ချင်းပြည်နယ်ရဲ့ပဉ္စမ မြောက်လေယာဉ်ကွင်းကို တီးတိန်မြို့နယ်တွင် ကွင်းဆင်းတိုင်းတာ

တီးတိန်မြို့နယ်မှာ ဆိုင်းဇန်ရွာမှာ လေယာဉ်ကွင်းတည်ဆောက်ဖို့ မြေနေရာတိုင်းတာတဲ့ နေရာအားတွေ့ရစဉ် (ဓာတ်ပုံ- Do Khan Tuang)

ချင်းပြည်နယ်ရဲ့ပဉ္စမမြောက်လေယာဉ်ကွင်းကို တီးတိန်မြို့နယ်တွင် ကွင်းဆင်းတိုင်းတာ

ချင်းပြည်နယ်ရဲ့ ပဉ္စမ မြောက်လေယာဉ်ကွင်းဖြစ်လာမယ့် တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာမှာ လေယာဉ်ပြေးလမ်းကို သုံးရက်ကြာ ကွင်းဆင်းတိုင်းတာနေတယ်လို့သတင်းရရှိပါတယ်။

နေပြည်တော်မှ လေကြောင်းပို့ဆောင်ရေးဌာနကနေ လူ ၁၅ ယောက်ခန့်က ဇွန်လ ၁၆ ရက်တွင်ရောက်လာပြီး ဇွန်လ ၁၈ ရက်ထိ သုံးရက်ကြာမြေနေရာတိုင်းတာကြပါတယ်။

ဆိုင်းဇန်ကျေးရွာဟာ တီးတိန်မြို့ကနေ ၇ မိုင်ဝေးပြီး မြို့ရဲ့ အနောက်တောင်ဘက်ခြမ်းမှာတည်ရှိပါတယ်။ ယင်းနေရာဟာ ဂျပန်ခေတ်တွင် မြေသားလမ်းနဲ့ လေယာဉ်တွေဆင်းသက်တဲ့နေရာလည်းဖြစ်ပါတယ်။

ပလက်ဝမြို့နယ် ကြက်ယက်ကိုင်းကျေးရွာမှာ လေယာဉ်အတွက် ကွင်းဆင်းစစ်ဆေးနေကြစဉ် (ဓာတ်ပုံ -Ram Za Uk)

ဒီကိစ္စနဲ့ပတ်သက်ပြီး တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဂိုဆွမ်ခိုင်က “တာဝန်ရှိသူတွေကတော့ မြေပြင်အနေအထားကောင်းတယ်လို့ပြောတယ်။ ဘယ်တော့ဆောက်မလဲဆိုတာတော့မသိသေးဘူး။ ဘာလို့လဲဆိုရင် ၁၉-၂၀ ဘတ်ဂျက်မှာလည်းမပါဘူးဆိုတော့။ ဒီဟာက လူ ၁၉ ယောက်ဆံ့တဲ့ လေယာဉ်ငယ်တွေဆင်းသက်နိုင်မယ်လို့ပြောတယ်။ ပြေးလမ်းက အလျားပေ သုံးထောင် တိုင်းထားတယ်။ တကယ်အကောင်အထည်ဖော်လာမယ်ဆိုရင် အဲ့နေရာက တောင်ယာစိုက်တဲ့သူတွေကလည်း ဒေသဖွံ့ဖြိုးဖို့ တောင်ယာမြေတွေလှူဒါန်းဖို့ သဘောတူလက်မှတ်ထိုးကြပြီ” လို့ပြောပါတယ်။

ချင်းပြည်နယ်တွင် ဖလမ်းလေယာဉ်ကွင်း၊ မတူပီမြို့နယ် လိုင်လင်းပီလေယာဉ်ကွင်း တွေစတင်တည်ဆောက်လျက်ရှိပြီး ပလက်ဝမြို့နယ် ကြိယက်ကိုင်းကျေးရွာတွင် လေယာဉ်ကွင်းတည်ဆောက်ရန် ၂၀၁၈ မေလ (၅)ရက်တွင်လည်းကောင်း၊ ထန်တလန်မြို့နယ်နဲ့ ၅ မိုင်အကွာ ဗွီချစ်(ပ်)တောင်မှာ လေယာဉ်တည်ဆောက်ဖို့ ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင်လည်းကောင်း လေယာဉ်ပြေးလမ်းတိုင်းတာထားပါတယ်။