ချင်းပြည်နယ် (၄)မြို့နယ်အပါအဝင် မြို့နယ် (၁၇)ခုအတွက် ကန်ဒေါ်လာ သန်း (၂၀၀)ကျော်အသုံးပြုမယ်

ချင်းပြည်နယ် (၄)မြို့နယ်အပါအဝင် မြို့နယ် (၁၇)ခုအတွက် ကန်ဒေါ်လာ သန်း (၂၀၀)ကျော်အသုံးပြုမယ်

ချင်းပြည်နယ် ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ နဲ့ တီးတိန်မြို့နယ်အပါအဝင် မြို့နယ် (၁၇)ခုတွင် လူထုဖွံ့ဖြိုးရေးစီမံကိန်းလုပ်ဆောင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၂၄၄ကျော်သုံးစွဲဖို့ ချေးငွေရယူရန်လွှတ်တော်ရဲ့သဘောတူညီချက်စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

စက်တင်ဘာ (၉)ရက်နေ့တွင်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အထက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

စီမံကိန်းအကောင်အထည်ဖော်မယ့်မြို့နယ်တွေကတော့ချင်းပြည်နယ်ရှိဖလမ်း၊ဟားခါး၊ထန်တလန်နှင့်တီးတိန်၊ဧရာဝတီတိုင်းရှိဖျာပုံ၊လပ္ပတ္တာ၊ဘိုကလေး၊တနင်္သာရီတိုင်းရှိလောင်းလုံ၊ရေဖြူ၊သရက်ချောင်း၊စစ်ကိုင်းတိုင်းရှိမင်းကင်း၊မော်လိုက်၊ဖောင်းပြင၊်ကလေးဝ၊လေရှီး၊လဟယ် နဲ့ နန်းယွန်းမြို့နယ် တို့တွင်ဆောင်ရွက်သွားပါမယ်လို့ပြောပါတယ်။

ဒေါ်လာသန်း ၁၅၀ ကျော်ကို လူထုထံတိုက်ရိုက် အစိုးရကချပေးမှာဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ဖျာပုံ၊ဟားခါး၊လဟယ်၊ကလေးဝ နဲ့ လောင်းလုံမြို့နယ်တို့တွင် စတင်အကောင်အထည်ဖော်မှာဖြစ်တယ်။
အာရှာဖွံ့ဖြိုးရေးဘဏ်မှ ဒေါ်လာ ၁၈၅ သန်းချေးယူရန်စီစဉ်ထားပြီး ချေးငွေသက်တမ်းမှာ ၃၂ နှစ်ဖြစ်ပြီးဆိုင်းငံ့ကာလ ၈ နှစ်အတွက်အတိုး ၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ အတိုးနဲ့ အရင်းပြန်ဆပ်မယ့် ၂၄ နှစ်အတွက် အတိုး ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒီချေးငွေနဲ့ပတ်သက်ပြီး လွှတ်တော်မှာဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့ပြင် ဒီစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၁၀ သန်း၊ ဥရောပသမဂ္ဂက ဒေါ်လာ ၂၇ သန်း၊ ဂျပန်က ဒေါ်လာ ၃ သန်းထောက်ပံ့ပေးမှာဖြစ်ပြီး အစိုးရက ဒေါ်လာ ၁၉ သန်းကျော်ထည့်ဝင်မှာဖြစ်ပါတယ်။ စီမံကိန်းကာလမှာ ယခုဘဏ္ဍာနှစ်မှ ၂၀၁၅-၂၆ ဘဏ္ဍာနှစ်ထိ ၇ နှစ်ကြာမှာဖြစ်တယ်။

စီမံကိန်းလုပ်ဆောင်တဲ့ချိန်မှာ ပြည်သူအခြေပြုဖွံ့ဖြိုးရေးနည်းလမ်းဖြင့်ဆောင်ရွက်မှာဖြစ်ပြီး ကျေးရွာလူထုရဲ့ လိုအပ်ချက်တွေကို ၎င်းတို့သဘောတူရွေးချယ်ဆောင်ရွက်မှာဖြစ်တယ်။ စီမံကိန်းအမျိုးအစားကတော့ သဘာဝဘေးဒဏ်ခံနိုင်တဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်း နဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများဆိုပြီး ခွဲခြားထားပါတယ်။