ချင်းလွတ်မြောက်ရေးတပ်မတော်၏ တော်လှန်ရေးသမိုင်း (ဇာတ်သိမ်း)

ဆလိုင်းဗန်ကျုံးလျန် (ယူကေ)

တွန်းဇံမြို့နယ်အတွင်း တိုက်ပွဲသံများ

ဤသို့ဖြင့် ဥက္ကဌကြီး ခိုင်မိုးလင်းနှင့် ဗိုလ်မှူးဝီလီယံတို့ စစ်ကြောင်းသည် အိန္ဒိယ-မြန်မာနယ်စပ်တွင် ပိတ်မိနေခဲ့ကြသည်။ အိနွိယနယ်အတွင်းသို့လည်း ဖြတ်သန်းခွင့်မရခဲ့ချေ။ အိနွိယစစ်တပ်မှ ပိတ်ထားသည်။ ထိုအချိန်သည် ၁၉၇၇ မေလကုန်လောက်ဖြစ်ပြီး မိုးတွင်းကာလာဖြစ်သည်။ ရာသီဥတုကလည်း ဆိုးရွားသည့်အချိန်ဖြစ်သည်။ မိုးကလည်းရွာ၊ ရိက္ခာကလည်းပြတ်၊ ပျောက်ကျားအဝတ်အစား များလည်းစုတ်ပြတ်၊ ဘုတ်ဖိနပ်ပင် စီးဖို့မရှိသည့်အခြေအနေ သို့ရောက်ရှိခဲ့ကြသည်။ မိုးလင်းရာဇာစစ်ကြောင်းသည် ချင်းပြည်ထဲသို့ဝင်ပြီး တိုက်ပွဲဝင်ရန်မှ တစ်ပါး တစ်ခြားနည်းလမ်းမရှိတော့သဖြင့် ချင်းပြည်ထဲမှဖြတ်ရန် တော်လှန်ရေး ခေါင်းဆောင်နှစ်ဦး ဆုံးဖြတ်ခဲ့ကြသည်။ ဗိုလ်မှူးဝီလီယံသည် ဥက္ကဌကြီးခိုင်မိုးလင်းထံသို့ “ကျွန်တော်ချင်းလူမျိုးပါ .. ချင်းပြည်ဆိုတာကျွန်တော်သိတယ် .. ကျွန်တော်အသက်နှင့်ရင်းပြီး ကာကွယ်ပါမည်” ဟု ပြောခဲ့သည်။ ဥက္ကဌကြီးခိုင်မိုးလင်းမှလည်း ဗိုလ်မှူးဝီလီယံကို ယုံကြည်သည်။ ထို့နောက် ဗိုလ်မှူးဝီလီယံနှင့် ချင်းတပ်မှ ရှေ့ကဦးဆောင်ပြီး ဥက္ကဌကြီးခိုင်မိုးလင်းတပ်ကိုလည်း ချီတက်ရန်အမိန့်ပေးတော့သည်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှ ချင်းပြည်သို့ ပထမဆုံး ဝင်ရောက်လာသည့်နေရာမှာ တွန်းဇံမြို့နယ် စိမ်းပီာလ် (Singpial) ရွာဖြစ်သည်။

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် Akluai နှင့် Laibung အကြား ရခိုင်နှင့်ချင်းတော်လှန်ရေးစစ်သည်တော် ၁၀ ဦး အဆုံးစီရင်ခြင်း ခံရသည့်နေရာ ..Note: အကြမ်းဖျင်းပြထားခြင်းသာဖြစ်သည်။

မိုးလင်းရာဇာစစ်ကြောင်း စိမ်းပီာလ်ရွာအရောက်တွင်လည်း တိုက်ပွဲဖြစ်ခဲ့သည်။ မိုးလင်းရာဇာစစ်ကြောင်း ချင်းပြည်သို့ စဝင်လာသည့်အချိန်တွင် ဗမာ့တပ်မတော်မှ တပ်ရင်း ၆ ရင်းသည် ချင်းပြည်အနှံ့နေရာယူ ထားပြီး ဖြစ်သည်။ စိမ်းပီာလ်ရွာတွင် နေရာယူသည့် တပ်ရင်း ၈၉ မှ ရဲဘော်ကြည်လင်းနှင့်တပ်စိတ်များ စိမ်းပီာလ်ရွာအနောက်ဘက် ဆဲန်နမ် (Simnam) ရွာသို့ ပြောင်းရွှေ့ဆုတ်ခွာစေခြင်းမှာလည်း မိုးလင်းရာဇာစစ်ကြောင်းအား စိမ်းပီာလ်ရွာသို့ ဝင်လာနိုင်အောင် ထောင်ချောက်ဆင်ခြင်းဖြစ်သည်။ စိမ်းပိုင်ရွာအနောက်ဘက်ခြင်းတစ်လျှောက် တော်လျှောက်ပိတ်ဆို့ထားသည်။ ထို့နောက် ရဲဘော်ကြည်သိန်းပါဝင်သည့် တပ်ခွဲသည် မိုးလင်းရာဇာစစ်ကြောင်းကို တောင်ပိုင်းမှ ပိတ်ဆို့ထားရန် လိုင်ဘုန်း (Laibung) စခန်းသို့ နေရာချထားခြင်းဖြစ်သည်။ န.မ.ခ မှ ဗျူဟာမှူး ဗိုလ်မှူးကြီးတင်ဦးသည် သိုင်းငင်း (Taingen) ဆောက်လုပ်ရေးရိပ်သာတွင် စခန်းချပြီး န.မ.ခ အောက် တပ်ရင်း ၆ ရင်းမှ တပ်သားများ ချင်းပြည်အနောက်ဘက် နယ်စပ်တစ်လျှောက်တွင်လည်းကောင်း၊ သိုင်းငင်းတောင်ဘက် တစ်လျှောက်တွင်လည်းကောင်း နေရာချထားပြီးဖြစ်သည်။ ရခိုင်တပ်နှင့် လူမမှားနိုင်အောင် ချင်းပြည်သို့ ကားမတက်ရ၊ ကျေးရွာတောင်သူသားများ တောင်ယာမသွားရဟု အမိန့်ထုတ်ထားသည်။ ပြည်သူ့စစ်အဖွဲ့ဝင်များကို တောင်ယာသမား အသွင်ဖြင့် အချက်အချာကြသည့် တောင်ယာ၊ တောင်ကုန်းများတွင် နေရာချထားပြီး ရခိုင်တပ်များကို တွေ့ရှိပါက အချက်ပြရန် နေရာချထားခဲ့ကြသည်။ တွန်းဇံမြို့နယ်အရှေ့ဘက်ခြမ်း နှင့် စီယင်းနယ်မှ ပြည်သူအားလုံး ရခိုင်တပ်များအားတွေ့ရှိပါက သတင်းပေးရန် အမိန့်ထုတ်ထားခဲ့ကြသည်။

မိုးလင်းရာဇာစစ်ကြောင်းသည် စိမ်းပီာလ် ရွာသို့ ဝင်ရောက်ခဲ့ကြသည့်အချိန်တွင် တိုက်ပွဲဖြစ်ခဲ့ရသည်။ မိုးလင်းရာဇာစစ်ကြောင်းသည်လည်း ပစ်ခတ်မှုထောင်ခြောက်ဆင်မှုမှ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ ပစ်ဆုတ်ပစ်တက်လုပ်ခဲ့သည်။ စိမ်းပီာလ်ရွာမှ နေဝင်ရာဘက်သို့ ဆက်ချီကြပြီး ခွာန်းခန်း (Khuangkhan) ရွာဘက်ကို ဦးတည်ခဲ့ကြသည်။ သို့သော် ဗမာ့တပ်မတော်မှ အနောက်ဘက်ထွက်ပေါက် ပိတ်ခဲ့သည့်အချိန်တွင် တောင်ဘက် လိုင်ဘုန်း (Laibung) ရွာဘက်သို့ ဦးတည်လာခဲ့သည်။ တပ်ရင်း ၈၉ မှ တပ်သားများမှ ၎င်းတို့၏ အနောက်မှ ထပ်ချပ်မခွာ မြောက်ဘက်မှ တောင်ဘက်သို့ လိုက်လာသည်။ ရခိုင်တပ်နှင့်ချင်းတပ်တို့သည် စားစရာလည်း မရှိခဲ့ကြတော့ချေ။ တောထဲတွင်တွေ့သည့် တွေ့သမျှအပင်များကို ကိုက်စား .. မျိုလို့ရသည်ဆိုရင် မျိုချ .. အစားပျက် .. အိပ်ပျက် .. ရာသီဥတုအလွန်ဆိုးရွားသည့် မိုးထဲလေထဲတွင် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ကြသည်။ ဗမာ့တပ်မတော်ဘက်ကလည်း အခွင့်ရေးရလျင်ရသလို ပစ်ခဲ့ကြသည်။ ထိုသို့ ဒုက္ခရောက်ကြသည့် အဖြစ်ကို မိုးလင်းရာဇာစစ်ကြောင်းနှင့်အတူ ချီတက်ခဲ့သည့် ရခိုင်တပ်အရာရှိ ဗိုလ်မှူးခိုင်နီရောင်၏ ကိုယ်တွေ့မှတ်တမ်းထဲတွင် “နေ့တိုက်ပွဲ၊ ညတိုက်ပွဲ သေနပ်သံမစဲ။ အိပ်ပျက်၊ စားပျက်၊ ရိက္ခာပြတ်၊ ဆေးဝါးပြတ်။ ကံကြမ္မာက မိမိ၏လက်ထဲမှာဖြစ်သည်။ ချင်းရွာအနားသို့ ချဉ်းကပ်ကြည့်သည်။ လုံး၀၀င်၍မရ။ တိုက်ပွဲဖြင့်ဆုတ်ခွာရသည်။ တောင်ကြောတောက်လျှောက် ကြည့်လိုက်လျှင် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ် ကလေးမြို့နယ်များဟုထင်မှတ်ရသော မီးရောင်များကို ညအခါမြင်ရသည်။ သွား၍ကားမရ။ ရန်သူကဖြတ်လေးဖြတ် ထိုးစစ်ဆင်ထားသည်။ စားနပ်ရိက္ခာပြတ်သဖြင့် ထမင်းမစားရသည့်ရက်ကများလာသည်။ ချင်းတောင်တန်းတလျှောက် သစ်ဥသစ်ဖုများရှာဖွေ၍ အဟာရအဖြစ်စားရသည်။ သစ်ဥသစ်ဖုမတွေ့လျှင် ပင်နုရွက်နု၊ အင်ဖူး၊ နပျိုးဖူး၊ ပြောင်းစိအခြောက်များကို တောင်ယာဟောင်းမှ ကောက်စားရသည်။ တခါတရံ တောင်ယာဟောင်းများတွင် အသင့်စောင့်နေသော ရန်သူများနှင့်တိုက်ရသည်၊။ ပြေးရသည်က အညောင်း” ဟူ၍မှတ်တမ်းတင်ထားသည်။

မိုးလင်းရာဇာစစ်ကြောင်းသည် စိမ်းပီာလ်ရွာမှ ဗမာ့တပ်မတော်အား တိုက်ရင်း၊ ရှောင်ရင်း ဆက်လက်ထွက်ခွာကြရာ စိမ်းပီာလ်ရွာနှင့် လိုင်ဘုန်းရွာအကြားတွင် တစ်ညအိပ်ခဲ့ကြသည်။ နောက်မနက်တွင် တပ်မတော်ဘက်မှ မော်တာဖြင့်လှမ်းထုသည်။ စစ်ကြောင်းသည်လည်း တောင်ဘက်သို့ ဆက်လက်ထွက်ခွာကြပြီး မတ်လ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် လိုင်ဘုန်း (Laibung) ရွာသို့ရောက်ရှိ လာကြသည်။

လိုင်ဘုန်း (Laibung) တိုက်ပွဲ

လိုင်ဘုန်းရွာသို့ မိုးလင်းရာဇာစစ်ကြောင်း ဝင်ရောက်ခဲ့သည့် အဖြစ်အပျက်ကို ထိုအချိန်က လိုင်ဘုန်းရွာသား၊ ကျေးရွာအုပ်စုစာရေး ပါးဒိုမှ မျက်မြင်ကိုယ်တွေ့ ယခုလိုပြောပြခဲ့သည်။ “၁၉၇၇ မေလ ၁၈ ရက်နေ့ ညနေ ၅ နာရီလောက်အချိန်မှာ ခိုင်မိုးလင်းတပ်နှင့် ဝီလီယံတပ်တို့ ရွာကိုရောက်လာကြတယ်။ သူတို့ရောက်လာတော့ ရိက္ခာရှာတယ်။ ကျွန်တော်တို့ရွာကလည်း ရှိသမျှပေးတယ်။ ကျွန်တော်တို့မစားရက်တဲ့ ဟာတွေလည်း အကုန်ပေးတယ်။ သူတို့ရိက္ခာတွေသယ်ဆောင်ပေးဖို့ ကျွန်တော်တို့ရွာထဲက အယောက် ၃၀ ကိုပေါ်တာ အဖြစ်ပေးတယ်။ ရွာမှာ ဝီလီယံနှင့်ကျွန်တော် မျက်နှာချင်းဆိုင်စကားပြောတယ် “ဗိုလ်မှူး ကျွန်တော်ကနေမကောင်းတော့ ပေါ်တာလိုက်မသွားပါရစေနဲ့” လို့ကျွန်တော်ခွင့်တောင်းတယ် .. ဗိုလ်မှူးဝီလီယံကနေ တစ်မိုင်ဖြစ်ဖြစ် နှစ်မိုင်ဖြစ်ဖြစ် ထမ်းပေးဖို့ပြောတယ်။ အဲဒီလိုစကားပြောတဲ့အချိန်မှာ ရွာထိပ်မှာရှိတဲ့ ဗမာ့စစ်တပ်ကနေ စပစ်တယ်။ ဝီလီယံတို့ရောက်ပြီး တစ်နာရီအကြာလောက်မှာ ဗမာစစ်တပ်က စပစ်တာပါ။ ဝီလီယံတို့ကလည်း ပြန်ပစ်တယ်။ ဝီလီယံကိုယ်တိုင်က လောင်ချာလိုမျိုးသေနတ်နဲ့ ရှူး…ဆိုပြီးပြန်ပစ်တယ်။ နောက်တော့အားလုံးထွက်သွားကြတယ်။ အဲဒီမှာ လူစုကွဲသွားကြတယ်။ ဝီလီယံတို့အဖွဲ့နဲ့လိုက်သွားတဲ့ ပေါ်တာတွေက ဇုန်းရွာဘက်ကို သွားတယ်။ ခိုင်ဘကျော် နှင့် ခိုင်နီလင်းတို့အဖွဲ့ကို လိုက်တဲ့ ပေါ်တာတွေက ခေါဆတ် (Khawsak) ဘက်ကို သွားကြတယ်။ တိုက်ပွဲကမကြာဘူး.. အသေအပျောက်တော့မရှိဘူး။ နောက် တနာရီလောက်အကြာမှာ ဗမာ့တပ်မတော်က စစ်သားတွေ ရွာမှာ ရောက်လာတယ်။ အဲဒီညမှာ ဗမာ့တပ်မတော်ဘက်က တပ်သားတချို့ သူတို့နောက်ကို လိုက်သွားတယ်။ တပ်သားတချို့ ကျွန်တော်တို့ ရွာမှာအိပ်ကြတယ်။ နောက်တနေ့မနက်မှာ ဗမာ့တပ်သားတွေကလည်း ပေါ်တာဆွဲတော့ အဲဒီမှာ ကျွန်တော်လည်း မလိုက်မနေရ လိုက်ရတယ်။ ခိုင်မိုးလင်းတပ်နဲ့ ဝီလီယံတို့ တပ်တို့ရောက်ပြီး ညနေ ၇ နာရီလောက်မှာတော့ အားလုံးရွာကနေ ထွက်သွားကြတယ်” ဟုပြောခဲ့သည်။

လိုင်ဘုန်းရွာတိုက်ပွဲအကြောင်းကို ယင်းအချိန်က တပ်ရင်း ၈၉ မှ လိုင်ဘုန်းစခန်းတွင် တာဝန်ယူသည့် ရဲဘော်ကြည်သိန်းမှ ယခုလို ပြောခဲ့သည်။ “အဲဒီအချိန်မှာ ကျွန်တော်တို့တပ်ခွဲ ခိုင်မိုးလင်းတို့အဖွဲ့ လိုင်ဘုန်း ကိုလာမယ်ဆိုတာကို သိလို့ ကျွန်တော်တို့ကြို စောင့်နေကြတယ်။ ကျွန်တော်တို့ တပ်ခွဲကလည်း လိုင်ဘုန်းနီးနားဝန်းကျင်မှာ တပ်ဖြန့်ထားတာပေါ့။ ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ လိုင်ဘုန်းရွာထဲကို ခိုင်မိုးလင်းတို့အဖွဲ့ ဝင်လာတာတွေ့ရတယ်။ အဲဒီတုန်းက ကျွန်တော်တို့ စစ်သားတွေက အများကြီးတပ်ချထားတယ်။ ကနေဒီတောင်ကြော တစ်လျှောက် မှာလည်း ဗမာ့တပ်မတော် တပ်ရင်း ၅ ရင်းလောက် တပ်စွဲကြတယ်။ လိုင်ဘုန်းရွာထဲက တပ်တွေက ကိုယ့်တပ်ကလား.. ခိုင်မိုးလင်းတို့တပ်ကလား ဆိုတာ မသဲကွဲခဲ့ဘူး။ ဒါပေမယ့် ပြောက်ကျားယူနီဖောင်းတွေဆိုတော့ ခိုင်မိုးလင်းတို့ဘဲဖြစ်မယ် ဆိုပြီးတော့ G-4 နဲ့လှမ်းပစ်လိုက်တယ်။ အဲဒီမှာသူတို့လည်း ထွက်ပြေးကြပြီးတော့ လူစုကွဲသွားကြတယ်” ဟုပြောကြားခဲ့သည်။ တပ်ကြပ်ကြည်သိန်းမှ ဆက်လက်ပြောကြားရာတွင် “အဲဒီညမှာတပ်က ကရင်တစ်ယောက်ကို မိတယ်။ နောက်ပြီး ရခိုင်တပ်အရာရှိ နှစ်ယောက်ကိုထပ်မိတယ်။ သူတို့ကို စစ်ဆေးတော့ သူတို့အဖွဲ့တွေ ပုန်းတဲ့နေရာကို ပြတယ်။ လိုင်ဘုန်းအောက်ဘက် ၉ မိုင်ချောင်းအစ ရေထွက်တဲ့ ကျောက်ဂူထဲမှာ ၉ ယောက်ပုန်းနေတယ်။ သူတို့ လက်နက်ချအလင်းဝင်လာတယ်။ ရခိုင်အရာရှိဆီမှာ ပစ်စတိုနှစ်လက်ပါတယ်၊ ငွေတစ်သိန်းခွဲပါတယ်။ ကျွန်တော်သိမ်းလိုက်တယ်။ အဲဒီမှာ ဗျူဟာမှူးကဝင်စစ်တော့ သူတို့ သေနတ်နဲ့ပိုက်ဆံတွေသိမ်းဆည်းခံတဲ့ အကြောင်းပြောပြတော့ ဗျူဟာမှူး ဗိုလ်မှူးကြီးဦးတင်ဦး က ကျွန်တော့ဆီက ငွေကို ပြန်သိမ်းတယ်။ လက်နက်ချ အလင်းဝင်လာတဲ့ ၁၁ ယောက်ကတော့ ကလေးမြို့ကို ပို့လိုက်တယ်” လို့ပြောပြခဲ့သည်။

အားခ်လွယ် (Akluai) တိုက်ပွဲ

လိုင်ဘုန်းရွာမှ အုပ်စုစာရေး ပါးဒိုသည်လည်း ခိုင်မိုးလင်းအဖွဲ့ရောက်ပြီး နောက်တစ်နေ့တွင် ဗမာ့တပ်မတော်၏ ပေါ်တာထမ်းပြီး လိုင်ဘုန်းရွာအနောက်ဘက် တီးတိန်ကားလမ်းဘက် ပေါ်တာထမ်းပြီး သွားခဲ့သည်။ ထိုအကြောင်းကို ပါးဒိုမှ ဆက်လက်ပြောကြားရာတွင် “ကျွန်တော်တို့နောက်နေ့မနက် ဗမာ့တပ်မတော်ရဲ့ ပေါ်တာထမ်းပြီးတော့ တီးတိန်ကားလမ်းဘက်တက်တယ်။ အားခ်လွယ် (Akluai) မရောက်ခင်မှာ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ ခိုင်မိုးလင်းတပ်ကလား ဝီလီယံတပ်ကလားတော့ မသိဘူး တစ်ယောက်ကျဆုံးတယ်။ သူကချက်ချင်းသေတာတော့မဟုတ်ဘူး .. သူဒဏ်ရာရပြီးတော့ သူ့ရဲဘော်ရဲဘက်တွေက လက်မောင်းကနေတွဲခေါ် ပုံရတယ်။ နောက်တော့ သူ့ကို စမ်းချောင်းလေးတခုရဲ့ဘေးမှာ ထားခဲ့ကြတယ်။ သူအဲဒီနေရာမှာဘဲ ဆုံးသွားတယ်။ အဲဒီတိုက်ပွဲအပြီးမှာ ၇ ယောက်အလင်းဝင်ကြတယ်။ အဲဒီလူတွေကို တော့သိုင်းငင်းဘက်ကို ပို့ခဲ့ကြတယ်။ ကျွန်တော်တို့ ရွာမှာလည်း ဗမာ့တပ်မတော်တွေရှိတယ်။ နောက်နှစ်ရက်လောက်ကြာတဲ့အခါ ကျွန်တော်တို့ ရွာကနေ ခေါဆတ် (Khawsak) ဘက်ကို လိုက်သွားတဲ့ ပေါ်တာနှင့်ရခိုင်တပ်တွေထဲက ၁၀ ယောက် အလင်းဝင်ကြတယ်။ သူတို့ တီးတိန်ကားလမ်းကို မဖြတ်နိုင်ခဲ့ဘူး။ အဲဒီမှာ ဗမာ့စစ်သားတွေ အပြည့်ရှိတယ်ဆိုလို သူတို့ပေါ်တာတွေနဲ့အတူ ရွာပြန်လာပြီး အလင်းဝင်ကြတယ်။ အဲဒီအလင်းဝင်တဲ့ ၁၀ ယောက်ကိုတော့ ရွာကနေ အာခ်လွယ်ဘက်ကို ပြန်ခေါ်သွားပြီး လိုင်ဘုန်း နဲ့ အာခ်လွယ်ကြားမှာ အားလုံးအဆုံးစီရင်ခြင်းခံရတယ်။ ကျွန်တော်တို့ကတော့ ရွာကနေဆိုတော့ သေနတ်သံဘဲ ကြားရတယ်။ နောက်မှ အလောင်းတွေသွားကြည့်ကြတယ်။ မှတ်မှတ်ရရဆိုလို့ သေနတ်သံတွေကြားရင်း တစ်ယောက်က “Kanu Ka Hmangaih Ce – အမေ့ကိုချစ်တယ်” လို့အော်ပြီးတော့ အဲဒီအော်သံကို သေနတ်အသံက တိတ်စေခဲ့တယ်။ ဝီလီယံတို့အဖွဲ့ခေါ်သွားတဲ့ ပေါ်တာတွေလည်း ဇုန်းရွာကနေ ရွာကိုပြန်လာကြတယ်။ သူတို့လမ်းမှာ တစ်ညအိပ်တယ်လို့ သူတို့ပြောတယ်။ ကျွန်တော်တို့ ရွာမှာ ခိုင်မိုးလင်းတပ်ထဲက ဆက်သွယ်ရေးမှူးလို့ထင်ရတဲ့ တစ်ယောက်ရဲ့ ဆက်သွယ်ရေးကိရိယာရယ်၊ သူ့ကျောပိုးအိတ်ရယ် သိမ်းထားတယ်။ အဲဒီထဲမှာ ရခိုင်တပ်ဖွဲ့ရဲ့မှတ်တမ်းတွေ၊ ဓာတ်ပုံတွေ၊ သူတို့ရဲ့ခရီးအကြောင်း၊ သူတို့ဥက္ကဌကြီးခိုင်မိုးလင်း နှင့် ဝီလီယံတို့အတွက် အသုံးပြုတဲ့ ကုတ်နာမည်တွေ ရေးထားတယ်။ သူတို့တော်လှန်ရေးနယ်မြေမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေလည်း အများကြီးပါတယ်။ အစတုန်းကတော့ ကျွန်တော်အဲဒါတွေကို သိမ်းထားတယ်။ ဒါပေမယ့် စစ်တပ်ဘက်က ခဏခဏလာရှာတော့ ကျွန်တော်လည်း ကြောက်ပြီးတော့ စစ်တပ်ကို ပြန်အပ်လိုက်တယ်” ဟုပြောကြားခဲ့သည်။

ယင်းအချိန်က စီးယင်းနယ် ထုတ်လိုင်ရွာတွင်နေထိုင်သည့် ပါးအဲန် ကလည်း ယခုလိုပြောကြားခဲ့သည်။ “ခိုင်မိုးလင်းနှင့် ဝီလီယံတို့အဖွဲ့ စီးယင်းနယ်ထဲကို အားခ်လွယ်ဘက်ကနေ ဝင်လာတယ်လို့သိရတယ်။ ထုတ်လိုင်ရွာမှာလည်း ဗမာ့စစ်တပ်တွေ ရောက်တယ်။ ဗမာ့စစ်တပ်က လိုင်ဘုန်းရွာက ရခိုင်တပ်တွေ ချထားတဲ့လက်နက်တွေကို သွားယူခိုင်းတယ်။ ကျွန်တော်လည်း ထုတ်လိုင်ကနေ လိုင်ဘုန်းကို ထွက်သွားတော့ အားခ်လွယ်ရွာအဆင်းမှာ အလောင်းတွေတွေ့ရတော့ အရမ်းစိတ်မကောင်းဖြစ်ခဲ့မိတယ်။ အလောင်း ၁၀ လောင်းလောက်တော့ ရှိမယ်ထင်တယ်။ လိုင်ဘုန်းရွာက လက်နက်တွေ ကျွန်တော်သွားယူပြီးတော့ ဗမာစစ်တပ်တွေကို အပ်လိုက်တယ်” ဟုပြောခဲ့သည်။ လိုင်ဘုန်းရွာမှ အုပ်စုစာရေး ပါးဒိုကလည်း ရခိုင်တပ်ဖွဲ့တွေ ချခဲ့တဲ့ လက်နက်တွေကို သူရဟန်ဇာကမ် ကယူတာလည်းရှိတယ် ဟုပြောခဲ့သည်။

လိုင်ဘုန်းရွာဦး အထက်တွင် ဖြစ်ခဲ့သည့် တိုက်ပွဲအကြောင်းကို ဗိုလ်မှူးခိုင်နီရောင်၏ ကိုယ်တွေ့မှတ်တမ်းထဲတွင် .. လိုင်ဘန်းရွာတိုက်ပွဲမှ လူစုကွဲကြရာ စာရေးသူ (ဗိုလ်မှူးခိုင်နီရောင်) နှင့်အတူ ဥက္ကဌကြီးခိုင်မိုးလင်း၊ အတွင်းရေးမှူး ခိုင်ဘကျော်၊ ဗိုလ်သိန်းနိုင်၊ ဒုဗိုလ်သီဟ၊ ဒုဗိုလ်ကျော်ထူး၊ အရာခံဗိုလ်မိုးဟိန်း၊ တပ်ကြပ်ကြီးမြမောင်၊ မိုးတိမ်ပျံခိုင်သန်းကျော်၊ ဆေးမှူးခိုင်မင်းလတ်၊ စုစုပေါင်း (၁၁) ဦးမျှ စုမိသည်။ ဧရာမမတ်စောက်သော တောင်ထိပ်တခုကိုတက်သည်။ တောင်ထိပ်ကိုရောက်သည်နှင့် ဘယ်ညာလေ့လာကြည့်သည်။ မီးရောင်တခုကို ဖြတ်ခနဲ တွေ့ရသည်။ သစ်ကိုင်းသစ်ငုတ်များကိုဖယ်၍ ချောင်းမြောင်းကြည့်ရာ ချင်းတောင်တောင်ယာတခု၌ လက်နက်များကိုဝှက်ပြီး အရပ်သားအဝတ်ဝတ်ဖြင့် ပြောင်းဖူးချက်စားနေသော ခိုင်အာဏာနီ၊ ဇာနီခိုင်၊ ရောင်းရင်းစိုးနိုင်၊ ခိုင်မျိုးရိုင်း၊ ခိုင်မင်း တို့အား မသေမပျောက် တွေ့ရသဖြင့် ဝမ်းသာလို့မဆုံးဖြစ်ခဲ့ရသည်။ အင်အားစုစုပေါင်း (၁၆) ယောက်ဖြစ်လာ၍ အားတက်မိသည်။ ခရီးပန်းလာသဖြင့် ကုန်းမြင့်တခုကခြုံတခုတွင် ခိုဝင်ယင်းအိပ်စက်ရသည်။ အဲဒီမှာ ဗမာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်တော့ ရောင်းရင်းစိုးနိုင်တယောက် ညာဖက်မျက်လုံးနှင့် ဘယ်ဖက်ပေါင်ကို ကျည်မှန်သည်။ “ကေ – စိုးနိုင် မင်းဒါဏ်ရာကလည်းများပြီ။ မင်းစိတ်ကိုတင်းထား။ လက်ပစ်ဗုံးနှစ်လုံးယူထားလိုက်။ ရန်သူမကြာခင် မင်းဆီကိုရောက်လာပါလိမ့်မယ်။ စိုးနိုင်မျက်စိတစ်ဖက်မှ သွေးများဆင်းလာပြီး ကျန်တဖက်ကမျက်ရည်ကျလျှက် “ခိုင်နီရောင် ငါ့ကိုပစ်ထားကြတော့မှာလား” ဟူသောစကားကိုကြားပါလျှက် သူ့ကို ထားခဲ့ကြရသည်။ ကြေကွဲမှု၊ စိတ်မကောင်းမှု၊ ဝမ်းနည်းမှုများစွာဖြင့် ရှေ့မှလူများ ဆုတ်ခွာလားသည့် မြောင်းအတိုင်း ပြေးဆင်းရသည်။ လျှိုမြောင်အကောက် (၁၀-၉) ခု မြောက်သောအခါ ရန်သူကို စိုးနိုင်လက်ပစ်ဗုံးဖြင့်ခွင်းသံ ကြားလိုက်ရသည်။ နောက်ဆုံး အသက်ငယ်ရွယ်စဉ်မှာပင် တိုင်းပြည်နှင့်လူမျိုးအတွက် သမိုင်းပေးတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သည်” ဟုရေးထားသည်ကို တွေ့ရှိရသည်။

စီးယင်းချိုင့်ဝှမ်းနှင့် သေမင်းတမာန်

ဗိုလ်ခိုင်မိုးလင်းနှင့်ဗိုလ်ဝီလီယံတို့၏ မိုးလင်းရာဇာစစ်ကြောင်းသည် လိုင်ဘုန်း (Laibung) ရွာမှစတင်၍ အဖွဲ့ကွဲခဲ့ကြသည်။ တချို့တပ်သားများသည် လိုင်ဘုန်းရွာအောက်ဘက် ကလေးဘက်ကို ဆင်းကြပြီး တချို့ အလင်းဝင်ကြသည်။ ဗိုလ်မှူးခိုင်မျိုးမင်း နှင့် ရခိုင်ရဲဘော်တယောက်သည် ကလေးမြို့ဘက်ကို ဦးတည်ရင်း ၉ မိုင်စခန်းတွင် ၁၉၇၇ ဇွန်လ ၁ ရက်နေ့၌ လက်နက်ချ အလင်းဝင်ခဲ့ကြသည်။ တွီးဇန် (Tuizang) ရွာတွင်လည်း ၉ ယောက်အလင်းဝင်ခဲ့ကြသည်ဟု တွီးဇန်ရွာသားများမှ ပြောခဲ့သည်။ ဗိုလ်ခိုင်မိုးလင်းနှင့်ဗိုလ်မှူးဝီလီယံတို့ တပ်ဖွဲ့သည် လိုင်ဘုန်းရွာအနောက်ဘက် ကနေဒီတောင်ကြော ဘက်သို့ ထွက်ခွာသွားခဲ့ကြသည်။ ကနေဒီတောင်ကြောတစ်လျှောက်တွင် ဗမာ့တပ်မတော်မှ နေရာယူကြသည်။ ညမှောင်ချိန်ဖြစ်ပြီး ဗမာ့တပ်မတော်နေရာယူခဲ့သည့် တပ်စိပ်တစ်ခုနှင့်တစ်ခုကြား လွတ်သည့်နေရာများမှ အခွင့်အရေးကြုံတိုင်း ရခိုင်တပ်နှင့်ချင်းတပ်များ ဖြတ်ကြသည်။ ထိုသို့ဖြတ်ကူးကြသည့် အချိန်တွင် မိုးလင်းရာဇာစစ်ကြောင်း လမ်းထပ်ကွဲခဲ့ကြပြန်သည်။ ရာသီဥတုဆိုးရွား အေးချမ်းသည့်အချိန်ဖြစ်၍ ဗမာ့စစ်တပ်မှ စစ်သားများ မီးလှုံသည့်အချိန် စသည်တို့တွင် သာဖြတ်ကူးနိုင်ခဲ့ကြသည်။ ဗိုလ်ခိုင်မိုးလင်းတို့အဖွဲ့သည့် ကနေဒီတောင်ကြောကို ဖြတ်ပြီး ထန်းနွဲ (Thangnuai) ရွာဘက်ရှိ တောင်ယာတဲတွင် ခိုလှုံခဲ့ကြသည်။ ဗိုလ်မှူးဝီလီယံနှင့်အဖွဲ့သည် ကနေဒီတောင်ကြောကို ခက်ခက်ခဲခဲဖြတ်ကျော်နိုင်ကြပြီး ဖွန်နောမ် (Phunnom) ရွာနှင့် ဇုန်း (Zung) ရွာကြားရှိ ချောင်းအတိုင်း ဆင်းလာကြကာ ထိုမှ တစ်ဆင့် ဇုန်းရွာသို့ ထွက်ခွာခဲ့ကြသည်။ ဇုန်း (Zung) ရွာတွင် ပေါ်တာအသစ်ထပ်ဆွဲပြီး လိုင်ဘုန်းရွာမှ ဆွဲထားသော ပေါ်တာများသည် လိုင်ဘုန်းရွာသို့ ပြန်သွားခဲ့ကြသည်။ ဗိုလ်မှူးဝီလီယံတို့အဖွဲ့သည် ချင်းပြည်နယ်အနောက်ဘက်ကို ဦးတည်ပြီး အနွိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ဦးတည်ပြီး ထွက်ခွာခဲ့ကြကာ ဗန်းတဲ (Vangteh) ရွာကိုကျော်ပြီး ဆိုင်းဇာန် (Saizang) ရွာဘက်သို့ ရောက်ရှိခဲ့ကြသည်။

ဥက္ကဌကြီးခိုင်မိုးလင်းနှင့် အတွင်းရေးမှူး ခိုင်ဘကျော်တို့သည် စီးယင်းနယ်ထဲသို့ ဝင်သွားခဲ့ကြသည်။ ထို့နောက် စီးယင်းချိုင့်ဝှမ်း ခေါဆတ် (Khawsak) ရွာ နှင့် ထုတ်လိုင် (Thuklai) ရွာတို့ကြား ချောင်းတခုတွင် ရခိုင်တပ်ဖွဲ့တစ်ဖွဲ့ ပိတ်မိနေကြသည်။ ထိုအဖြစ်အပျက်ကို ယင်းအချိန်က ထုတ်လိုင်ရွာတွင်နေထိုင်သည့် ပါးအဲန်မှ ယခုလိုပြောပြခဲ့သည်။ “ကျွန်တော်တို့ရွာ မျက်မြင်သက်သေတယောက် ပြန်ပြောပြတဲ့ဟာ တခုပေါ့။ ထုတ်လိုင်နှင့်ခေါဆတ်ရွာကြားက ချိုင်းဝှမ်းကြီး၊ အဲဒီမှာချောင်းရှိတယ်။ အဲဒီမှာ ရောက်နေတဲ့ ရခိုင်တပ်ဖွဲ့တွေကို လက်နက်ချရန် သွားပြောဖို့ ရွာသားတယောက်ကို ဗမာ့တပ်က လွှတ်လိုက်တယ်။ ဘယ်နှစ်ယောက်လက်နက်ချလဲတော့ မသိဘူး။ လက်နက်ချတဲ့သူတွေထဲက တချို့ကို ထုတ်လှိုင်အထက်တန်း ကျောင်းကို ခေါ်လာတယ်။ ခိုင်ဘကျော်နှင့် ခေါင်းဆောင်ပိုင်းလို့ထင်ရတဲ့ လေးယောက်ကတော့ အဲဒီချောင်းဘေးနား တနေရာမှာ ဗမာ့တပ်က ကျင်းတူးခိုင်းတယ်။ နောက်ပြီးတော့ အရာရှိတယောက်က “ခိုင်ဘကျော် မင်းရခိုင်ပြည်ပြန်တော့” ဆိုပြီး ပစ်လိုက်တယ်။ အခြားသုံးယောက်ကိုလည်း အဆုံးစီရင်ပြီး သူတို့တူးတဲ့ ကျင်းထဲမှာဘဲ မြှုပ်ခဲ့ကြတယ်” ဟုပြောပြခဲ့သည်။

ချင်းအာဇာနည် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း ကျဆုံးခြင်း

လိုင်ဘုန်းမှ မိုးလင်းရာဇာစစ်ကြောင်း လူစုကွဲပြီးတဲ့နေက်ပိုင်း ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်းနှင့် အဖွဲ့သည် လိုင်ဘုန်းမှ ဇုန်းရွာသို့ ရောက်ရှိပြီးနောက် ဇုန်းရွာမှ တောင်ကြောတစ်လျှောက် ဗန်းတဲရွာဘက်သို့ ထွက်ခွာခဲ့ကြသည်။ ဗန်းတဲနှင့် ဆိုင်းဇန် (Saizang) အကြားသည် ချိုင့်ဝှမ်းဖြစ်ပြီး ချောင်းတစ်ခုရှိသည်။ ဗိုလ်မှူးဝီလီယံတို့တပ်ဖွဲ့ ချောင်းကိုဖြတ်ပြီး ဆိုင်းဇန်ဘက်ကို တက်သွားခဲ့ကြသည်။ ထိုသို့ ဆိုင်းဇန်မှ မဏိပူရမြစ်ဘက်သို့ သွားသည့်လမ်းဖြတ်နေကြသည့် အချိန်တွင် ဗမာ့တပ်မတော်ဘက်မှ ပစ်ခတ်ခဲ့ကြသည်။ ဗိုလ်မှူးဝီလီယံတို့တပ်ဖွဲ့ ဗန်းတဲ ရွာဘက်သို့ နောက်ပြန်ဆုတ်ခဲ့ရပြီး မီးဇာကုန်၊ဆီခမ်းအခြေအနေသို့ ရောက်ရှိခဲ့ကြသဖြင့် ဗန်းတဲမှ ပြည်သူ့စစ်ထံသို့ လက်နက်ချရန် အကြောင်းကြားခဲ့ပြီး ဗန်းတဲရွာသို့ အလင်းဝင်ခဲ့ကြသည်။ ထိုသတင်းကို ပြန်နှံ့သွားသည့်အချိန်တွင် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း နှင့်အဖွဲ့အား စိတ်ဝင်စားပြီး သွားရောက်ကြည့်ရှုခဲ့သည့် ပါးခွာလ်မှ ယခုလိုပြောကြားခဲ့သည်။ “ဗိုလ်မှူးဆာလျန်ဇမ်းတို့ လက်နက်ချတယ်ကြားလို့ ကျွန်တော်တို့ရွာကနေ ၉ မိုင်လောက်ဝေးတဲ့ ဗန်းတဲကို သွားကြတယ်။ ကျွန်တော်တို့လည်း သူတို့ကိုင်တဲ့ လက်နက်တွေကို စိတ်ဝင်စားလို့။ အဲဒါတွေ သွားကြည့်ချင်လို့ သွားကြတာဖြစ်တယ်။ ဗိုလ်မှူးဝီလီယံတို့အဖွဲ့က ရွာထိပ်ပိုင်းက အိမ်တစ်အိမ်မှာ ရှိကြတယ်။ အဲဒီမှာ ချင်းတပ်သားတွေချဉ်း ၁၀ ယောက်ကျော်လောက်တော့ရှိတယ်။ ရခိုင်တပ်တွေလည်း ရွာအောက်မှာ ရှိတယ်လို့ သိရတယ်။ ဗိုလ်မှူးဝီလီယံက အရပ်ကလည်းမြင့်တယ်။ ရုပ်ရည်လည်းခန့်တယ်ဆိုတော့ သူမှန်းသိသာတယ်။ အဲဒီမှာ ကျွန်တော်စကားသွားပြောတယ်။ ဗိုလ်မှူးဝီလီယံလားလို့ ကျွန်တော်မေးတယ်..သူလည်း … ဟုတ်တယ် လို့ပြန်ဖြေတယ်။ သူပြောတာက ကျွန်တော်တို့ လွတ်ခါနီးလေး .. မဏိပူရမြစ်ကို ကျော်ပြီဆိုရင် .. ကျွန်တော်တို့လွတ်ပြီ .. ဒါပေမယ့် အဲဒီနေရာမကျော်နိုင်တာ ဆိုးတယ်လို့ပြောတယ် .. နောက်ပြီးတော့ ဗိုလ်မှူးဝီလီယံက အိတ်ဆောင်နာရီတစ်လုံး လက်ဆောင်ပေးတယ်။ ကျွန်တော့အစ်ကိုကိုတော့ သူ့ဂျာကင်အင်္ကျီကို လက်ဆောင်ပေးတယ်။ နောက်ပြီး စကားတစ်ခု ကျွန်တော့ကို မှာလိုက်တယ်။ ရွာအောက်က ကျောက်ပြားနဲ့ ကပ်ထားတဲ့ တောင်ယာတဲတစ်တဲမှာ ကျွန်တော်လွယ်အိတ်တခု ကျွန်တော်ထားတာတယ်။ အဲဒီထဲမှာ အဖိုးတန်ပစ္စည်းတွေပါတယ်။ ကျွန်တော့မိသားစု ဓာတ်ပုံတွေပါတယ်။ မှတ်တမ်းတွေပါတယ်။ အဲဒါတွေကို ကျွန်တော့မိသားစုကို စုံးစမ်းပြီး ပေးပေးလိုက်ပါ လို့သူပြောတယ်။ နောက်တစ်နေ့ ကျွန်တော်တို့ သွားရှာတော့ သူတို့တက်လာတဲ့ လမ်းတစ်လျှောက်ကို လူတွေအများကြီး လိုက်ရှာထားတာ .. သူပြောတဲ့ နေရာတော့ ကျွန်တော်တို့ရောက်တယ်။ ဒါပေမယ့် အဲဒီမှာ ဘာမှမရှိတော့ဘူး .. တစ်ယောက်က ယူသွားပြီလို့ ယူဆမိတယ်” ဟုပြန်ပြောခဲ့သည်။ ပါးခွာလ်မှ ဆက်လက်ပြောကြားရာတွင် “ကျွန်တော်တို့ရွာကို ပြန်သွားပြီးတော့ ဗန်းတဲရွာက တစ်ယောက်ကနေ နောက်မှ ပြန်ပြေပြတာပေါ့။ ဗိုလ်မှူးဝီလီယံတို့အဖွဲ့ကိုခေါ်ဖို့ ဗန်းတဲပြည်သူ့စစ်က ဗမာ့တပ်မတော်ကို လှမ်းခေါ်တယ်။ ဒါပေမယ့် တပ်က ငါလ်ဇန်တပ်စခန်း (ဆိုင်းဇန်မှ ၃ ဖာလုံ၊ အရင်က လေယာဉ်ကွင်းဟောင်း) ကိုလာပို့ပါလို့ပြောတယ်။ ဗန်းတဲပြည်သူ့စစ်ကလည်း လက်နက်စာရင်းတွေလုပ်ပြီးတော့ ငါလ်ဇန်း တပ်စခန်းကို သွားပို့ကြတယ်။ ဗမာ့တပ်ကလည်း လာကြိုကြတယ်။ ဗန်းတဲရွာကနေဆင်းပြီး ချောင်းကျော်လာတဲ့ အချိန်မှာ ဗမာ့တပ်နဲ့တွေ့တယ်။ အဲဒိလိုနဲ့တွေ့ကြပြီးတဲ့ နောက်မှာ တပ်က ပြည်သူ့စစ်တွေကို အားလုံးပြန်ခိုင်းတယ်။ ဗိုလ်မှူးဝီလီယံတို့အဖွဲ့ကို ကြိုးတုတ်လိုက်တယ်။ ဗိုလ်မှူးဝီလီယံက ငါတို့က အလင်းဝင်လာတာ .. ဘာလို့ကြိုးနဲ့ချဉ်တာလဲ ဆိုပြီးတော့ မေးလိုက်တယ်.. ပြည်သူ့စစ်တွေအပြန်လမ်းမှာ သေနတ်သံတွေကြားလိုက်ကြတယ်.. အဲဒီလို ဗိုလ်မှူးဝီလီယံနှင့်အဖွဲ့ကို အဆုံးစီရင်ခဲ့ကြတယ်။ သူတို့အဖွဲ့ထဲက တစ်ယောက်မသေဘဲနဲ့ ဒဏ်ရာတွေနဲ့ ဗန်းတဲရွာအောက်ဘက်ကို ပြန်လာတဲ့သူရှိတယ်။ မတူပီဘက်က တစ်ယောက်လို့ ပြောကြတယ်။ သူ့ကို ပြန်အပ်ဖို့၊ မအပ်ဖို့ အရေး ဗန်းတဲ့ရွာသားတွေ ငြင်းခုံကြတယ်။ ဒါပေမယ့်နောက်ဆုံး တပ်ကသိပြီးတော့ သူတို့ပြန်ခေါ်သွားပြီးတော့ ချောင်းနားမှာဘဲ အဆုံးစီရင်ခြင်းခံရတယ်” ဟုပြန်ပြောခဲ့သည်။

ထိုအချိန်တုန်းက ဗန်းတဲ (Vangteh) ရွာ ငါးဦးကော်မတီအဖွဲ့ဝင် ပါးထန်း ကလည်း ယင်းအချိန်က အဖြစ်အပျက်ကို ၎င်းမှတ်မိသလောက် ပြန်လည်ပြောခဲ့သည်။ “၁၉၇၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့ဖြစ်တယ်။ ဗန်းတဲရွာနှင့် မနီးမဝေးနေရာမှာ ခိုင်မိုးလင်းတပ်ဖွဲ့ဝင်တွေ အရင်ညကတည်းက တပ်စွဲထားတယ်လို့ ထင်ရတယ်။ ဗန်းတဲရွာကနေ မနက်တောင်ယာခုတ်ဖို့ သွားတဲ့အချိန် တောင်ယာသမားများက အဲဒီလူတွေကို မြင်တွေ့တော့ ရွာလူကြီးတွေကို အကြောင်းကြားခဲ့တယ်။ သူတို့အားလုံး ၂၇ ယောက် ညနေ ၆ နာရီမှာ ဗန်းတဲရွာလူကြီးတွေဆီကို အလင်းဝင်လာပြီး ရွာလူကြီးတွေက တဆင့် ငါလ်ဇန်တပ်စခန်း (ဆိုင်းဇန်မှ ၃ ဖာလုံ၊ အရင်က လေယာဉ်ကွင်းဟောင်း) ကို ညနေ ၈/၉ နာရီအချိန်လောက်မှာ သွားရောက်အပ်နှံကြတယ်။ နောက်တော့ကြားရတာက အလင်းဝင်လာသူ အားလုံး မ.ဆ.လ စစ်တပ်ကနေ အဲ့ဒီညမှာဘဲ အဆုံးစီရင်ခဲ့ကြတယ်” ဟုပြောပြခဲ့သည်။

ဗိုလ်မှူးဝီလီယံ၏ နောက်ဆုံးနေ့ရက်အကြောင်းကို တပ်ကြပ်ကြည်သိန်းမှ ယခုလိုပြောကြားခဲ့သည်။ “ဝီလီယံနှင့်အဖွဲ့ လိုင်ဘုန်းရွာကနေ အထွက်ကားလမ်းဖြတ်တဲ့အချိန်မှာ တပ်ကစောင့်ပြီးသား .. အဲဒီကနေ သူတို့ ပြေးကြတယ်။ သူတို့ Saizang ဘက်ကို ပြေးကြတာပေါ့။ အဲဒီမှာ ခ.လ.ရ (၄၂) ထဲက တပ်စုတစု သူတို့အနောက်ကနေ တောက်လျှောက်လိုက်တယ်။ နောက်ပြီးတော့ ခ.လ.ရ (၉၅) ထဲကတပ်စုတစု ကလည်း (၄၂) နှင့်ပေါင်းပြီးတော့ နောက်ကနေ လိုက်တယ်။ ခ.လ.ရ (၈၉) တပ်ခွဲ ၄ ကလည်းရှေ့ကနေ ပိတ်တယ်။ ခ.လ.ရ (၈၉) နားမှာလည်း (၈၇) နှင့် (၈၈) ရှိတယ်။ အဲဒီလို စစ်တပ်က ပိတ်တာ။ သူတို့ဘယ်မှ ထွက်လို့မရဘူး။ အဲဒီလိုနဲ့ ဝီလီယံအဖွဲ့နဲ့ ခ.လ.ရ (၈၉) တပ်ခွဲ ၄ တို့ Saizang နားမှာ ထိပ်တိုက် သွားတွေ့တယ်။ အဲဒီမှာ တိုက်ကြတယ်။ အဲဒီမှာ ဝီလီယံလည်း တိုက်ပွဲမှာ ကျဆုံးတယ်။ သူတို့ထဲက တိုက်ရင်းနဲ့ လက်နက်ချတဲ့သူတွေလည်း ရှိတယ်ကြားတယ်။ ဒါပေမယ့် လက်နက်ချတဲ့သူတွေကိုလည်း အားလုံးရှင်းပစ်လိုက်တယ်။ တိုက်ပွဲကျလို့ဘဲ ပြောရမှာပေါ့။ ဝီလီယံတို့အဖွဲ့ထဲက တစ်ယောက်မှ လွတ်ထွက်မလာဘူး။ အဲဒီ ဝီလီယံတို့နဲ့တိုက်တဲ့တိုက်ပွဲမှာ တပ်ရင်း (၈၉) ထဲက ဆေးတပ်သား ဒုတပ်ကြပ်အောင်ဝင်း ဆိုတဲ့သူ ကျဆုံးခဲ့တယ်။ ဒီမြရတနာ စစ်ဆင်ရေး တခုလုံးမှာ သူတယောက်ဘဲ ကျတယ်။ သူတို့နဲ့တိုက်ဖြစ်တဲ့ တပ်ရင်း ၈၉ ကလည်း သူတို့ နာရီ၊ ရွှေ နှင့် ငွေတွေကို သူတို့ဘဲ ယူသွားပြီး ပြန်မအပ်ဘူး။ အဲဒီမှာ စစ်သားတစ်ယေက်ကို ငွေတွေအများကြီး ယူသွားကြတယ်။ နောက်တော့ သူတို့မိန်းမတွေကလည်း နေမတတ်မထိုင်တတ် အဲဒီကရတဲ့ငွေတွေနဲ့ ရွှေတွေအများကြီးဝယ်လိုက်ကြတယ်။ အဲဒီတုန်းက ရွှေက တစ်ကျပ်သားမှာမှ ၃၀၀ ကျပ်လောက်ဘဲရှိတယ်။ ရွှေတွေနင်းခွဝယ်ကြတော့ သတင်းကပေါက်သွားတာ.. န.မ.ခ ရုံးချုပ်က စီအိုင်ဒီလာပြီးတော့ ၈၉ ထဲက တပ်သားမိသားစုတွေ ဝယ်ထားတဲ့ ရွှေတွေအကုန်ပြန်သိမ်းတယ်။ သူတို့အရင်းတုန်းက ရှိတဲ့ဟာတွေလည်ပါသွားတယ်” ဟူ၍ပြောကြားခဲ့သည်။

ဗိုလ်မှူးဝီလီယံ ဆာလျန်ဇမ်သည် တော်လှန်ရေးလုပ်ရန် ဆုံးဖြတ်သည့်အချိန်မှ စပြီး သူ.. သူ ချစ်သည့် ချင်းပြည်အတွက် အသက်ပေးအပ်ရန် အဆင်သင့်ဖြစ်ခဲ့ပြီး အသက်သေလျှင်ပင် နိုင်ငံရပ်ခြားတွင် မသေဘဲ ချင်းပြည်တွင် ချင်းပြည်အတွက် အသက်ပေးလိုသည့် ဗိုလ်မှူးဝီလီယံသည် ချင်းပြည်တွင် မ.ဆ.လ တစ်ပါတီအာဏာရှင်စနစ်ကို တော်လှန်ရင်း တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့သည်။ သူသည် ချင်းပြည်အတွင်း ပြည်သူများကို စည်းရုံးပြီး တော်လှန်ရေးလုပ်ရန် စီစဉ်ခဲ့သော်လည်း ချင်းပြည်အနီး ရောက်ရှိလာသည့်အချိန်တွင် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ရခြင်းကြောင့် စည်းရုံးရေးဆင်းမည့် အချိန်ပင် မရရှိခဲ့ချေ။ သူချင်းပြည်အတွက် အသက်ပေးဆပ်ခဲ့သည့် အချိန်တွင် အသက် ၃၀ အရွယ်ဖြစ်သည်။ သူချင်းပြည်နှင့်ချင်းလူမျိုးအတွက် အသက်ပေးဆပ်ခဲ့သည့် နေ့ရက်သည် ၁၉၇၇ မေလ ၂၃ ရက် ညအချိန်တွင် ဖြစ်လိမ့်မည် ဟုသုံးသပ်မိပါသည်။ သူနှင့်အတူ ချင်းလွတ်မြောက်ရေးတပ်မတော် (Chin Liberation Army) သည်လည်း ပြီးဆုံးသွားခဲ့သည်။ ချင်းဒီမိုကရေစီပါတီ (Chin Democracy Party) သည်လည်း ၁၉၇၄ နောက်ပိုင်းတွင် နာမည်ဖြင့်သာ ကျန်ရစ်ခဲ့ပြီး ၁၉၈၈ အရေးအခင်းနောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ချင်းအမျိုးသားများထပ်မံရောက်ရှိလာခဲ့ကြရာတွင် တစ်ဖန် ပြန်လည်အသက်သွင်းခဲ့ကြသည်။

ရခိုင့်အာဇာနည် ဥက္ကဌကြီးခိုင်မိုးလင်း ကျဆုံးခြင်း

ရခိုင်လွတ်မြောက်ရေးပါတီ နှင့် တပ်မတော် ဥက္ကဌကြီးခိုင်မိုးလင်း ကျဆုံးသည့် ဖြစ်ရပ်ကို ဟန်မောင်သိန်းရေးသားသော “ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဖြတ်သန်းခဲ့သောခရီးရှည်” ဆောင်းပါးထဲတွင် … ၁၉၇၇-ခုနှစ် ဇွန်လ (၄) ရက်နေ့ မဏိပူရ မြစ်ကူးတိုက်ပွဲတွင် ခေါင်းဆောင် ခိုင်မိုးလင်း ကျဆုံးသည်။ ရန်သူများဝိုင်းဝန်းတိုက်ခိုက်နေသည့် အချိန်တွင် ဘယ်ဖက်လက်မောင်း ကျည်သင့်ဒဏ်ရာရထားပြီးဖြစ်သော ခိုင်မိုးလင်းသည် အရေးကြီးစာရွက်စာတမ်းများ နှင့် ငွေစက္ကူများကို မီးရှို့ပြီးနောက် မိမိကိုယ်ကို ပစ်သတ် သတ်သေသွားခြင်းဖြစ်သည်” ဟုရေးသားထားသည်ကို တွေ့ရှိနိုင်သည်။

ဗိုလ်မှူးခိုင်နီရောင်၏ ကိုယ်တွေ့မှတ်တမ်းထဲတွင် ဥက္ကဌကြီးခိုင်မိုးလင်း၏ နောက်ဆုံးနေ့ရက်များ အကြောင်းကို ဤကဲ့သို့ရေးသား မှတ်တမ်းတင်ထားခဲ့သည်။ “လိုင်ဘုန်းတိုက်ပွဲအပြီးတွင် ရှစ်ယောက်မျှသောလူနှင့် ရခိုင်ပြည်ကို ချီတက်ရန် ဥက္ကဌကြီး အမိန့်ပေးသည်။ တောတောင်များကို ကျော်ပြီး တီးတိန်-ဖလမ်းကားလမ်းသို့ အရောက်ချီတက်ရသည်။ ညအချိန်ကို စောင့်ကြရသည်။ ဥက္ကဌကြီးမှ တပ်သားများအား စိတ်ဓာတ်မကျရန် ပြောသည်။ သူ့အိတ်ထဲမှ ပါလာသော ချီဂွေဘားရား (Che Guevara)၊ ကျူးဘားနိုင်ငံမှ ကတ်စထရို (Fidel Castro) ဓာတ်ပုံများကို ထုတ်ပြပြီး ငါ့ညီတို့ ဒီပုံတွေကိုကြည့်ပါ .. ဒီခေါင်းဆောင်ကြီးတွေလည်း ဒုက္ခခံပြီးမှ လွတ်လပ်ရေးကို ရကြတယ်။ အခုလည်း ငါတို့ရခိုင်ပြည်ကို အရောက်ချီမယ်။ ငါသေရင်တောင်မှ ရခိုင်တံဆိပ်ပြပြီးသေမယ် .. ရန်သူ့ထံမှာ လုံးဝဒူးမထောက်၊ လက်မမြှောက်နဲ့ ဆိုပြီး အားပေးစကားပြောကြားသည်။ ၁၉၇၇ ခုနှစ် ဇွန်လ နှစ်ရက်နေ့ ည ၉ နာရီအချိန်တွင် ကားလမ်းဖြတ်သည်။ ခရီးဆက်ပြီး တီးတန်မြို့တောင်ဘက် မော်ဘိန်း (Mualbem) ရွာအောက် မဏိပူရမြစ်ကမ်းသို့ရောက်ရှိကြသည်။ မြစ်တဖက်ကမ်းကူးရန် ပြင်ဆင်နေကြစဉ် မြစ်တဖက်ကမ်းမှ ဗမာ့တပ်မတော် နဲ့ထိပ်ထိုက်တွေ့ပြီး ဒုဗိုလ်သီဟနှင့် ဒုဗိုလ်ကျော်ထူး ကျည်ဆန်သင့်ပြီး ချောင်းထဲလွှင့်ကျလာသည်။ ဥက္ကဌကြီး၏ ဒူးတည့်တည့်ကိုမှန်သဖြင့် ကုန်းထက်သို့ ပြေးရသည်။ အချိန်သည် ဇွန်လလေးရက်နေ့ မနက် ၆ နာရီဖြစ်သည်။ စာရေးသူ (ဗိုလ်မှူးခိုင်နီရောင်) မှ ဥက္ကဌကြီးအားထမ်းပြီး မဏိပူရမြစ်ကြောင်းအတိုင်း ပြေးကြရသည်။ ဗမာ့တပ်မတော်မှ ဖိပြီးတိုက်သည်။ သေနတ်သံ၊ စိန်ပြောင်းသံ၊ အမြောက်သံများ တတောလုံးဆူညံနေသည်။ ရန်သူတပ်ဖွဲ့မှ “ခိုင်မိုးလင်းလက်နက်ချလိုက်။ ခင်ဗျားကိုမသတ်ဘူး” ဆိုပြီး လော်စပီကာအသံထွက်လာသည်။ မဏိပူရမြစ်ရိုးတလျှောက် ဥက္ကဌကြီးကိုထမ်း၍ပြေးပြီး (၁) နာရီလောက်ကြာသောအခါ ဥက္ကဌကြီးက သူ့ကိုချထားခဲ့ရန် အမိန့်ပေးသည်။ ပါလာသည့်စာရွက်စာတမ်းအားလုံး သူမီးရှို့လိုက်သည်။ နာရီကိုထုခြေလိုက်သည်။ (AK) လက်နက်ကိုဖျက်ဆီးပြီး အနားဝန်းကျင်သို့ လွှင့်ပစ်လိုက်သည်။ ဥက္ကဌကြီးမှ အမိန့်ပေးသည် “ငါညီတို့- အရှေ့တက် .. အမိန့်ကိုနာခံ” စာရေးသူ (ဗိုလ်မှူးခိုင်နီရောင်) တို့အနားမှာနေခွင့်မရ။ အမိန့်ကိုနာခံရသည်။ ဖာလုံဝက် တဖာလုံလောက် အဝေးရောက်သောအခါ ပစ္စတိုသံသုံးချက်ကြားရသည်။ ဥက္ကဌကြီးခိုင်မိုးလင်းသည် “ဒူးမထောက်လက်မမြှောက်။ ကျည်သုံးတောင့် ငါ့အတွက်” ဟုပြောခဲ့သည့်အတိုင်း သမိုင်းပေးတာဝန်ကျေသည်။ ရခိုင်ပြည်နှင့်ရခိုင်လူမျိုး ကျွန်ဘဝမှလွတ်မြောက်နိုင်ရေးအတွက် ပါတီတပ်မတော်ကိုထူထောင်ကာ ဆင်းရဲဒုက္ခမျိုးစုံ အသက်၊ သွေး၊ ချွေးအရင်းအနှီးပြုလျှက် တိုက်ပွဲပေါင်းမြောက်များစွာ တိုက်ခိုက်ပြီး နေထွက်ရာမှ နေဝင်ရာ အဖရခိုင်ပြည်သို့ တနှစ်နီးပါး မိုးလင်းရာဇာစစ်ကြောင်း ဇွဲသတ္တိစွမ်းအား သစ္စာအဓိဌာန်မပျက်ကွက်ဘဲ အာဇာနည် လူစွမ်းကောင်းပီသစွာဖြင့် ကရင်ပြည်၊ ရှမ်းပြည်၊ ကချင်ပြည်များကိုဖြတ်ကျော်ပြီ ချင်းပြည်လမ်းခုလပ်အရောက်တွင် ရခိုင်သူရဲကောင်း (၅၃) ဦး ချင်းပြည်တွင်လည်းကောင်း၊ ကရင်ပြည်၌ (၃၁) ဦး ရခိုင်ပြည်လွတ်လပ်ရေးအတွက် အသက်ပေးကြသည်ကို အစဉ်သတိရဂုဏ်ပြုပါသည်” ဟူ၍ရေးသားထားသည်။

ထိုအချိန်က တီးတိန်ရဲစခန်းတွင် တာဝန်ကျသူ ရဲတပ်ကြပ်ကြီးအိုင်ဟွေးအာ မှ ၏ပြန်လည်ပြေပြချက်ကို တစ်ဆင့်ခံပြန်လည်ပြောပြရာတွင် .. “ဗမာ့တပ်မတော်က ခိုင်မိုးလင်းတို့အဖွဲ့ကို လိုက်ရင်းနဲ့ နောက်ဆုံးတော့ ခိုင်မိုးလင်းနှင့် ငယ်ရွယ်တဲ့ သူ့တပည့်တယောက်ကို မွာလ်ဘဲမ် (Mualbem) အောက်ဘက် မဏိပူရမြစ်နားတွင် သွားဖမ်းတယ်။ သူ့ခြေထောက်ဒဏ်ရာရပြီး သူလမ်းဆက်မလျှောက်နိုင်တော့ဘူး။ ကိုယ်ထိလက်ရောက် သွားဖမ်းတဲ့သူတွေက စစ်တပ်ဖြစ်ပြီး .. ရဲတပ်ဖွဲ့က နောက်ကလိုက်ရတယ်။ ခိုင်မိုးလင်းက တပ်မတော်အရာရှိဆီမှာ “ကျွန်တော့ကို မသတ်ပါနဲ့၊ ကျွန်တော်တိုင်းပြည်အတွက် လုပ်စရာတွေ အများကြီး ရှိသေးတယ်” လို့ပြောတယ်။ တပ်မတော်က မဏိပူရမြစ်ကနေ ထုတ်လိုင်ဘက်ကို ခေါ်သွားတယ်။ တာဝန်ရှိသူတွေက အထက်ကိုတင်ပြတော့ အထက်ကလည်း အဆုံးစီရင်ဖို့အမိန့်ရောက်လာတယ်။ ဒီလိုနဲ့ သူ့ကို ပစ်သတ်ခဲ့ကြတယ်” ဟုပြောပြခဲ့သည်။

ခိုင်မိုးလင်းကျဆုံးရခြင်းနှင့် ပက်သက်ပြီး ခ.လ.ရ ၈၉ မှ တပ်ကြပ်ကြည်သိန်းမှ ယခုလိုပြေပြခဲ့သည်။ “ကျွန်တော်တို့ လိုင်ဘုန်းမှာ တိုက်ပွဲဖြစ်ပွားတဲ့နောက်မှာ ရခိုင်တပ်သား အလင်းဝင်လာတဲ့ သူတွေဆီကနေ သိမ်းထားတဲ့ ပိုက်ဆံတစ်သန်းခွဲကို ဗျူဟာမှူးက ကျွန်တော့ထံကနေ သိမ်းပြီးတော့ ကျွန်တော့ကို သူ့အနားမှာနေခိုင်းတယ်။ ဗျူဟာမှူးက ဗိုလ်မှူးကြီးတင်ဦး အခုတော့ ဆုံးသွားပြီနဲ့တူတယ်။ အရင်တုန်းက သူက မိုးကုတ်ကျောက်မြတ်ရတနာစီမံကိန်း ဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်တယ်။ ကျွန်တော်ကို လိုင်ဘုန်းကနေ ဗျူဟာမှူးကခေါ်ပြီးတော့ မြေပုံကိုင်ခိုင်းတယ်။ လိုင်ဘုန်းကနေ သိုင်းငင်း (Taingen) စခန်းကို ပြန်သွားရတယ်။ နောက်ပြီး ခေါဆတ် (Khuasak)၊ လီမ်ခိုင် (Limkhai) ဘက်မှာ သူပုန်တွေ ထွက်ပြေးသွားတဲ့အတွက် ထုတ်လိုင် (Thuklai) မှာ ဗျူဟာစခန်းရွှေ့တယ်။ အဲဒီချိန်မှာ ခိုင်မိုးလင်းတို့ ဘယ်ထွက်ပြေးတာလဲ ဆိုတာ စစ်ဆင်ရေးမှာပါတဲ့ တပ်ရင်း အသီးသီးကို မေးတဲ့အချိန်မှာ ဆိုင်းဇံ (Saizang) နီးနားတစ်ဝိုက်မှာ ရောက်လောက်တယ် လို့ပြောကြတယ်။ ခ.လ.ရ ၉၅ ကတပ်စိတ်တစ်စိတ်ကို ဆိုင်းဇံ (Saizang) ရွာကပြည်သူ့စစ်တွေ နှင့် လိုက်ရှာခိုင်းတယ်။ တနေ့ပေါ့ .. ရက်ကတော့ အတိကျ မမှတ်မိတော့ဘူး.. ရွာသားတွေက ယာထဲမှာ လူအရိပ်ယောင်တွေ့တယ် ဆိုပြီး သတင်းလာပို့တယ်။ ဒါနဲ့ ခ.လ.ရ ၉၅ တပ်ရင်းထဲက တပ်စိတ်တစိတ် နဲ့ ဆိုင်းဇံ (Saizang) ရွာကပြည်သူ့စစ်တွေက လိုက်တယ်။ နောက်ပြီးတော့ ဆိုင်းဇန်ရွာနားက လေယာဉ်ကွင်းအဟောင်းအရှေ့ဘက် တနေရာမှာ သူတို့က မသွားနိုင်တော့လို့ မိတယ်လို့ကြားတယ်။ အဲဒီနေရာတော့ ကျွန်တော်တော့မရောက်ဘူး။ သူတို့နှစ်ယောက်ကို ဖမ်းပြီးတော့ ထုတ်လိုင်ကို ခေါ်လာကြတယ်။ ခိုင်မိုးလင်းနဲ့ သူ့တစ်ပည့်တယောက်ဖြစ်တယ်။ အဲဒီမှာ ခိုင်မိုးလင်းကို ထမင်းတွေကျွေးပါသေးတယ်။ အဲဒီမှာ ကျွန်တော်က လုံခြုံရေး ပြန်ယူရတာပေါ့။ ပြီးတော့ ခိုင်မိုးလင်းနဲ့ ဗိုလ်မှူးကြီးတင်ဦးနဲ့ စကားပြောကြတယ် .. ကျွန်တော်ကြားမိတာကတော့ …. ခိုင်မိုးလင်းက “ကျွန်တော့ကို မသတ်ပါနဲ့.. ကျွန်တော့ကို နိုင်ငံတော်က ပြန်သုံးပါဦး” လို့ခိုင်မိုးလင်းကပြောတယ်။ ဗျူဟာမှူးကလည်း “မင်းလို နိုင်ငံတော်ကို ပုန်ကန်တဲ့သူတယောက်ကို ဘာဖြစ်လို့ နိုင်ငံတော်က ပြန်သုံးချင်ရမှာလဲတဲ့” အဲဒီလိုပြန်ပြောတာ ကြားလိုက်တယ်။ အဲဒီမှာ သတင်းစာဆရာတွေ ရောက်လာတယ်။ အဲဒီမှာ ဓာတ်ပုံတွေ ရိုက်ကြတယ်။ မေးစရာရှိတာတွေ မေးလိုက်တယ်။ ပြီးတော့ သူ့ကိုထောက်လှမ်းရေးအဖွဲ့ဆီမှာ အပ်လိုက်တယ် .. ထောက်လှမ်းရေးက ရွာပြင်ကို ခေါ်သွားကြတယ်။ သိပ်မကြာဘူး.. ဒိုင်း …….. ဆိုပြီးသေနတ်သံတချက် ကြားလိုက်ရတယ် ..” ဟူ၍ ပြန်ပြောခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးသတင်းဌာန (Foreign Broadcast Information, USA) ၏ ဇွန် ၄၊ ၁၉၇၇ ၁၃:၃၀ အချိန် သတင်ထုတ်ပြန်ချက်တွင် “ခိုင်မိုးလင်းဦးဆောင်သည့် ရခိုင်ပျောက်ကျားတပ်သားများသည် ချင်းပြည်နယ် တွန်းဇံမြို့အနီးတွင် ဗမာ့တပ်မတော် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်ရင်းတွေနဲ့ တိုက်ပွဲဖြစ်ပွားရာမှ လွတ်မြောက်လာပြီးနောက် တီတိန်မြို့တောင်ဖက် ၈ မိုင်ခန့်အကွာတွင်ရှိသော မော်ဘိန်း (Mualbem) ရွာနားတွင် ဇွန်လ ၃ ရက်နေ့ မနက် ၁၀:၃၀ အချိန်တွင် ခ.လ.ရ ၉၅ နှင့်တိုက်ပွဲဖြစ်ပွားပြီး ခိုင်မိုးလင်း နှင့်သူ့နောက်လိုက် နှစ်ယောက် ကျဆုံးခဲ့ကြသည်။ M16 တစ်လက်၊ M72 တစ်လက်နှင့် M72 တစ်လက် သိမ်းဆည်းရမိသည်။ ဗမာ့တပ်မတော်ဘက်တွင် အသေအပျောက်မရှိ။ ဒဏ်ရာရသည့် ရခိုင်တပ်သား သုံးဦးအား လိုက်ရှာနေကြဆဲဖြစ်သည်။ မေလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပြီးသည်ဖြစ်ရာ ခိုင်မိုးလင်း ဦးဆောင်သည့် ရခိုင်ပျောက်ကျားတပ် ၉၄ ဦး နှင့် ချင်းအမျိုးသား ဝီလီယံခေါင်းဆောင်သည့် ၁၃ ဦးထဲမှ ၄၈ ဦကျဆုံး၊ ၅၀ လက်နက်ချခဲ့ကြသည်။ အခုသတင်းပို့သည့်အချိန်အထိ ၅၁ဦးကျဆုံးပြီး ၅၀ဦးလက်နက်ချကာ ဒဏ်ရာရသူ ၃ ဦးတောထဲတွင် ရှိနေဆဲဖြစ်သည်” ဟုပါဝင်သည်။

တော်လှန်ရေး နောက်ဆက်တွဲဖြစ်ရပ်

ရခိုင်လွတ်မြောက်ရေးတပ်မတော်နှင့် ချင်းလွတ်မြောက်ရေးတပ်မတော်တို့ ပါဝင်သည့် မိုးလင်းရာဇာစစ်ကြောင်းသည် ချင်းပြည်နယ်ထဲတွင် တိုက်ပွဲများစွာ ဆင်နွှဲခဲ့ကြသည်။ ဗိုလ်မှူးခိုင်နီရောင်၏ ကိုယ်တွေ့မှတ်တမ်းထဲတွင် တိုက်ပွဲစုစုပေါင်း ၃၉ ကြိမ်ဖြစ်ပွားခဲ့သည် ဟူ၍မှတ်တမ်းတင်ထားသည်။ ဗိုလ်မှူးခိုင်မျိုးမင်းပြောပြချက်အရ မိုးလင်းရာဇာစစ်ကြောင်းကြီးထဲတွင် ရခိုင်လွတ်မြောက်ရေးတပ်မတော်မှ တပ်သား ၁၂၆ ဦးနှင့် ချင်းလွတ်မြောက်ရေးတပ်မတော်မှ ၁၂ ဦးတို့ ပါဝင်ခဲ့ကြသည်။ ဗိုလ်မှူးခိုင်နီရောင်၏ မှတ်တမ်းထဲတွင် “ထိုစစ်ကြောင်းထဲမှ ၅၃ ဦး အသက်စတေးခဲ့ကြရသည်” ဟုတွေ့ရှိနိုင်သည်။

မြန်မာ့တပ်မတော်သမိုင်း ဆဌမအတွဲ (၁၉၇၄-၁၉၈၈) စာမျက်မှာ ၃၁ ထဲတွင် မြရတနာစစ်ဆင်ရေးတွင် ရန်သူ ၅၀ ဦးခန့်သေဆုံး၊ ၅၀ ခန့်လက်နက်ချအလင်းဝင်ကာ ၂၀ ခန့် ဖမ်းဆီခဲ့ရမိသည် ဟူ၍ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးသတင်းဌာန (Foreign Broadcast Information, USA) ၏ဇွန်လ ၄ ရက်နေ့ထုတ်သတင်းတွင် “ဗိုလ်ခိုင်မိုးလင်း ဦးဆောင်သည့် ရခိုင်ပျောက်ကျားတပ် ၉၄ ဦး နှင့် ချင်းအမျိုးသား ဝီလီယံခေါင်းဆောင်သည့် ၁၃ ဦးထဲတွင် ၅၁ ဦးသေဆုံး၊ ၅၀ လက်နက်ချသည်” ဟူ၍မှတ်တမ်းတင်ထားသည်။

ဖမ်းဆီခံရသူများအားလုံး ကလေးအကျဉ်းထောင်သို့ ထိန်သိမ်းခြင်းခံရခဲ့ပြီးအဖြစ်အပျက်ကို ဗိုလ်မှူးခိုင်မျိုးမင်းမှ ပြန်လည်ပြောကြားရာတွင် “ကလေးအကျဉ်းထောင်ထဲကနေ ကျွန်တော်တို့အဖမ်းခံရတဲ့သူအားလုံး ကားနဲ့ချင်းပြည်ကို ပြန်ခေါ်သွားတယ်။ တွန်းဇံထိကျွန်တော်တို့ကို ခေါ်သွားတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကလေးထောင်ကိုဘဲ ပြန်လှည့်ခဲ့ရတယ်။ ကျွန်တော်တို့ကို လုံခြုံရေးတာဝန်ယူတဲ့ ရဲဘော်တွေ ပြောပြတာကတော့ “မင်းတို့ကို အပြတ်ရှင်းဖို့ ခေါ်ခဲ့တာ .. ဒါပေမယ့် မင်းတို့အဖမ်းခံရတဲ့အကြောင်း နိုင်ငံခြားသတင်းဌာနတွေက အသံလွှင့်တော့ မင်းတို့ကို ကလေးမြို့ပြန်ခေါ်ဖို့ အမိန့်ပြန်ရောက်လာတယ် .. မင်းတို့ကို နိုင်ငံခြားသတင်းဌာနတွေက ဝင်ကယ်လိုက်တာ” လို့ကျွန်တော်တို့ကို ပြန်ပြောတယ် .. အဲဒီမှာ ကျွန်တော်တို့ ကလေးထောင်မှာ အဖမ်းခံရတဲ့သူအားလုံး ကျွန်တော်တို့အဖွဲ့ထဲက ၅၃ ဦးရှိတယ်။ နောက်ပြီး အရင်တစ်ဖွဲ့ Arakan Independence Organization (AIO) တုန်းက ဖမ်းမိတဲ့သူတွေ ၆ – ၈ ယောက်လောက်ရှိတယ် .. ကလေးထောင်ထဲမှာ ဗိုလ်မှူးဝိလီယံအဖွဲ့ထဲက ဗန်နာ နှင့် စောလှထွန်း (ကရင်) တို့နှစ်ယောက်ပါတယ်” ဟုပြန်လည် ပြောပြခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် မ.ဆ.လ အစိုးရက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ခိုင်ရဲခိုင်၊ ခိုင်နီလင်း နှင့် ခိုင်မျိုးမင်း တို့ အပါအဝင် ALP ရဲဘော် (၄၀) ကျော် ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။

ချင်းတောင်တန်းမှ ဝမ်းနည်းသံများ

ချင်းပြည်မြောက်ပိုင်းမှ ချင်းလူမျိုးအများစုသည် မိုးလင်းရာဇာ စစ်ကြောင်းမှ စစ်သည်တော်များ ချင်းပြည်တွင် ကျဆုံးခဲ့ရသည့် ဖြစ်ပျက်အတွက် ဝမ်းနည်းကြေကွဲခဲ့ကြသည်။ ချင်းလူမျိုးထဲမှပင် ဗမာ့တပ်မတော်ထံသို့ သတင်းပို့သူ၊ တိုင်ကြားသူ ရှိပါသည်။ သို့သော် ချင်းလူမျိုးအများစုမှာ ဝမ်းနည်းခဲ့ကြသည်။ အထူးသဖြင့် ချင်းလူငယ်များသည် တော်လှန်ရေး စစ်သည်တော်များအား စာနာစိတ်ထားပြီး ကူညီချင်ကြသည်။ သို့သော်လည်းဘဲ လူကြီးပိုင်း အစိုးရဝန်ထမ်း တာဝန်ရှိသူများသည် ၎င်းတို့တာဝန်အတိုင်း ထမ်းဆောင်ခဲ့ကြသည်။ ယနေ့အချိန်ထိ ချင်းပြည်နယ် မြောက်ပိုင်းတွင် ခိုင်မိုလင်း နှင့် ဝီလီယံ အဖွဲ့ ကျဆုံးခဲ့သည့်အကြောင်း ဝမ်းနည်းစွာ ပြောဆိုနေကြဆဲဖြစ်သည်။ ဤတော်လှန်ရေးအကြောင်း နားလည်သိကျွမ်းခဲ့သည့် ချင်းလူမျိုးများသည် အားခ်လွယ် နှင့် လိုင်ဘုန်းနားအရောက် တော်လှန်ရေး စစ်သည်တော်များ ကျဆုံးခဲ့ရသည့် နေရာတွင် ကျဆုံးခဲ့သည့် တော်လှန်ရေး စစ်သည်တော်များအားအတွက် ဂါရဝပြုကြသည်။

နိဂုံး

ချင်းတော်လှန်ရေး မီးတောက်မီးလျံထဲက အာဇာနည်သူရဲကောင်းကြီး ချင်းလွတ်မြောက်ရေးတပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်မှူး ဝီလီယံဆာလျန်ဇမ်း Major William Sa Lian Zam သည် မ.ဆ.လ တပါတီ အာဏာရှင်စနစ်မှ ချင်းပြည်သူများ လွတ်မြောက်နိုင်ရန်အတွက် အခက်အခဲ၊ ဆင်းရဲဒုက္ခမျိုးစုံးခံစားခဲ့ပြီး ၎င်းချစ်မြတ်နိုးသည့် ချင်းပြည်တွင် သူ့ရဲဘော်ရဲဘက် ရခိုင်တပ်သားများနှင့်အတူ ချင်းလူမျိုးများအတွက် အသက်ပေးဆပ်ခဲ့သည်။ သူ့မွေးဖွာရာဒေသ ဇာဟောင်နယ်တွင် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်းအတွက် ရည်စူးပြီးပြောသည့်အဆိုရှိသည်။ ချင်းမျိုးချစ်သူရဲကောင်း ဝီလီယံဆာလျန်ဇမ်းသည် မြိုင်ရာဇာ ကျားဘုရင်ကဲ့သို့ သူ့ဦးခေါင်းကို သူချစ်သော ချင်းတောင်တန်းတွင် သူရဲကောင်းပီသစွာ စတေးမြှုပ်နှံခဲ့သည်။ (Major Willaim Sa Lian Zam cu pawpi bang in Chin ram ah a lu a hung phum). အာဇာနည်သူရဲကောင်းကြီး ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း ချင်းလူမျိုးများအတွက် ချင်းပြည်တွင် တိုက်ပွဲပေါင်းမြောက်များစွာ ဆင်နွဲပြီး ငယ်ရွယ်သည့်အချိန်တွင် အသက်ပေးဆပ်ခဲ့ရသည်မှာ လေးစားစရာကောင်းလှပါသည်။

အာဇာနည်သူရဲကောင်းကြီး ချင်းလွတ်မြောက်ရေးတပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်မှူး ဝီလီယံဆာလျန်ဇမ်း နှင့် ချင်းလွတ်မြောက်ရေးတပ်မတော်မှ တော်လှန်ရေးတိုက်ပွဲဝင်ခဲ့ကြသည့် ချင်းမျိုးချစ်ပုဂ္ဂိုလ်များ၊ တိုင်းပြည်အတွက် အသက်ပေးဆပ်ခဲ့ကြသည့် တော်လှန်ရေးစစ်သည်တော်များ နှင့် ရခိုင်လွတ်မြောက်ရေးပါတီ ဥက္ကဌကြီး ဗိုလ်ခိုင်မိုးလင်းဦးဆောင်သည့် ရခိုင်လွတ်မြောက်ရေးတပ်မတော်မှ ချင်းပြည်တွင် အသက်ပေးဆပ်ခဲ့ကြသည့် တော်လှန်ရေး စစ်သည်တော်များအားလုံး ဦးညွတ်လေးစားဂုဏ်ပြုအပ်ပါသည်။
+++++++++++++++++++++++++++++++++++++++++++++
ကိုးကားစာ နှင့် မေးမြန်းချက်များ

1. BURMA: INSURGENCY AND THE POLITICS OF ETHNIC CONFLICT by Martin Smith (1999)
2. Telephone interviews with Major Khine Myo Min (Arakan Liberation Party). ဗိုလ်မှူးဝီလီယံ ဆာလျန်ဇမ်းပါဝင်သည့် မိုးလင်းရာဇာစစ်ကြောင်းနှင့်အတူ ချီတက်ခဲ့သည့် ရခိုင်လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်မှူးခိုင်မျိုးမင်း နှင့် မေးမြန်းဆွေးနွေးချက်များ။ (22nd April 2018, 13th May 2018, 08th July 2018).
3. Personal and Telephone interviews with Sergant Kyi Thein (Retrd.), Burma Army. ဗမာ့တပ်မတော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ခြေလျင်တပ်ရင်းအမှတ် (၈၉) တွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ကြပ်ကြည်သိန်း (ငြိမ်း) နှင့် မေးမြန်းဆွေးနွေးချက်များ (27th, 30th June 2018, 03rd July 2018).
4. Personal and Telephone interviews with Pu N.Z Do (Laibung)။ ဗိုလ်မှူးဝီလီယံ နှင့် ခိုင်မိုးလင်းတို့အဖွဲ့ လိုင်ဘုန်း (Laibung) ရွာဝင်ရောက်သည့် အချိန်တွင် လိုင်ဘုန်းရွာ၌ အုပ်စုစာရေးတာဝန်ထမ်းဆောင်သူ Pu N.Z.Do ဒို၏ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အကြောင်း မေးမြန်းဆွေးနွေးချက်များ။ (13th June 2018, 15th August 2018).
5. Telephone interviews with Pu En. ဗိုလ်မှူးဝီလီယံ နှင့် ခိုင်မိုးလင်းတို့အဖွဲ့ စီးယင်းနယ် ရောက်ရှိသည့်အချိန်တွင် ထုတ်လိုင်ရွာ၌ နေထိုင်သူ ဦးအဲန်ဇာပုမ် နှင့် မေးမြန်းဆွေးနွေးချက်များ။ (12th May 2018, 24th July 2018).
6. Telephone interviews with Pu Khual (25th August 2018).
7. E-mail interviews with Captain Lian Thang. ချင်းလွတ်မြောက်ရေးပါတီတွင် လက်ထောက်အတွင်းအရေးမှူး၊ ချင်းလွတ်မြောက်ရေးတပ်မတော်တွင် ဌာနချုပ်မှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့သည့် ဗိုလ်ကြီးလျန်ထန်း၏ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်အကြောင်း မေးမြန်းဆွေးနွေးချက်များ (2018)
8. ဦးဟန်မောင်သိန်း (စစ်တွေ)၊ “ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဖြတ်သန်းခဲ့သော ခရီးရှည်” ဆောင်းပါး။ (2013)
9. “ရခိုင့်အာဇာနီ (ALP) ဥက္ကဌကြီးနှင့် မိုးလင်းရာဇာစစ်ကြောင်း”။ မိုးလင်းရာဇာစစ်ကြောင်းနှင့်အတူ ချီတက်ခဲ့သည့် ရခိုင်လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်မှူးခိုင်နီရောင်၏ကိုယ်တွေ့မှတ်တမ်း (ရခိုင်လွတ်လပ်ရေးစာစောင်မှ)
10. Pu Khuang Lian Sum (Surbung Tlang Media) နှင့် ဒေါက်တာဇလှေထန်း မေးမြန်းချက် (2015)
11. Chin World Media၊ Radio For Asia (Chin Programme) နှင့် ဒေါက်တာဇလှေထန်း မေးမြန်းချက်များ (2016)
12. ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း၏ အစ်ကို၏ ဇနီး Pi N.N. Kil နှင့် မေးမြန်းချက် (2018)
13. ဆလိုင်းကိပ်ခိုလျန် (Chin National Front, Ex-Chairman), (Chin Forum – Co-ordinator) နှင့် မေးမြန်းဆွေးနွေးချက်များ (2018)
14. ၁၉၆၃ ခုနှစ်မှ စတင်ကာ တော်လှန်ရေးနယ်မြေများတွင် လှုပ်ရှားခဲ့သူ Pu Thang Za Dal နှင့် မေးမြန်းဆွေးနွေးချက်များ (2018)
15. Dr. Ro Dinga B.V.S (Burma), M.A (Political Science, USA), Chin Forum (Assistant Co-ordinator) နှင့် မေးမြန်းဆွေးနွေးချက်များ (2018)