှန်ရေးအတွက်လှုံ့ဆော်စာတွေ ပါတယ်။ ကျွန်တော်ကလည်း ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါတယ်ဆိုတော့ သူကျွန်တော့ကို မေးတယ်။ ကျွန်တော်လည်း စာကိုဝင်ကြည့်တော့ ချင်းလွတ်မြောက်ရေးတပ်မတော်ရဲ့ တံဆိပ်နဲ့ ဗိုလ်မှူးဝီလီယံ ကိုယ်တိုင်လက်မှတ်ရေးထိုးပြီးပိုတဲ့စာ .. ချင်းပြည်မှာတော်လှန်ရေးစတင် လုပ်မယ့်အကြောင်း အဲဒီတော်လှန်ရေးမှာ ဝင်ပါဖို့လှုံ့ဆော်တဲ့စာဖြစ်တယ် .. ကျွန်တော်ကတော့ဘာလဲဆိုတာသိတယ် .. ဒါပေမယ့် မသိချင်ဟန်ဆောင်လိုက်တယ်။ စာပို့သမား အကုန်ဖြန့်ဖြစ်လားတော့ မသိဘူး။ ဗိုလ်မှူးဝီလီယံ ကျဆုံးပြီးတဲ့နောက်မှာ ကျွန်တော်ကြားမိတာကတော့ သူ့တော်လှန်ရေးအတွက် ဇာဟောင်လူငယ် ၂၀၀ လောက်စည်းရုံးပြီးသားလို့ ပြောကြတယ်” ဟုပြန်လည်ပြောကြားခဲ့သည်။

ဤသို့ဖြင့် ဗိုလ်မှူးဝီလီယံသည် ချင်းပြည်မှတော်လှန်ရေးလုပ်ရန် ဆုံးဖြတ်ပြီးနောက် ၎င်းနှင့်အတူ ချင်းပြည်တွင် တော်လှန်ရေးလုပ်ရန် ၎င်းတပ်ထဲမှ တပ်သားတွေကို စည်းရုံးခဲ့ရာ ၁၂ ယောက်ကို စည်းရုံးနိုင်ခဲ့ပြီး သူနှင့်လိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဗိုလ်မှူးခိုင်မျိုးမင်းမှ ပြောကြားရာတွင် “ဗိုလ်မှူးဝီလီယံနှင့်အဖွဲ့အတွက် ကျွန်တော်တို့ ရခိုင်လွတ်မြော်ကရေးတပ်မတော် ကနေ M16, G3, G4 စတဲ့လက်နက်တွေ အပြည့်တပ်ဆင်ပေးတယ်။ ဗိုလ်မှူးဝီလီယံအဖွဲ့ထဲမှာ ဗမာ့တပ်မတော်ထဲက ထွက်တဲ့သူတွေများတယ် .. ချင်းလူမျိုးတွေအပြင် ကရင်၊ ရခိုင် လူမျိုးတို့လည်းပါဝင်ကြတယ်။ မှတ်မှတ်ရရဆိုလို့ ဖလမ်းနယ် ဇာဟောင်မျိုးနွယ်စုထဲက ဗန်နာ ဆိုတဲ့တစ်ယောက်ရယ်၊ ကရင်လူမျိုး စောလှထွန်း ဆိုတဲ့သူတွေကိုဘဲ နာမည်မှတ်မိတယ်။ ငွေရေးကြေးရေးဘက်မှာလည်း ဗိုလ်မှူးဝီလီယံ ပါလာတဲ့ငွေတွေလည်း ရှိတယ်။ ကျွန်တော်တို့ ဥက္ကဌကြီးခိုင်မိုးလင်း ထောက်ပံ့ပေးတဲ့ဟာလည်း ရှိတယ်။ နောက်ပြီးတော့ ဗိုလ်မှူးဝီလီယံတို့အဖွဲ့ (ချင်းလွတ်မြောက်ရေးတပ်မတော်) တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ မဟာမိတ်တပ်ပေါင်းစုဖြစ်တဲ့ အမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု (National Democratic Front) ဝင်ဖြစ်အောင် ကျွန်တော်တို့ ဥက္ကဌကြီးက ကူညီခဲ့တယ်။ ကျွန်တော်တို့မထွက်ခင်မှာဘဲ ဥက္ကဌကြီးက ချင်းလွတ်မြောက်ရေးတပ်မတော် NDF အဖွဲ့ဝင်ဖြစ်ဖို့ ကြေးနန်းလှမ်းပို့တယ်။ NDF ကလည်းလက်ခံတဲ့အကြောင်း ကြေးနန်းပြန်ဝင်လာတယ်” လို့ပြောခဲ့သည်။

တော်လှန်ရေးအတွက် မိုးလင်းရာဇာစစ်ကြောင်း မိုင်နှစ်ထောင်ကျော်ခရီး ချီတက်ခြင်း

ရခိုင်လွတ်မြောက်ရေးတပ်မတော် ဥက္ကဌခိုင်မိုးလင်းဦးဆောင်သည့် စစ်ကြောင်းသည် အင်အား ၁၂၆ ရှိပြီး မိုးလင်းရာဇာစစ်ကြောင်းဟုအမည်ပေးထားသည်။ မိုးလင်းရာဇာစစ်ကြောင်းနှင့်အတူ ဗိုလ်မှူးဝီလီယံခေါင်းဆောင်သည့် ချင်းလွတ်မြောက်ရေးတပ်မတော်မှ ၁၂ ယောက်တို့သည် ၁၉၇၆ ဇွန်လ ကုန်တွင် မိုင်နှစ်ထောင်ကျော် ခရီးရှည်တစ်ရပ်ကို ထိုင်း၊မြန်မာ နယ်စပ်မှ SSPP ခါးဟန်စခန်းမှစတင် ထွက်ခွာခဲ့ကြသည်။ တောင်စွယ်တောင်တန်းများ ဖြတ်ကျော်ပြီး ရှမ်းပြည်တောင်ပိုင်း ဗိုလ်ခွန်ရဲနောင်အဖွဲ့စခန်းချသည့် မဲအော့ရွာနားသို့ ရောက်ရှိခဲ့ကြသည်။ ထိုစခန်းမှ သံလွင်မြစ်ကို ဖြစ်ကူးကြပြီး ရှမ်းပြည်အလယ်ပိုင်းသို့ ချီတက်ကြရသည်။ တော်လှန်ရေးသမားများအတွက် သေမင်းတမာန်လမ်းဟု လူသိများသည့် လေးကျား-မိုင်းကိုင် ကားလမ်းကိုဖြတ်ပြီး ရှမ်းပြည်အလယ်ပိုင်း မိုးဟိန်းစခန်းကို သို့ရောက်ရှိခဲ့ကြသည်။ ရှမ်းပြည်အလယ်ပိုင်းမှ မြောက်ပိုင်းသို့ချီတက်ရာတွင် ဗမာ့တပ်မတော် နှင့် ကွန်မြူနစ်တပ်ကို ရှောင်ပြီး ခရီးဆက်ခဲ့ကြရကာ ရှမ်းပြည်မြောက်ပိုင်း ကချင်တပ်မဟာ (၄) ဗိုလ်မှူးကြီး ဇော်ဘန်စခန်းအရောက် အောင်မြင်စွာချီတက်နိုင်ခဲ့ကြသည်။ ကချင်တပ်မဟာ (၄) တွင် ရက်ပေါင်း (၃၀) ခန့်အနားယူပြီး သိန္နီမြို့နယ်ဘက်သို့ ဆက်လက်ချီတက်ခဲ့ကြသည်။ ထိုမှတစ်ဆင့် ရွှေလီမြစ်ကို ဖြတ်ကူးပြီး KIA ဌာနချုပ်အနီ နာလုံနယ်တွင် ရောက်ရှိခဲ့ကြသည်။ မိုးလင်းရာဇာစစ်ကြောင်း နေ့ညမနား ကရင်ပြည်မှ ရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်း၊ အလယ်ပိုင်းမှ ကချင်ပြည်နယ်အထိ တောလမ်းခရီးသက်သက် ခရီးဆက်ခဲ့ကြသောကြောင့် ရဲဘော်များမှာပင်ပန်းလျက်ရှိကြသည်။ ထို့ကြောင့် ကချင်တပ်မဟာ (၂) စခန်းတွင် သုံးလခန့် အနားယူခဲ့ကြသည်။ ကချင်တပ်မဟာတွင် အနားယူပြီးနောက် ဆက်လက်ထွက်ခွာလာခဲ့ကြပြီး ဧရာဝတီမြစ်ကို ဆင်ဘိုအနီးမှ ဖြတ်ကျော်ကြသည်။ ထို့နောက် ကွေ့ကောက်ချောင်းနှင့် မိုးကောင်းချောင်းနယ်ကို ဖြတ်ခဲ့ကြပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းကို ဟိုပင်-ဆားမှော် ကြားအပိုင်း မှ ဖြတ်ခဲ့ကြသည်။ ထို့နောက် ကာမိုင်း၊ ဖားကန့်၊ ဥရုချောင်း၊ တနိုင်းခမြစ်၊ ခန္တီးမြို့နယ်မြောက်ပိုင်း ချင်းတွင်းမြစ်ကြီး မြစ်ဖျားခံရာ ဒေသသို့ရောက်ရှိခဲ့ကြသည်။ ထိုမှတစ်ဆင့် နာဂတောင်တန်းကို ဖြတ်ကျော်ခဲ့ကြပြီး နာဂတောင်တန်း-မြန်မာနယ်စပ်ရှိ ပုံညို၊ ထိုမှတစ်ဆင့် မြန်မာပြည်အတွင်းဝင်လာကြပြီး ဟုမ်္မလင်းမြို့မြောက်ပိုင်း လေရှီးနယ် တစ်ဝိုက် ထာဒို/ကူကီး ကျေးရွာရှိရာနယ်မြေတွင် ရောက်ရှိလာခဲ့ကြသည်။ ထိုသို့ မြန်မာနယ်စပ်အတွင်း ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဗမာ့တပ်မတော် အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက် တပ်ရင်း (၈၅) မှ တပ်စိပ်တစ်ခု နှင့် ထိတွေ့ခဲ့ကြပြီး တိုက်ပွဲဖြစ်ခဲ့ကြသည်။ ထိုတိုက်ပွဲပြီးနောက် မိုးလင်းရာဇာစစ်ကြောင်းသည် အိန္ဒိယနယ်စပ်ဘက်သို့ အပြင်းချီခဲ့ကြသည်။ အိန္ဒိယနယ်စပ်၌ မိုးလင်းရာဇာစစ်ကြောင်း ပြန်လည်စုစည်းပြီး တပ်များကို စီစစ်သောအခါ ရခိုင်တပ်မှ တပ်ခွဲမှူးဗိုလ်ကြီးကျော်ဟန် ပျောက်ဆုံးခဲ့သည်။

ဗမာ့တပ်မတော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (န.မ.ခ) ၏ မြရတနာစစ်ဆင်ရေးဗျူဟာ

ဥက္ကဌကြီးခိုင်မိုးလင်းခေါင်းဆောင်သည့် ရခိုင်လွတ်မြောက်ရေးတပ်မတော် နှင့် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း ခါင်းဆောင်သည့် ချင်းလွတ်မြောကရးတပ်မတော်တို့ ပါဝင်သည့် မိုးလင်းရာဇာစစ်ကြောင်း ချီတက်ရာလမ်းကြောင်းပြ မြေပုံ …
Note: စာရေးသူ အကြမ်းဖျင်း ခန့်မှန်းထားသည့် မြေပုံဖြစ်သည်။

ဗမာ့တပ်မတော် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (န.မ.ခ) သည်မိုးလင်းရာဇာစစ်ကြောင်း ချီတက်လာသည့်အကြောင်းကို ကြိုတင်သိရှိခဲ့ကြပြီး စစ်ကိုင်း၊ အိနွိယနယ်စပ်တစ်လျှောက် နှင့် ချင်းပြည်နယ်မြောက်ပိုင်းတွင် တပ်ဖြန့်ထားခဲ့သည်။ န.မ.ခ မှ ဤစစ်ဆင်ရေးကို “မြရတနာစစ်ဆင်ရေး” ဟုနာမည်ပေးထားခဲ့သည်။ ထိုအချိန်တွင် န.မ.ခ အောက် တပ်ရင်း ၈၉ တွင် ထာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်ကြည်သိန်းမှ ပြန်လည်ပြောကြားရာတွင် “ခိုင်မိုးလင်းဦးဆောင်တဲ့ ရခိုင်သူပုန်တွေ လာမယ်ဆိုတာ တပ်မတော်ဘက်က ကြိုတင်သိထားတဲ့အတွက်ကြောင့် ကြိုပြီးစောင့်နေခဲ့တယ်။ အဲဒီအချိန်တုန်းက တပ်မတော်ရဲ့ ဆက်သွယ်ရေး ကိရိယာတွေလည်း တော်တော်ကောင်းတယ်။ သူတို့ပို့တဲ့ မောစ်ကုတ်ကြေးနန်းတွေ တပ်မတော်စစ်ထောက်လှမ်းရေးဘက်ကနေ အကုန်ဖမ်းထားတယ်။ အဲဒါကြောင့် သူတို့ နာဂတောင်တန်း ဝင်တဲ့အချိန်ကနေ တပ်မတော်ဘက်က သူတို့လှုပ်ရှားမှုတွေကို သိနေတယ်။ ကျွန်တော်က အဲဒီအချိန်မှာ ရဲဘော်အဆင့်ဘဲရှိတယ်။ န.မ.ခ အောက်က ကလေးမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခ.လ.ရ) အမှတ် ၈၉ တစ်တပ်ရင်းလုံး အိနွိယ-စစ်ကိုင်းနယ်စပ်မှာ အကုန်ဖြန့်ထားတယ်။ ကျွန်တော်ပါတဲ့ တပ်ရင်း (၈၉) အောက်က တပ်ခွဲတစ်ခွဲကတော့ ခမ်းပတ် (Khampat) ကနေ စောင့်နေခဲ့ကြတယ်။ နာဂတောင်တန်းကနေ မြန်မာပြည်တွင်းကို ဝင်လာပြီးဆိုတာနဲ့ တပ်ရင်း (၈၉) ထဲက တပ်စုတစ်စု ကလိုက်တယ်။ ခိုင်မိုးလင်းနဲ့ဝီလီယံတို့ အဖွဲ့က အိနွိယဘက်ကို ပြန်ကူးသွားတော့ ပစ်လို့မရဘူး။ အဲဒီလို တပ်ရင်း (၈၉) ကနယ်စပ်အတိုင်း တောက်လျှောက်လိုက်လာတာ။ အဲဒီတုန်းက န.မ.ခ အောက်မှာ တပ်ရင်း ခြောက်ရင်း ခ.လ.ရ ၄၂၊ ၅၀၊ ၈၇၊ ၈၈၊ ၈၉၊ ၉၅ ရှိတယ်။ ဒီစစ်ဆင်ရေးမှာ တပ်ရင်း ၈၉ ကတပ်ရင်းတစ်ရင်းလုံးပါတယ်။ ကျန်တဲ့တပ်ရင်းတွေမှာတော့ တပ်ရင်းတစ်ရင်း ထဲကတပ်ခွဲ တစ်ခွဲစီပါတာပေါ့။ စုစုပေါင်းတပ်ရင်းတစ်ရင်း နှင့် တပ်ခွဲ ၅ ခွဲပေါ့။ အဲဒီအချိန်တုန်းက ခ.လ.ရ တပ်ရင်း တစ်ရင်းမှာ တပ်ခွဲ ၅ ခွဲပါတယ်၊ တပ်ခွဲတစ်ခွဲမှာ အင်အား ၁၁၅ ဝန်းကျင်ပါတယ်။ နောက်ပြီး ရဲတပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေလဲ ပါတာပေါ့။ တပ်ရင်း ၈၉ ကလွဲပြီး ကျန်တဲ့တပ်ရင်းတွေကတော့ ချင်းပြည်နယ် နယ်စပ်တစ်လျှောက်၊ သိုင်ငင်းအောက်ထိ တပ်ဖြန့်ထားခဲ့တယ်။ ရခိုင်သူပုန်တွေက နယ်စပ်အတိုင်း တောက်လျှောက်ဆင်းလာတာ။ သူတို့တမူးကို ကျော်လာပြီဆိုတာနဲ့ ကျွန်တော်တို့ကို နေရာရွှေ့ခိုင်းတယ်။ ချင်းပြည်နယ်နှင့် အိနွိယနိုင်ငံ မဏိပူရ်ပြည်နယ် နယ်စပ်တစ်လျှောက်မှ တပ်ဖြန့်ထားတယ်။ ကျွန်တော်တို့တပ်စိတ် အဲဒီနယ်စပ်နားမှာရှိတဲ့ တွန်းဇံမြို့ အရှေ့မြောက်ဘက်မှာရှိတဲ့ စိမ်းပီာလ် (Singpial) ရွာမှ ပြန်စောင့်ရတယ်။ တစ်ခြားတပ်စိတ်တွေလည်း လဲန်နာကော့ (Lennakot) နှင့် အခြားရွာတွေ ပြန်စောင့်ထားတယ်။ နောက်တော့ ဗျူဟာမှူးက ကျွန်တော်တို့ကို တွန်းဇံမြို့အနားက ဆဲန်နမ် (Senam) ရွာကို ပြန်ဆုတ်ခိုင်းတယ်။ အဲဒီကနေ တဆင့် စစ်ကားနဲ့ တွန်းဇံကနေ ဆင်းလာပြီး လိုင်ဘုန် (Laibung) ရွာမှာ ပြန်ပြီးနေရာယူရတယ်” ဟုပြောပြခဲ့သည်။

အိန္ဒိယနယ်ခြားစစ်တပ်နှင့် မိုးလင်းရာဇာစစ်ကြောင်းတိုက်ပွဲ

ဥက္ကဌကြီးခိုင်မိုးလင်းခေါင်းဆောင်သည့် ရခိုင်လွတ်မြောက်ရေးတပ်မတော် နှင့် ဗိုလ်မှူးဝီလီယံခေါင်းဆောင်သည့် ချင်းလွတ်မြောက်ရေးတပ်မတော်တို့ ပါဝင်သည့် မိုးလင်းရာဇာစစ်ကြောင်းသည် ထာထို၊ကူကီးရွာ အနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်သို့ လမ်းလွဲချီတက်ခဲ့ကြသည်။ ဤသို့ဖြင့် အိနွိယနယ်မြေအတွင်း ရောက်သည့်အချိန်တွင် အိနွိယတပ်ဖွဲ့ နှင့်လည်း ထိတွေ့မှုဖြစ်ခဲ့သည်။ မိုင်းလင်းရာဇာစစ်ကြောင်း အိနွိယနယ်မြေမှ ဖြတ်သန်းခွင့်မပြုရန် မြန်မာ့အစိုးရမှ တောင်းဆိုမှုများ ရှိခဲ့သည်ဟုလည်း ဆိုကြသည်။ အိနွိတပ်မတော်နှင့် တိုက်ပွဲဖြစ်ခဲ့ရသည့် အကြောင်းရင်းအား ထိုအချိန်တွင် မိုးလင်းရာဇာစစ်ကြောင်းနှင့်အတူ ချီတက်ခဲ့သည့် ရခိုင်လွတ်မြောက်ရေးတပ်မတော်မှ အရာရှိ ဗိုလ်မှူးခိုင်မျိုးမင်းမှ ပြန်လည်ပြောကြားရာတွင် “ကျွန်တော်တို့ စစ်ကြောင်းကို ရွာမှာထားပြီးတော့ လုံခြုံရေးယူထားတဲ့အချိန်မှာ အိနွိယစစ်တပ်က လှည့်ကင်း လာနေတာကို ကင်းသမားတွေ လှမ်းမြင်တယ်။ ရန်သူတစ်ဖက်ကလာနေတယ် .. ဘယ်လိုလုပ်ရမလဲဆိုပြီး ကင်းစောင့်တွေကလှမ်းမေးတယ်။ ဒါပေမယ့် အကြောင်းပြန်ကြားခြင်းမရှိတဲ့အချိန်မှာ အရမ်းနီးကပ်လာတာနဲ့ ကျွန်တော်တို့ဘက်ကနေ စတင်ပစ်ခတ်ခဲ့တာ .. အဲဒီမှာ အိနွိယစစ်သား တစ်ယောက်ဆုံးတယ်” ဟုပြန်ပြောခဲ့သည်။ ထို့နောက် အိနွိယစစ်တပ်နှင့် နောက်ထပ်သုံးကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည့်အကြောင်းကို ထိုအချိန်တွင် မိုးလင်းရာဇာစစ်ကြောင်းနှင့်အတူ ချီတက်ခဲ့သည့် ရခိုင်လွတ်မြောက်ရေးတပ်မတော်မှ အရာရှိ ဗိုလ်မှူးခိုင်နီရောင် ၏ မှတ်တမ်းတွင် “ကျွန်တော်တို့စစ်ကြောင်း အိန္ဒိယနယ်ထဲသို့ရောက်လာသဖြင့် အိန္ဒိယနယ်စောင့်စစ်သားများကို ကျော်ဖြတ်ခွင့်တောင်းသည်။ အိန္ဒိယစစ်တပ်ခေါင်းဆောင်များနှင့် ဆွေးနွေးပြီး ကျွန်တော်တို့အပြန်တွင် အိနွိယစစ်ပတ်မှ ဝင်တိုက်သဖြင့် မိုးလင်းရာဇာစစ်ကြောင်းမှ အန္ဒိယတပ်ဖွဲ့ကိုခုခံခဲ့ရသည်။ ရခိုင်တပ်ဖွဲ့ အနေဖြင့် အိန္ဒိယစစ်တပ်ကိုလုံးဝမတိုက်လို။ အိန္ဒိယစစ်တပ်မှ လေးကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်သည်။ ခုခံတိုက်ခိုက်ယင်း ချင်းတောင်တန်းကို ပြန်လည်ဆုတ်ခွာရသည်” ဟူ၍ ရေးသားထားသည်။

၁၉၆၅ ခုနှစ်တွင် အိန္ဒိယအစိုးရ နှင့် မြန်မာအစိုးရတို့သည် နယ်စပ်ရှိ လက်နက်ကိုင် လှုပ်ရှားသူများအား နှစ်ဖက်ပူးပေါင်းနှိမ်နင်းရန် သဘောတူခဲ့ကြရာမှ ၁၉၆၄ ခုနှစ်တွင် အိနွိယနယ်စပ်မှ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် အစိုးရအား တော်လှန်ရေးလုပ်ဆေင်ခဲ့ကြသည့် ဦးဆွန်ခိုပေါင် (Pu Son Kho Pau)၊ ဦးဟရန်နော် (Pu Hrang Nawl)၊ ဦးသွာလ်ဇဲန် (Pu Thual Zen) နှင့် အခြားချင်း ခေါင်းဆောင်များကို ၁၉၆၅ ခုနှစ်တွင် အိနွိယစစ်တပ်မှ ဖမ်းဆီးပြီး မြန်မာအစိုးရထံသို့ အပ်နှင်းခဲ့ကြဖူးသည်။ တစ်ဖန် ၁၉၇၇ နှစ်ဦးပိုင်းတွင် Arakan Independence Organization (AIO) မှ အင်အား ၈၃ ရှိသည့် တပ်သားများသည် ရခိုင်ပြည်သို့ အပြန်၊ ချင်းပြည်နယ် (ထန်ထလန်မြို့နယ်) နှင့် အိနွိယနယ်စပ်တွင် အိနွိယစစ်တပ် နှင့် ဗမာ့စစ်တပ် နှစ်ခုလုံးနှင့် တိုက်ခိုက်ခဲ့ကြရာမှ ၁၅ ဦးသေဆုံးပြီး ၈ ယောက်သာ ရခိုင်ပြည်သို့ချီတက်နိုင်ခဲ့ကြကာ ကျန်တပ်သားများမှာ ပျောက်ဆုံး (သို့) အဖမ်းခံခဲ့ကြခြင်းဖြစ်သည်။ AIO သည် ၁၉၇၀ ဝန်းကျင်တွင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး KIA ထံတွင် စစ်သင်တန်းတက်ရောက်ပြီး ၁၉၇၇ နှစ်ဦးပိုင်း၌ ရခိုင်ပြည်သို့ ချီတက်ခဲ့ကြခြင်းဖြစ်သည်။

တွန်းဇံမြို့နယ်အတွင်း တိုက်ပွဲသံများ

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ထဲမှ စိမ်းပီာလ် (Singpial), လဲန်နာကော့ (Lennakot)၊ ဆဲန်နမ် (Senam) နှင့် ခေါင်ခဲန်း (Khaungkhen) ရွာများတည်ရှိရာမြေပုံ

ဤသို့ဖြင့် ဥက္ကဌကြီး ခိုင်မိုးလင်းနှင့် ဗိုလ်မှူးဝီလီယံတို့ စစ်ကြောင်းသည် အိန္ဒိယ-မြန်မာနယ်စပ်တွင် ပိတ်မိနေခဲ့ကြသည်။ အိနွိယနယ်အတွင်းသို့လည်း ဖြတ်သန်းခွင့်မရခဲ့ချေ။ အိနွိယစစ်တပ်မှ ပိတ်ထားသည်။ ထိုအချိန်သည် ၁၉၇၇ မေလကုန်လောက်ဖြစ်ပြီး မိုးတွင်းကာလာဖြစ်သည်။ ရာသီဥတုကလည်း ဆိုးရွားသည့်အချိန်ဖြစ်သည်။ မိုးကလည်းရွာ၊ ရိက္ခာကလည်းပြတ်၊ ပျောက်ကျားအဝတ်အစား များလည်းစုတ်ပြတ်၊ ဘုတ်ဖိနပ်ပင် စီးဖို့မရှိသည့်အခြေအနေ သို့ရောက်ရှိခဲ့ကြသည်။ မိုးလင်းရာဇာစစ်ကြောင်းသည် ချင်းပြည်ထဲသို့ဝင်ပြီး တိုက်ပွဲဝင်ရန်မှ တစ်ပါး တစ်ခြားနည်းလမ်းမရှိတော့သဖြင့် ချင်းပြည်ထဲမှဖြတ်ရန် တော်လှန်ရေး ခေါင်းဆောင်နှစ်ဦး ဆုံးဖြတ်ခဲ့ကြသည်။ ဗိုလ်မှူးဝီလီယံသည် ဥက္ကဌကြီးခိုင်မိုးလင်းထံသို့ “ကျွန်တော်ချင်းလူမျိုးပါ .. ချင်းပြည်ဆိုတာကျွန်တော်သိတယ် .. ကျွန်တော်အသက်နှင့်ရင်းပြီး ကာကွယ်ပါမည်” ဟု ပြောခဲ့သည်။ ဥက္ကဌကြီးခိုင်မိုးလင်းမှလည်း ဗိုလ်မှူးဝီလီယံကို ယုံကြည်သည်။ ထို့နောက် ဗိုလ်မှူးဝီလီယံနှင့် ချင်းတပ်မှ ရှေ့ကဦးဆောင်ပြီး ဥက္ကဌကြီးခိုင်မိုးလင်းတပ်ကိုလည်း ချီတက်ရန်အမိန့်ပေးတော့သည်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှ ချင်းပြည်သို့ ပထမဆုံး ဝင်ရောက်လာသည့်နေရာမှာ တွန်းဇံမြို့နယ် စိမ်းပီာလ် (Singpial) ရွာဖြစ်သည်။
+++++++++++++++++++++++++++++++++++++++++++++++++
ဆက်လက်ဖော်ပြပါမည်။
အပိုင်း (၅) တွင် တွန်းဇံမြို့နယ်မှ တိုက်ပွဲအကြောင်း၊ လိုင်ဘုန်း (Laibung) တိုက်ပွဲအကြောင်း နှင့် စီးယင်းနယ်ထဲမှ တိုက်ပွဲအကြောင်းများ ဖော်ပြသွားမည်ဖြစ်သည်။