ချင်းပြည်နယ်အတွင်း နိုင်ငံရေးကိုယ်စားပြုမှုနှင့် လူထုပါဝင်ဆောင်ရွက်မှုကို လေ့လာခြင်း

Za Peng Lian
မြန်မာ့နိုင်ငံရေးစနစ်သည် ကိုယ်စားပြုဒီမိုကရေစီစနစ်အပေါ်တွင် ခြေခံထားပါသည်။ ကိုယ်စားပြု ဒီမိုကရေစီဆိုသည်မှာ “ပြည်သူများအတွင်းမှ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော ကိုယ်စားလှယ်များကို ရွေးချယ်အာဏာအပ်နှင်း၍ ၎င်းတို့က ပြည်သူများ ကိုယ်စား ဥပဒေပြုခြင်း၊အပြန်အလှန် ထိန်းကျောင်းခြင်းနှင့်ပြည်သူများ ၏အကျိုးစီးပွား ကာကွယ်ခြင်းတို့ ဆောင်ရွက်ရသောစနစ်” ဖြစ်ပါသည်။ လူထုအစိုးရတစ်ရပ်ကို ရရှိရန် အနီးစပ်ဆုံးနည်းလမ်းမှာ ကိုယ်စားပြုစနစ် ပင်ဖြစ်ပါသည်။ ကိုယ်စားပြုခြင်းဟုဆိုရာဝယ် ရွေးကောက်ခံကိုယ်စားလှယ်များကသာ နိုင်ငံရေးနှင့်အများပြည်သူဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ် အကောင်အထည်ဖော်ခြင်းမျိုးမဟုတ်ဘဲ ပြည်သူလူထု၏လိုအင်၊ လိုအပ်ချက်များကို မျက်မှောက်ပြုရှေးရှုလျှက် ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက် ရသော နိုင်ငံရေးစနစ်ကို ဆိုလိုပါသည်။

ဤဆောင်းပါးတွင် Chinbridge Institute မှ “ချင်းပြည်နယ်အတွင်း နိုင်ငံရေး ကိုယ်စားပြုမှုနှင့် လူထုပါဝင်ဆောင်ရွက်မှုအဆင့်ကို သိမြင်နားလည်ခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလတွင် ပြုလုပ်၊ထုတ်ဝေခဲ့သော သုတေသနတွေ့ရှိချက် များကို အခြေခံ၍ စာရေးသူ၏ကိုယ်ပိုင်သုံးသပ်ချက် တစ်ချို့နှင့်အတူ ရေးသားတင်ပြ သွားမည် ဖြစ်ပါသည်။

လူထု၏နိုင်ငံရေးအပေါ် စိတ်ပါဝင်စားမှု

စစ်တမ်းရလဒ်အရ ချင်းပြည်နယ်ရှိ ပြည်သူလူထု၏ နိုင်ငံရေးအပေါ် စိတ်ပါဝင်စားမှု မှာ အလွန်နည်းပါးနေသည်ကို တွေ့ရှိရပါသည်။ ချင်းပြည်နယ်ရှိ မြို့နယ် (၉) ခုမှ စစ်တမ်း ဖြေဆိုသူ ၁၄% ကသာ နိုင်ငံရေးကို “အလွန်စိတ်ပါဝင်စား”ကြောင်း ဖြေကြားထားပါသည်။ ထို့အပြင် စစ်တမ်းဖြေဆိုသူ သုံးပုံတစ်ပုံ (၃၃%) သာလျှင်နိုင်ငံရေးကို “အတန်အသင့် စိတ်ပါ ဝင်စားသူများ” ဖြစ်ကြသည်။ ခြုံငုံပြီးဆိုရလျှင် စစ်တမ်းဖြေဆိုသူ ၄၇% ကနိုင်ငံရေးကို စိတ်ပါဝင်စားကြပြီး၊ ၅၃% ကနိုင်ငံရေးကို စိတ်မဝင်စားကြကြောင်း တွေ့ရှိရပါသည်။ အံ့ဩဖွယ်ကောင်းသည့်အချက်တစ်ခုမှာ စစ်တမ်းဖြေဆိုသူအများစု (၆၀%)က မိမိဒေသန္တရ ဆိုင်ရာနိုင်ငံရေးကို စိတ်ပါဝင်စားကြသော်လည်း မိမိဒေသ၏ မဲဆန္ဒနယ်တာဝန်ခံ ကိုယ်စားလှယ် မည်သူမည်ဝါဖြစ်ကြောင်းကိုမူ စစ်တမ်းဖြေဆိုသူ ၂၆% ကသာ တိကျမှန်ကန် စွာ ဖြေဆိုဖော်ပြ နိုင်ခဲ့ပါသည်။ ၇၄% ကမူ “မသိပါ” ဟုဖြေဆို တုန့်ပြန်ခဲ့ပါသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ချင်းပြည်နယ်၏ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် စိတ်ပါဝင်စားမှု မရှိသော လူထုဉီးရေ အတော်အတန်ရှိနေသေးကြောင်း မှတ်ချက်ချမိ ပါသည်။ မြန်မာတစ်နိုင်ငံလုံးကို ခြုံငုံ၍ ကြည့်မည်ဆိုလျှင်လည်း PEACE အဖွဲ့၏ စစ်တမ်းကောက်ယူမှုရလဒ်အရ နိုင်ငံရေးနှင့်ပတ်သက်လာလျှင် မည်သည့်မေးခွန်းမေးမေး “မသိပါ”ဟုဖြေဆိုတုန့်ပြန်သည့် လူဦးရေ အင်မတန်များပြားနေသေးကြောင်း သိရှိရ ပါသည်။

ပြည်သူလူထုအနေဖြင့် မိမိဒေသ၏ လက်ရှိနိုင်ငံရေးအခြေအနေ မည်သို့မည်ပုံ ဖြစ်နေ ကြောင်းနှင့်ပတ်သက်ပြီး ယတိပြတ်ဆုံးဖြတ်ချက် မရှိနိုင်ခြင်းသည် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုကို နှောင့်နှေးကြန့်ကြာစေနိုင်ကြောင်း သတိပြုမိပါသည်။ လူထုအကျိုးစီးပွား ကိစ္စရပ်များကို လူထုကိုယ်တိုင်က စိတ်ဝင်တစား အရေးယူလေ့လာစောင့်ကြည့်ရမည်မှာ နိုင်ငံသားကောင်းတို့တွင် မရှိမဖြစ်ထားရှိအပ်သည့် အင်္ဂါရပ်တစ်ခုပင်ဖြစ်သည်။ အနည်းဆုံး တော့ မိမိနေထိုင်ရာ ပြည်နယ်/မြို့နယ်၏ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ခြေမပျက် လေ့လာသုံးသပ်၊ သိမြင်နားလည်နိုင်သူဖြစ်အောင် ယခုထက်မက အဆပေါင်းများစွာ ကြိုးစားအားထုတ်သင့်ပါသည်။

ပြည်သူလူထု၏ နိုင်ငံရေးပါဝင်ဆောင်ရွက်မှု

Chinbridge Institute ၏ သုတေသနတွင် လူထုအနေဖြင့် မည်သည့်နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို မေးမြန်းစုံစမ်းခဲ့ပါသည်။ တွေ့ရှိချက် တစ်ခုအရ ရွေးကောက်ပွဲတွင်မဲပေးခြင်းသည် ချင်းပြည်နယ် ပြည်သူလူထုအများစု၏ အထင်ရှားဆုံး နှင့်အလွယ်ကူဆုံးနိုင်ငံရေး ပါဝင်ဆောင်ရွက်သည့် အခွင့်အလမ်း ပင်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ စစ်တမ်းဖြေဆိုသူ ၇၅% ကလွန်ခဲ့သည့် ရွေးကောက်ပွဲ များတွင် မဲပေးခဲ့ကြသည်။ သို့သော် ရွေးကောက်ပွဲတွင် မဲပေးခြင်းထက် ပိုမိုအချက်အချာ ကျသည့် နိုင်ငံရေးနှင့် အများပြည်သူဆိုင်ရာကိစ္စရပ်များတွင် လူထုပါဝင်ဆောင်ရွက်မှု အတိုင်းအတာသည် အလွန်ပင် နိမ့်ကျနေသေးကြောင်း တွေ့မြင်ရပါသည်။ လူထုအများစု (၆၇%) ကအစိုးရတာဝန်ရှိသူ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစည်းအဝေးပွဲ များသို့ တက်ရောက်ပါဝင်ခဲ့ကြသော်လည်း ရပ်ရွာပြဿနာဆိုင်ရာစုဝေး ဆွေးနွေးမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သူ လူထုမှာ ၃၂% သာရှိပါသည်။ နိုင်ငံရေးနှင့်အများပြည်သူဆိုင်ရာ ကိစ္စရပ်တစ်ခုခုကို ပံ့ပိုးရန် အလှူငွေ ထည့်ဝင်သူဦးရေမှာ ၅% သာရှိသည်။ အင်တာနက် သို့မဟုတ် လူမှုကွန်ယက်စာမျက်နှာများပေါ်က နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုတို့တွင် ပါဝင် ဆွေးနွေးနှီးနှောဖလှယ်ခဲ့သည့် လူထုဦးရေ ၆% မျှသာရှိသည်။ အင်တာနက် သို့မဟုတ် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် နိုင်ငံရေးနှင့် ပတ်သက်သောဆောင်းပါး၊ အတွေးအမြင် နှင့် သတင်းအချက်အလက်များ ရေးသား၊ လက်ဆင့်ကမ်းမျှဝေခဲ့သူ ၁၃% မျှသာရှိသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုသည် လူထုပါဝင်ဆောင်ရွက်မှုအပေါ် များစွာ တည်မှီနေပါသည်။ လူထုအနေဖြင့် မိမိတို့၏အစိုးရ သို့မဟုတ် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲများမှတဆင့် အတိုင်းအတာတစ်ခုထိ လွှမ်းမိုးထိန်းချုပ် နိုင်သော်လည်း ရွေးကောက်ပွဲမသမာမှု မည်မျှအတိုင်းအတာအထိ ရှိနေမည်ကိုလည်းကောင်း၊ ရွေးကောက်ပွဲ အပြီး ရွေးချယ်ခံကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို လူထုအနေဖြင့် လွှမ်းမိုး ထိန်းချုပ်နိုင်သည်မဟုတ်တော့ပေ။ ရွေးချယ်ခံနိုင်ငံရေးသမားများက ရွေးကောက်ပွဲ ကာလအတွင်း ပြည်သူကိုချပြခဲ့သော မူဝါဒနှင့်ကတိကဝတ်များကို အမှန်တကယ် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုရှိလာနိုင်အောင် တာဝန်သိပြည်သူလူထု အနေဖြင့် လွှမ်းမိုးထိန်းကျောင်းပေးနိုင်သော အင်အားရှိပြည်သူများဖြစ်ဖို့ အလွန်လိုအပ်လှပါသည်။ ပြည်သူလူထုတစ်ရပ်လုံး တိုက်ရိုက်ပူးပေါင်းပါဝင် ဆောင်ရွက်မှုရှိမှသာလျှင် ကိုယ်စားလှယ် များနှင့် လူထုအကြားပိုမိုကောင်းမွန်သည့် ဆက်သွယ်ဆက်ဆံမှုကို တည်ဆောက်နိုင်မည် ဖြစ်သည်။

ကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် လူထုအမြင်သဘောထား

စစ်တမ်းကောက်ယူမှုရလဒ်အရ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိမဲဆန္ဒရှင် ပြည်သူများ၏လိုအင်၊ လိုအပ်ချက်များကို သိမြင်နားလည်ကြကြောင်း စစ်တမ်းဖြေဆိုသူ ထက်ဝက်နီးပါး (၄၆%) က လက်ခံယုံကြည်ကြသည်။ လွှတ်တော်ကိုယ်စားလှယ်များက မိမိမဲဆန္ဒရှင်ပြည်သူများ၏လိုအင်၊ လိုအပ်ချက်များကို တုန့်ပြန်ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်သည်ဟု စစ်တမ်းဖြေဆိုသူ ၃၅% ကထင်မြင်ယူဆထားပါသည်။ သို့သော်ငြားလည်း ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု အပေါ်တွင်မူ လူထုအများစုက အလွန်အားရကျေနပ်မှုမရှိကြကြောင်း တွေ့မြင်ရပါသည်။ ကိုယ်စားလှယ် များအနေဖြင့် မိမိမဲဆန္ဒနယ်များကို ပိုမိုသွားရောက်သင့်ကြောင်း စစ်တမ်းဖြေဆိုသူ ၇၉% က ဝေဖန်အကြံပြုခဲ့ပါသည်။ မိမိမဲဆန္ဒနယ်ကျေးရွာဒေသများသို့ တစ်ကြိမ်တစ်ခါမျှတောင် သွားရောက်လည်ပတ် တွေ့ဆုံဖူးခြင်းမရှိသည့် ကိုယ်စားလှယ်များပင်ရှိကြောင်း သိရှိရ ပါသည်။ ဤတွေ့ရှိချက် အထောက်အထားများအရ ကိုယ်စားလှယ်များအနေဖြင့် မိမိမဲဆန္ဒနယ်ရှိပြည်သူများကို လုံလုံလောက်လောက် သွားရောက်တွေ့ဆုံနိုင်ခြင်းမရှိကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။

ထို့အပြင် ပြည်သူလူထုအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များအပေါ် ထားရှိသည့် ယုံကြည်မှုအတိုင်းအတာမည်မျှရှိသည်ကို မေးမြန်းခဲ့ရာတွင် ကိုယ်စားလှယ်များ အပေါ်လူထု ၏ယုံကြည်မှုသည် အနည်းငယ်မျှသာရှိကြောင်း တွေ့ရှိရပါသည်။ ရွေးချယ်ခံနိုင်ငံရေးသမား များက ရွေးကောက်ပွဲကာလအတွင်း ပြည်သူကိုချပြခဲ့သော မူဝါဒ၊ရပ်တည်ချက်နှင့် ကတိကဝတ်များအတိုင်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိကြကြောင်း စစ်တမ်းဖြေဆိုသူ ထက်ဝက်နီးပါး (၄၉%) ကဝေဖန်ထောက်ပြခဲ့ပါသည်။ လွှတ်တော် ကိုယ်စားလှယ် အများအပြားသည် လူထုအကျိုးစီးပွားထက် မိမိအကျိုးစီးပွားအတွက်သာ နိုင်ငံရေးလုပ်ကိုင် ဆောင်ရွက်ကြသည်ဖြစ်၍ မိမိ၏မဲဆန္ဒနယ်များကိုပင် ရံဖန်ရံခါမျှသာ သွားရောက် တွေ့ဆုံနိုင်ခြင်းဖြစ်ကြောင်း စစ်တမ်းဖြေဆိုသူ တချို့က သတိပြုသုံးသပ် ခဲ့ပါသည်။

အမှန်စင်စစ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထုနှင့် အကြိမ်ကြိမ်ထိတွေ့ဆက်ဆံနိုင်မှသာ ၎င်းတို့၏ မဲဆန္ဒနယ်ရှိ ဒေသဆိုင်ရာပြဿနာများကို ပိုမိုနားလည် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။ မိမိမဲဆန္ဒနယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ အရည်အသွေးကောင်မွန်ရန် စစ်ဆေးမှုများကိုလည်း ပိုမိုပြုလုပ်ရန် အလွန်ပင် လိုအပ်နေသေးကြောင်း သတိပြုမိပါသည်။ အမှန်စင်စစ် ပြည်သူလူထု၏ နိုင်ငံရေးပူးပေါင်းပါဝင်ဆောင်ရွက်မှု အတိုင်းအတာသည် လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင်၏ကောင်းမွန်ထိရောက်စွာ ကိုယ်စားပြုဆောင်ရွက်နိုင်မှု အတိုင်းအတာအပေါ်တွင် တည်မှီနေပါသည်။ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများအကြား အကြိမ်ကြိမ်ထိတွေ့ ဆက်ဆံရသည့်စနစ် (Public Engagement) ရှိမှသာလျှင် စစ်မှန်သောကိုယ်စားပြုခြင်းကို အကောင်အထည်ဖော် နိုင်မည်ဖြစ်သည်။ ထို့အပြင်နိုင်ငံရေးနှင့် အများပြည်သူဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လူထုအလွှာပေါင်းစုံပါဝင် ဆွေးနွေးဆုံးဖြတ်သောစနစ် (Participatory Decision-making) နှင့်လူထုကိုယ်တိုင် တိုက်ရိုက် ပါဝင်ဆုံးဖြတ်သော လူထုဆန္ဒခံယူပွဲ (Referendum) များကျင့်သုံးနိုင်မှသာလျှင် စစ်မှန်သောကိုယ်စားပြုခြင်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ကိုယ်စားပြုအစိုးရအနေဖြင့် လူထုအချုပ်အခြာအာဏာ (Popular Sovereignty) ဟူသော ဒီမိုကရေစီစံနှုန်းကို အနီးစပ်ဆုံး ဖော်ဆောင်ပေးနိုင်မှသာလျှင် “ကိုယ်စားလှယ်ဗဟိုပြုအစိုးရပုံစံ” မှေးမှိန် ပျောက်ကွယ်သွားနိုင်မည်ဖြစ်ပြီး ဒီမိုကရေစီ၏မူလ အနှစ်သာရဖြစ်သော “ပြည်သူ့ဗဟိုပြုအစိုးရပုံစံ” ပိုမိုအားကောင်းလာမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်း