ချင်းလွတ်မြောက်ရေးတပ်မတော်၏ တော်လှန်ရေးသမိုင်း (အပိုင်း ၁)

ဆလိုင်းဗန်ကျုံးလျန် (ယူကေ)

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ချင်း၊ ကချင်၊ ရှမ်း နှင့် မြန်မာလူမျိုးတို့ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကြီးကြောင့် ၁၉၄၈ ခုနှစ်တွင် နယ်ချဲ့ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိပြီး လွတ်လပ်သော တိုင်းပြည်တစ်ပြည်အဖြစ် ရပ်တည်လာနိုင်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လွတ်လပ်ရေး၏ ဘွားဖက်တော်အဖြစ် ပြည်တွင်းစစ်ကြီး နှင့် ကြုံတွေ့ရင်ဆိုင်ခဲ့ရပြီး ပြည်ထောင်စုကြီးပြိုကွဲမည့် အဖြစ်ဆိုးမှ ကာကွယ်ရာတွင် ချင်းလူမျိုးတို့သည် နိုင်ငံတော်အစိုးရ၏ အားအကိုးရဆုံးသောသူများ ဖြစ်ခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံအတွင်း အမြင်၊ အယူဝါဒခံစားချက် အနေအထားအမျိုးမျိုးကြောင့် နိုင်ငံတစ်ဝှမ်း ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သည်မှာ ယနေ့ထက်တိုင် မငြိမ်းသတ်နိုင်ခဲ့သေးပေ။ မြန်မာ့နိုင်ငံရေးရေစီးကြောင်းတွင် ချင်းလူမျိုးတို့သည် ပြိုလဲတော့မည့် ပြည်ထောင်စုကြီးအား ကယ်တင်ပေးခဲ့သော ဒေါက်တိုင်ကြီးတစ်ခုဖြစ်ခဲ့သလို၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အစရှိသော ဒီမိုကရေစီ၏ အနှစ်သာရများအား ရရှိနိုင်ရေးအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်၊ တော်လှန်မှုများ ရှိခဲ့သည်။ ထိုသို့တော်လှန်ခဲ့ကြရာတွင် ဗိုလ်မှူး ဝီလီယံဆာလျန်ဇမ်း (Major William Sa Lian Zam) သည် ချင်းလူမျိုးများ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သည့် အာဏာရှင်စနစ်မှ လွတ်မြောက်နိုင်ရန်အတွက် သူကိုယ်တိုင် ဦးဆောင်သည့် ချင်းလွတ်မြောက်ရေးတပ်မတော် နှင့်အတူ လွတ်မြောက်ရေး တိုက်ပွဲများဆင်နွှဲရင်း ချင်းပြည်အတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ဗိုလ်မှူး ဝီလီယံဆာလျန်ဇမ်း နှင့် ချင်းလွတ်မြောက်ရေးတပ်မတော်၏ သက်တမ်းသည် တိုတောင်းလှသော်လည်း ခေတ်သစ် ချင်းအမျိုးသားရေးလှုပ်ရှားမှု လက်နက်ကိုင် တော်လှန်ရေးသမိုင်းတွင် အာဏာရှင်အစိုးရနှင့် တိုက်ပွဲ အများဆုံးဆင်နွှဲခဲ့သည့် အဖွဲ့အစည်းဖြစ်ပေသည်။

ဝီလီယံဆာလျန်ဇမ်း (William Sa Lian Zam) ကို ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇာဟောင် (Zahau) တိုက်နယ်ထဲရှိ ခေါင်သဲ (Khaute) ရွာတွင် Pu Kap Al နှင့် Pi Thuam Men တို့မှ ၁၉၄၇ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းညီအစ်ကိုမောင်နှစ်မ ခြောက်ဦးအနက် တတိယမြောက်ဖြစ်သည်။ သူသည် ခေါင်သဲရွာအနီးရှိ ဘွာလ်ဇောလ် (Bualzawl) ရွာ၌ ၁၉၅၃ ခုနှစ်တွင် ကျောင်းစတင်တက်ရောက်ခဲ့ပြီးနောက် ကလောမွန် (Tlauhmun) ရွာတွင် မူလတန်းဆက်လက်သင်ကြားခဲ့သည်။ စတုတ္ထတန်းအောင်မြင်ပြီးနောက် ဖလမ်းမြို့တွင် ပညာဆက်လက်ဆည်းပူးခဲ့သည်။ ဖလမ်းမြို့တွင် သူကျောင်းတက်သည့် အချိန်မှစပြီး နိုင်ငံရေး နှင့် လူမှုရေးဘက်တွင် စိတ်အားထက်သန်သူဖြစ်သည်။ ဝီလီယံဆာလျန်ဇမ်း နဝမတန်း တက်ရောက်သည့်အချိန်တွင် နိုင်ငံရေးလုပ်သည့်အတွက်ကြောင့်ဆိုပြီး ထောင်နှစ်ပတ်ကျခဲ့ဖူးသည်။ နဝမတန်းအောင်မြင်ပြီးနောက် ဒသမတန်းအား ရန်ကုန်မြို့တွင် တက်ရောက်ချင်ကြောင်း သူ့အစ်ကိုကြီးထံတွင် ပူဆာခဲ့သည်။ သူ့အစ်ကိုကြီးမှ တတ်နိုင်သမျှထောက်ပံ့ရန် သဘောတူခဲ့ပြီး ရန်ကုန်မြို့သို့ ဒသမတန်းတက်ရောက် ရန်ထွက်ခွာခဲ့သည်။ သူသည် အင်္ဂလိပ်စကားပြောကို အလွန် စိတ်ဝင်စားသူဖြစ်ပြီး သူ့အပေါင်းအသင်းများနှင့် တွေဆုံသည့်အချိန်များတွင် အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သူဖြစ်ရာ သူ့အား အင်္ဂလိပ်စကားပြောတတ်သူဟု ချစ်စနိုး နာမည်မှည့်ထားခဲ့ကြသည်။ ဒသမတန်းပြီးဆုံးပြီးနောက် ချင်းပြည်သို့ ပြန်လာခဲ့ပြီး ကုန်သည်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုရန် ကြိုးစားခဲ့သည်။ သို့သော်လည်းဘဲ မအောင်မြင်ခဲ့သဖြင့် ဗမာ့တပ်မတော်၊ ရေတပ် (Burma Navy) သို့ ၁၉၆၅ တွင် ဝင်ရောက်ခဲ့သည်။ ထိုအချိန်တွင် ရန်ကုန်မြို့၌ ဒေါက်တာဇလှေထန်း (Dr. Za Hlei Thang) (ကွယ်လွန်) တို့နှင့် ခင်မင်ရင်းနှီးခဲ့ပြီး အခြားချင်းလူငယ်များနှင့် နိုင်ငံရေးကိစ္စများ အစဉ်ဆွေးနွေးခဲ့ကြသည်။ ဒေါက်တာဇလှေထန်းသည်လည်း ၁၉၆၅ ခုနှစ်မှ စတင်ပြီး ဆေးတက္ကသိုလ်တက်ရောက်သင်ကြားခဲ့ရာ ဝီလီယံသည်လည်း Burma Navy ထဲသို့ ဝင်ရောက်ခဲ့သည်။ သူတို့တွေ့ဆုံသည့် အချိန်တိုင်း နိုင်ငံရေးအမြဲ ပြောဆိုဆွေးနွေးကြသည်။ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းသည့် ဖြစ်ရပ်ကို ရွံ့မုန်းကြသည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီမှ တိုင်းပြည် အာဏာကို သိမ်းယူခဲ့ပြီး ဇူလိုင် ၄ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် (မ.ဆ.လ) ပါတီအား တည်ထောင်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီသည် ၁၉၆၄ ခုနှစ်မှစတင်ကာ နိုင်ငံအတွင်းရှိ စက်ရုံနှင့် ပုဂ္ဂလိက လုပ်ငန်းများအားလုံး ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ရာ မြန်မာနိုင်ငံသည်လည်း ကွန်မြူနစ်စနစ်ကဲ့သို့သော အာဏာရှင်စနစ် ဘက်သို့ ဦတည်လာခဲ့သည့်အဖြစ်ကို ဝီလီယံဆာလျန်ဇမ်း နှင့် ချင်းလူမျိုးတစ်ချို့ လက်မခံနိုင်ခဲ့ကြချေ။ ၎င်းတော်လှန်ရေး၏ အကျိုးဆက်အဖြစ် ဝီလီယံဆာလျန်ဇမ်း နှင့် ချင်းလူငယ်တစ်စုတို့သည်လည်း ချင်းပြည်နှင့်ချင်းလူမျိုးများ အာဏာရှင်လက်အောက်မှ လွတ်မြောက်နိုင်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ရန် စိတ်အားထက်သန်စေခဲ့သည်။

ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက် ချင်းလူမျိုးတစ်စု တော်လှန်ရေး စတင်ခဲ့ကြသည်။ တစ်ချိန်က အမှတ် (၂) ချင်းသေနတ်ကိုင်တပ်ရင်းကို ဦးစီးခဲ့သည့် ဒု-ဗိုလ်မှူးကြီးဟောင်း ဆွန်ခိုပေါင် (Lt.Col. Son Kho Pau)၊ ချင်းလွှတ်တော်အမတ်ဟောင်းများဖြစ်သော ဦးဟရန်နော် (Pu Hrang Nawl)၊ ဦးဆွန်ကျင်လျန် (Pu Son Cin Lian)၊ ဦးရာလ်မှုန်း (Pu Ral Hmung)၊ ဦးရိုထန်း (Pu Ro Thang) နှင့် အခြားချင်းခေါင်းဆောင်များ ဖြစ်ကြသော ဦးဒမ်ခိုဟောက် (Pu Dam Kho Hau)၊ ဦးပါကျုံးနုန်း (Pu Pa Cung Nung)၊ ဦးမန်ခိုပေါင် (Pu Mang Kho Pau)၊ ဦးမွှန်ဟရဲ (Pu Hmun Hre)၊ နှင့် ပိုက်သဲအမျိုးသားကောင်စီ (Paite National Council) ခေါင်းဆောင် ဦးသွန်ခိုပုမ် (Pu Tun Kho Pum) တို့သည် တော်လှန်ရေးကို ၁၉၆၄ ခုနှစ်မှ စတင်ခဲ့ကြသည်။ Pu Son Kho Pau နှင့် Pu Tun Kho Pau တို့သည် ချင်းလွတ်လပ်ရေးတပ်မတော် (Chin Independence Army) နှင့် ညီညွတ်သောချင်းအစိုးရ (United Chin Government) ကိုထူထောင်ခဲ့ကြပြီး မြန်မာ-အိနွိယနယ်စပ်တွင် လှုပ်ရှားခဲ့ကြသည်။

ထို့အပြင် ချင်းလူငယ်တစ်စုဖြစ်သည့် Pu Jimmy Thang Khan Suan (Pu Thang Za Dal)၊ Pu Peter Hau Khan Khup (Pu Hau Za Cin) နှင့် Pu William Kam Za Lian တို့သည်လည်း ၁၉၆၃ နှစ်ကုန်ပိုင်းမှစ၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အဆက်အသွယ်ပြုလုပ်ပြီး ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သည့် အာဏာရှင်စနစ်အား တော်လှန်ရန် စတင်လှုပ်ရှားလာခဲ့သည်။ ၎င်းလူငယ်သုံးဦးသည် တော်လှန်ရေးနယ်မြေမှ မြန်မာပြည်သို့ မကြာမကြာ လျှို့ဝှက်ဝင်ရောက်လာခဲ့ကြပြီး တော်လှန်ရေးအတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။ Pu Jimmy Thang Khan Suan သည် မြန်မာပြည်သို့ ပြန်ဝင်လာသည့် အချိန်တိုင်း ဦးလျန်အုပ် (Pu Lian Uk)၊ ဥပဒေဒုတိယနှစ်ကျောင်းသား ထန်ဇပေါင် (Pu Thang Za Pau)၊ ဆလိုင်းကိပ်ခိုလျန် (Salai Kipp Kho Lian) တို့နှင့် တွေ့ဆုံပြီး ချင်းတော်လှန်ရေးအတွက် အမြဲဆွေးနွေးခဲ့ကြသည်။ ထိုအချိန်တွင် အနွိယနိုင်ငံ အရှေ့မြောက်ဘက်၊ ချင်းပြည်နယ်နှင့်နယ်နမိတ်ဆက်စပ်လျက်ရှိသော မီဇိုရမ်ပြည်နယ် လွတ်လပ်ရေးရရှိရေးအတွက် အိန္ဒိယအစိုးရအား လက်နက်တိုက်တော်လှန်သည့် မီဇိုအမျိုးသားတပ်ဦး (Mizo National Front) နှင့်လည်း ဆက်သွယ်မှုများ ပြုလုပ်နိုင်ခဲ့ကြသည်။

ပါလီမာန်ဒီမိုကရေစီပါတီ (PDP) ထူထောင်ခြင်း
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီမှ တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပြီး နိုင်ငံတော် သမ္မတ၊ ဝန်ကြီးချုပ်ဦးနု၊ ဝန်ကြီးများ နှင့် လွှတ်တော်အမတ်များအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ တော်လှန်ရေးကောင်စီသည် ဇူလိုင် ၄ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် (မ.ဆ.လ) ပါတီအား တည်ထောင်ခဲ့ပြီး ၁၉၆၄ ခုနှစ်မှစတင်ကာ နိုင်ငံအတွင်းရှိ စက်ရုံနှင့် ပုဂ္ဂလိက လုပ်ငန်းများအားလုံး ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့သည်။ ဝန်ကြီးချုပ်ဦးနုအပါအဝင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော နိုင်ငံရေးသမားတစ်ချို့အား ၁၉၆၆ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်နေဝင်းမှ ပြန်လွှတ်ပေးခဲ့သည်။ ၁၉၆၈ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းသည် သုံးဆယ်သုံးဦးအကြံပေးအဖွဲ့ဟုလူသိများသည့် ပြည်တွင်းငြိမ်းချမ်းရေးအကြံပေးအဖွဲ့ (Interim Unity Advisory Board) ကိုဖွဲ့စည်းခဲ့ပြီး ထိုအဖွဲထဲတွင် ဦးနု နှင့် လွှတ်တော်အမတ်ဟောင်းများလည်း ပါဝင်ခဲ့ကြသည်။ ချင်းလွှတ်တော်အမတ်များဖြစ်သော ပလက်ဝနယ်လွှတ်တော်အမတ် ဦးထပ်လှိုင် နှင့် တီးတိန်နယ်လွှတ်တော်အမတ် ဦးလွန်ပုမ် (Pu Lun Pum) တို့သည်လည်း ထိုအဖွဲ့ထဲတွင်ပါဝင်ခဲ့ကြသည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် အသစ်ရေးဆွဲ ပြဌာန်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွက် တော်လှန်ရေးကောင်စီသို့ အကြံပေးချက်များ တင်သွင်းရန်ဖြစ်သည်။

၁၉၆၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဦးနုသည် ကြားဖြတ်အစီရင်ခံစာ တစ်စောင်အား ဗိုလ်ချုပ်နေဝင်းထံသို့ တင်သွင်းခဲ့သည်။ ၎င်းအစီရင်ခံစာတွင် ဗိုလ်ချုပ်နေဝင်းမှ သိမ်းခဲ့သောအာဏာအား သူ့ (ဦးနု) ထံသို့ ပြန်လည်လွှဲပြောင်းပေးရန် နှင့် ၁၉၆၂ မတ်လတွင် ဖျက်သိမ်းခဲ့သည့် ပါလီမာန်ကို ပြန်လည်ခေါ်ဆောင်ပြီး အသက်ပြန်သွင်းရန် တို့ဖြစ်သည်။ ထို့နောက် ဦးနုမှပါလီမာန်ခေါ်ယူပြီး ဗိုလ်ချုပ်နေဝင်းအား နိုင်ငံတော် သမ္မတအဖြစ်ခန့်အပ်ရန် အကြံပြုထားသည်။ ဦးနုသည် ဗိုလ်ချုပ်နေဝင်းက သူ့အကြံပေးစာအား လက်ခံမည်မဟုတ်ကြောင်း သိရှိသည့်အတွက် တော်လှန်ရေးဘက်တွင် ခြေလှမ်းစတင်ခဲ့သည်။ သူသည် ကျန်းမာရေးမကောင်းမှုကို အကြောင်းပြပြီး အိနွိယနိုင်ငံသို့ ဆေးကုသခွင့်ပေးရန် အစိုးရထံသို့ တင်ပြခဲ့သည်။ တော်လှန်ရေးအတွက် လျှို့ဝှက်စည်းရုံးရေးလုပ်ဆောင်ခဲ့ပြီး အကြံပေးသုံးဦးဖြစ်သည် ဗိုလ်လက်ျာ (ရဲဘော်သုံးကျိပ်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဟောင်း)၊ ဦးသွင် (ကုန်သွယ်ရေးဝန်ကြီးဟောင်း) နှင့် ဗိုလ်မှူးချုပ်အောင်ကြီး (ဗိုလ်ချုပ်နေဝင်း၏လက်ထောက်) တို့အား လျှို့ဝှက်တိုင်ပင်ခဲ့သည်။ ဦးနုမှ ၎င်းအကြံပေးသုံးဦးအား “ငါတော်လှန်ရေးလုပ်မယ်။ ခင်ဗျားတို့လည်း ပါစေချင်တယ်။ အခုချက်ချင်းအဖြေပေးစရာမလိုဘူး။ အစိုရဆီကနေ အိနွိယနိုင်ငံမှာ ဆေးကုသဖို့ ခွင့်ပြုချက်ရပြီးပြီ။ ငါထွက်ပြီး တစ်လအကြာမှာ တော်လှန်ရေးစတင်တဲ့အကြောင်း ကြေငြာမယ်။ ခင်ဗျားတို့ လာမယ်ဆိုရင် တိုင်းပြည်ထဲကနေထွက်ဖို့ နည်းလမ်းရှာကြပါ။ အပြင်ရောက်မှ အကြောင်းစုံပြန်ဆွေးနွေးကြမယ်” ဟုသူတို့အားပြောထားခဲ့သည်။ ဗိုလ်မှူးချုပ်အောင်ကြီးကမူ တပ်မတော်သားတစ်ဦး အနေဖြင့် ဗိုလ်ချုပ်နေဝင်းနှင့်အတူ သစ္စာရှိစွာရပ်တည်မည်ဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့သည်။

ဦးနုသည် ၎င်းတင်ပြခဲ့သည့် ကြားဖြတ်အစီရင်ခံစာ၏ အဖြေကိုပင် မစောင့်တော့ဘဲ အိနွိယနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ ဗိုလ်လက်ျာ သည်လည်း ကျန်းမာရေးအကြောင်းပြပြီး အိနွိယနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ ဦးနုသည် ဗိုလ်လက်ျာ၊ ဦးလောရုံ (The Nation သတင်းစာ အယ်ဒီတာချုပ်) တို့နှင့် တွေ့ဆုံပြီးနောက် တော်လှန်ရေးကောင်စီအစိုးရအား တော်လှန်ရန်အတွက် စတင်ဆောင်ရွက်ခဲ့ကြသည်။ ၁၉၆၈ သြဂုတ်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံရောက် တော်လှန်ရေးသမားများဖြစ်သော ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုး၊ ဦးဇာလီမော်တို့နှင့် တော်လှန်ရေးအတွက် ဗျူဟာချခဲ့ကြသည်။ ထို့နောက် ဦးနုနှင့်ဦးလောရုံသည် လန်ဒန်မြို့သို့ သွားရောက်ခဲ့ပြီး ၁၉၆၉ ခုနှစ် သြဂုတ် ၂၇ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ဦးနုက သူသာလျှင် မြန်မာနိုင်ငံ၏ တရားဝင်ဝန်ကြီးချုပ်ဖြစ်ပြီး မြန်မာပြည်သူသားများအတွက် ဒီမိုကရေစီ ပြန်လည်မရမချင်း ကြိုးစားအားထုတ်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ပါလီမာန်ဒီမိုကရေစီပါတီ (PDP) ဖွဲ့စည်းပြီးဖြစ်ကြောင်းလည်း ကြေငြာခဲ့သည်။ ထို့နောက် ဦးနုသည် အမေရိကန်နိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပြီး တော်လှန်ရေးလုပ်ဆောင်မည့်အကြောင်း ထပ်မံကြေငြာကာ ထိုတော်လှန်ရေးအတွင် ရံပုံငွေရှာဖွေခြင်းများလည်း ပြုလုပ်ခဲ့သည်။ ဦးနုသည် ဦးလောရုံအား ရန်ပုံငွေရှာဖွေရေးမှူးချုပ် (Chief Fundraiser) အဖြစ် ခန့်အပ်ခဲ့သည်။ ဦးနုတော်လှန်ရေးအတွက် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (CIA) နှင့် အဆက်အသွယ်ရှိသူများ ဘက်မှလည်းကောင်း၊ ကမ္ဘာ့နိုင်ငံတစ်ချို့မှလည်းကောင်း၊ ကမ္ဘာ့ရေနံကုမ္ပဏီများမှလည်းကောင်း ငွေအလုံးအရင်း ဖြင့်ထောက်ပံ့ခဲ့ကြသည်။ CIA တွင်တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိဟောင်း Mr. William Young မှလည်း ဦးနုတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးခြင်းများ ပြုလုပ်ခဲ့သည်။ ဦးနုတို့အဖွဲ့မှရရှိသည့် ရန်ပုံငွေများ၏ အရင်းအမြစ်ကိုမူ ဦးလောရုံမှ ထုတ်ဖော်ခြင်းမရှိခဲ့ချေ။ ပါလီမာန်ဒီမိုကရေစီပါတီ ဥက္ကဌအဖြစ် ဦးနု၊ ဒု-ဥက္ကဌ အဖြစ် ဗိုလ်လက်ျာ ၊ အတွင်းရေးမှူအဖြစ် ဦးလောရုံ၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးသွင် တို့ဖြစ်ကြသည်။ ပါလီမာန်ဒီမိုကရေစီပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် [Patriotic Liberation Army (PLA)] ကိုလည်းဖွဲ့စည်းခဲ့ပြီး စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးလက်ျာ မှ ဦးဆောင်ခဲ့သည်။

ဦးနုခေါင်းဆောင်သည့် ပါလီမာန်ဒီမိုကရေစီပါတီသည် တော်လှန်ရေးအောင်မြင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများသည် အဓိကအချက်အချာကျသည့် အချက်ဖြစ်ကြောင်း သိရှိနားလည်ခဲ့ကြသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ညှိနှိုင်းမှုများပြုလုပ်လာခဲ့ကြသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကမူ ဦးနုအစိုးရမှ နိုင်ငံတော်ဘာသာအား ဗုဓ္ဒဘာသာကြေငြာခဲ့သည့် ဖြစ်ရပ်ကြောင့် ဦးနုအား ခွင့်မလွှတ်နိုင်ခဲ့ကြဘဲ ဦးနုနှင့်ပူးပေါင်းရန် ငြင်းဆန်ခဲ့ကြသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ [Karenni National Progressive Party (KNPP)] မှလည်း ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကရင်နီပြည်နယ် ခွဲထွက်ခွင့်အား တောင်းဆိုကြသည်။ ၁၉၄၈ ခုနှစ်တွင် ကရင်နီခေါင်းဆောင် U Bee Tu Ree လုပ်ကြံခံခဲ့ရသည့် အဖြစ်တွင် ဦးနု၌တာဝန်ရှိသည်ဟု ယုံကြည်ကြပြီး ဦးနုအဖွဲ့နှင့် ဆက်ဆံခြင်းမပြုခဲ့ကြချေ။ ရှမ်းပြည်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း ကနဦးဆက်သွယ်မှုများပြုလုပ်ရာတွင် အဆင်မပြေခဲ့ပေ။ ဦးနုမှ ရှမ်းပြည်လက်နက်ကိုင်တပ်ဖွဲ့နှင့် ဆက်သွယ်ရေး ပြေလည်စေရန်အတွက် ကိုးကန့်အမတ်ဟောင်း နှင့် ရှမ်းပြည်တပ်မတော် (Shan State Army) အရာရှိဟောင်း Jimmy Yang အား ခန့်အပ်ထားခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ချေ။ စီ-အိုင်-အေ အရာရှိဟောင်း Mr. William Young မှလည်း ဝတပ်ဖွဲ့ နှင့် လားဟူ တပ်ဖွဲ့တို့အား ဦးနုအားထောက်ခံရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

ဦးနုတို့အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထဲတွင် အင်အားအကြီးမားဆုံးဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အတူပူးပေါင်းကာ တော်လှန်ရေးလုပ်နိုင်ရန် ကြိုးပမ်းလာခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာ အစပိုင်းတွင် အခက်အခဲနှင့်ကြုံတွေ့ ခဲ့ရသော်လည်း ငွေရေးအင်းအားတောင့်တင်းသော ဦးနုအဖွဲ့သည် KNU နှင့် မွန်ပြည်သစ်ပါတီ [New Mon State Party (NMSP)] တို့ နှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့ကြသည်။ ၁၉၇၀ မေလ ၂၅ ရက်နေ့တွင် National United Liberation Front (NULF) ခေါ် ညီညွတ်သောအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု အားတည်ထောင်ခဲ့ကြပြီး PDP ဥက္ကဌ ဦးနု၊ KNU ဥက္ကဌ ဦးမန်းဘဇံ နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ ဦးနိုင်ရွှေကျင် တို့မှ လက်မှတ်ရေးထိုးပြီး မဟာမိတ်ဖွဲ့နိုင်ခဲ့ကြသည်။ မဟာမိတ်အဖွဲ့ဝင် KNU အား PDP မှ ပထမဆုံး ထိုင်းဘတ်ငွေ လေးသန်း၊ NMSP အား ထိုင်းဘတ်ငွေ နှစ်သန်း ပေးအပ်ခဲ့သည်။ ထိုသို့ NULF ဖွဲ့စည်းရာတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူခဲ့ကြသည်။ ဦးနုတို့အဖွဲ့ဘက်မှလည်း ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ထည့်သွင်းခဲ့ခြင်း မရှိသည့် “ဖက်ဒရယ်” ကိုလက်ခံလာခဲ့ရသည်။ မဟာမိတ်အဖွဲ့သည် စစ်မှန်သော၊ တရားမျှတမှုရှိသော၊ တိုးတက်ပြီး ငြိမ်းချမ်းသော “ဖက်ဒရာယ်ပြည်ထောင်စု (Federal Union Republic)” တည်ထောင်ရန် သဘောတူခဲ့ကြသည်။

ပါလီမာန်ဒီမိုကရေစီပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော PLA တပ်တွင် ဝင်ရောက်ရန် တပ်သားအများအပြား စည်းရုံးနိုင်ခဲ့ကြသည်။ ပြည်တွင်းရှိ နိုင်ငံရေးသမားတစ်ချို့သည်လည်း ဦးနုထံသို့ သွားရောက်ပူးပေါင်းခဲ့ကြသည်။ PLA တပ်သည် မြန်မာ၊ ထိုင်းနယ်စပ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေများတွင် စစ်ဌာနချုပ်သုံးခု ဖွဲ့စည်းခဲ့ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား Jimmy Yang မှလည်းကောင်း၊ အလယ်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ်အား မဲဆောက်မြို့နယ် ဟိုဖိုင်စခန်း တွင်တည်ထောင်ကာ တိုင်းမှူးှဗိုလ်ချုပ်သွင် မှလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဘုရားသုံးဆူစခန်း တွင်တည်ထောင်ပြီး တိုင်းမှူးဗိုလ်ချုပ်ရန်နိုင်တို့မှ ဦးဆောင်ခဲ့ကြသည်။ လက်တွေ့တွင်မူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သည် အမည်ခံမျှသာဖြစ်ပြီး ဦးနုအဖွဲ့အား ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များမှ ထောက်ခံရန် ညှိနှိုင်းဆွေးနွေး နိုင်ခြင်းမရှိခဲ့ချေ။ မဟာမိတ်အဖွဲ့သည် ဦးနုအမည်ပါ ပိုက်ဆံ နှင့် ရွှေဒင်္ဂါးပြားစေ့များလည်း ထုတ်လုပ်ခဲ့ပြီး နိုင်ငံတကာ သံရုံးများသို့ သူတို့အား အသိအမှတ်ပြုနိုင်ရန် ပေးပို့ခဲ့ကြသည်။ ဦးနုသည် NULF မဟာမိတ်ရေဒီယိုအား ၁၉၇၀ မေလမှ စတင်ထုတ်လွှင့်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးသို့ ဗိုလ်ချုပ်နေဝင်းအစိုးရအား ဆန့်ကျင်သည့် သတင်းများ ထုတ်လွှင်ခဲ့သည်။
+++++++++++++++++++++++++++++++++++++
ဆက်လက်ဖော်ပြပါမည်။
အပိုင်း (၂) တွင် Major William Sa Lian Zam (ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း)၊ မတူပီနယ်မှ ချင်းလွှတ်တော်အမတ်ဟောင်း ဦးမန်တလင်းနှင့်အဖွဲ့ တော်လှန်ရေးနယ်မြေသို့ ထွက်ခွာခဲ့ပြီး ချင်းဒီမိုကရေစီပါတီ (Chin Democracy Party) ဖွဲ့စည်းသည့်အကြောင်းများ ဖော်ပြသွားမည်ဖြစ်သည်။