ချင်းပြည်ရဲ့ပထမဆုံး ဝဥလွှာခြောက်စက်ရုံ တည်ဆောက်တဲ့ ကုမ္ပဏီတာဝန်ရှိသူနဲ့တွေ့ဆုံမေးမြန်းခြင်း

မကြာမီ ဖွင့်လှစ်တော့မယ့် ချင်းပြည်နယ်ရဲ့ ပထမဆုံး ဝဥ အလွှာခြောက်စက်ရုံအကြောင်းနဲ့ပတ်သက်ပြီး စက်ရုံကိုတည်ဆောက်တဲ့ ချင်းတောင်ရတနာကုမ္ပဏီရဲ့ Business Development Director ကျော်သူ နဲ့ Zalen Media တွေ့ဆုံမေးမြန်းထားတာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
ဥဝအလွှာခြောက်စက်ရုံဟာ မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာအနီးမှာ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်က ဝဥစိုက်တောင်သူတွေက စုပေါင်းပြီးတည်ထောင်ထားတဲ့ ချင်းတောင်ရတနာကုမ္ပဏီကတည်ဆောက်ထားပြီး ဇန်နဝါရီလ (၂၆)ရက်မနက်ပိုင်းမှာ ဖွင့်လှစ်ဖို့စီစဉ်နေပါတယ်။

မေး။ တည်ဆောက်ရေးလုပ်ငန်းက ဘယ်လောက်ကြာလဲ။ စက်ရုံအကျယ်အဝန်းကကော ဘယ်လောက်ကျယ်တာလဲ။
ဖြေ။ စက်ရုံက ပေ ၆၀x ပေ ၁၈၀ ပေါ့နော်။ မြေကတော့ ၆ ဒသမ ၅၇ ဧကရှိတယ်။ တည်ဆောက်ရေးကာလကတော့ ၃ လကျော် ၄လလောက်ကြာတယ်။

မေး။ ကုန်ကျစရိတ်ကဘယ်လောက်ရှိလဲ။
ဖြေ။ စက်ရုံ တည်ဆောက်ရေး ကုန်ကျစရိတ်က သိန်း ၁၅၀၀ ပေါ့။ စက်ကတော့ အကုန်စာရင်းမချုပ်ရသေးတော့ ပြောလို့မရသေးဘူး။ မီးမရှိတော့ မီးစက်လည်းဝယ်ရတယ်။ မီးကတော့ အစိုးရက မကြာခင်လုပ်ပေးဖို့ ကုမ္ပဏီနဲ့ နားလည်မှုစာချွန်လွှာလက်မှတ်ထိုးထားတယ်။ ဘတ်ဂျက်ထဲမှာလည်းထည့်ထားပြီ။

မေး။ အစိုးရက ဝဥစက်ရုံတည်ဆောက်ဖို့ သိန်း ၂၀၀၀ လောက်ချေးဖို့လျာထားတယ်လို့ကြားတယ်။
ဖြေ။ ဟုတ်တယ်။ ဒါပေမယ့် အဲ့ဒီငွေတွေကျနော်တို့မရသေးပါဘူး။ ထုံးစံတိုင်းပဲ ဘဏ်ရဲ့ လုပ်ငန်းစဉ်အတိုင်းဖြတ်ရမယ်ဆိုတော့။

မေး။ သုံးပြီးသား သိန်း ၁၅၀၀ ကကော ဒီကုမ္ပဏီက ဝဥတောင်သူတွေရဲ့အစုအဖွဲ့ပိုင်ဆိုတော့ တောင်သူတွေထည့်ဝင်တဲ့ပိုက်ဆံတွေပဲလာ။
ဖြေ။ ကျနော်တို့မှာ ကန်ပက်လက်၊ မင်းတပ်၊ နဲ့ မတူပီကနေ အစုရှယ်ယာဝင် ၄၂ ယောက်ရှိတယ်။ သူတို့ထည့်ထားတဲ့ငွေတွေရှိတယ်။ ပြီးတော့ ဧရာဝတီဘဏ်ကနေ ချေးငွေ သိန်း ၂၀၀၀ ယူထားတယ်။ လောလောဆယ် ကျနော်တို့ အဲ့ဒါနဲ့ လည်နေတယ်။ ကုန်ကြမ်းဖိုးကော ဘာကောညာကော ဆိုရင် တစ်နှစ်စာကုန်ကျစရိတ်က သိန်း နှစ်သောင်းဖိုးလောက်ရှိတယ်။ အခု စမ်းလည်ပတ်ပြီ။ ၂၄ နာရီတော့ မလည်ရသေးဘူး။ ခုတော့ မလည်ရသေးဘူး။ အရည်အသွေးကိုကြည့်နေတာ။

မေး။ ဘာကြောင့် ကျောက်မီးသွေးမသုံးပဲနဲ့ လျှပ်စစ်ဓာတ်အားကို သုံးရတာလဲ။ ဒီလို လျှပ်စစ်ဓာတ်အားသုံးတာက ဝယ်ယူမယ့်သူတွေရဲ့သတ်မှတ်ချက်ကြောင့်လာ။
ဖြေ။ နံပါတ်ကတော့ လျှပ်စစ်နဲ့ ကျောက်မီးသွေးဆို ကျောက်မီးသွေးက ကုန်ကျစရိတ်ပိုသက်သာတာပေါ့ဗျာ။ ကျနော်တို့က အပူနဲ့အခြောက်ခံမှာဆိုတော့ ကျောက်မီးသွေးထိုးလိုက်လို့ရှိရင် ခဏလေးနဲ့ အပူကရတယ်။ လုပ်ရတာလည်းလွယ်တယ်။ နည်းပညာလည်းလွယ်တယ်။ ပိုက်ဆံလည်း ကုန်ကျစရိတ်လည်းသက်သာတယ်။ ဘာဖြစ်လို့ လျှပ်စစ်ကိုရွေးတာလဲဆိုရင် လက်ရှိဗမာပြည်မှာ ကျောက်မီးသွေးသုံး ဝဥစက်ရုံတွေက အများကြီးပဲ။ လည်လည်း လည်နေကြပြီပေါ့နော်။ စက်ရုံတိုင်းအားလုံးလိုလိုက ကျောက်မီးသွေးသုံးထားတယ်။ ကျောက်မီးသွေးက ကျန်းမာရေးပြဿနာက ရှိနေတယ်။ ထုတ်လိုက်တဲ့အခိုးအငွေ့တွေသန့်စင်ပြီးမှမထုတ်ရင် အနည်းနဲ့အများတော့ အန္တရာယ်ရှိတာပေါ့။ အဲ့တွက်ဘာမှမပြောလိုဘူး။ ချင်းတောင်တန်းက နဂိုကတည်းက လေတွေသန့်ပြီးသားဆိုတော့ ပတ်ဝန်းကျင်ကိုလုံးဝထိခိုက်စေမယ့်ဟာ မသုံးပဲနဲ့ စက်က ကျောက်မီးသွေးစက်ထက် ဈေးပိုများတယ်။ ပိုကုန်တယ်။ အဲ့ဒါကို သိသိနဲ့စံပြဖြစ်အောင် ကျနော်တို့က လည်တာပေါ့။ ဒီဟာက မြန်မာပြည်မှာ လျှပ်စစ်နဲ့လည်တဲ့ ပထမဆုံး ဝဥစက်ရုံပေါ့နော်။

မေး။ စက်တွေကကော ဘယ်နိုင်ငံက ထုတ်လုပ်ထားတာလဲ။
ဖြေ။ စက်ကတော့ လောလောဆယ် တရုတ်ပြည်က ဝယ်ထားတာ။ ဒါပေမယ့် ISO လက်မှတ်ရထားပြီးသား။ အားသားချက်က အပူပေးပြီးတော့ ခြောက်တဲ့နည်းပညာနဲ့ လေကို ပူအောင်လုပ်လိုက်တာဗျာ။ အဲ့ဒီ လေပူနဲ့ အခြောက်ခံလိုက်တာပေါ့နော်။ ပြန်ရောင်းမှာကလည်း တရုတ်တို့၊ ဂျပန်တို့၊ ကိုးရီးယားတို့ကိုပြန်ရောင်းမှာဆိုတော့ တရုတ်ကလည်း ချမ်းသာလာတယ်။ လူနေမှုအဆင့်အတန်းမြင့်လာတယ်ဆိုတော့ သူတို့ကလည်းတောင်းဆိုလာပြီ။ ကျောက်မီးသွေးသုံးဆိုမဝယ်တော့ဘူးလို့၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မယ့်ဟာမျိုးမလုပ်တော့ဘူးဆိုတဲ့ဟာမျိုးဖြစ်လာတယ်။ မကြာခင်အချိန်မှာပဲ ကျောက်မီးသွေးသုံးပြီးလည်တဲ့ဟာ မဝယ်တော့ဘူးဆိုတဲ့ ပြဿနာက လာတော့မယ်။ ဈေးကွက်ကလည်း အဲ့လိုတောင်းဆိုလာမှာပေါ့နော်။ ကျနော်တို့ကတော့ ကိုယ့်ရှေ့အတွက်ကြိုစဉ်းစားတယ်။

မေး။ ဝဥကို တစ်နေ့ ဘယ်လောက်ထုတ်နိုင်မလဲ။ ဘယ်လိုမျိုး အဆင့်ထိထုတ်နိုင်မလဲ။
ဖြေ။ ကျနော်တို့ စက်က အလွှာခြောက်ပဲထုတ်နိုင်မယ်။ အမှုန့်တို့တော့မဖြစ်သေးဘူး။ ကုန်ကြမ်းအစိုကို တစ်နေ့ တန်ချိန် အနည်းဆုံး ၁၂ တန် အများဆုံး ၁၅ တန်ထုတ်နိုင်မယ်။

မေး။ ဝဥကို ဘယ်အဆင့်ထိထုတ်လုပ်ဖို့ ရည်မှန်းထားတာလဲ။
ဖြေ။ လောလောဆယ်တော့ အလွှာခြောက်ကိုရောင်းမယ်။ ဝယ်မယ့်ကုမ္ပဏီကလည်း တရုတ်နဲ့လက်မှတ်ထိုးထားပြီးသားရှိတယ်။ သူတို့က တစ်နှစ်ကို အနည်းဆုံး ဝဥအခြောက်တန်ချိန် ၅၀၀ ဝယ်မယ်လို့ ကတိကဝတ်ပြုထားပြီးသားရှိတယ်။ ဒုတိယအဆင့်ကျရင် ဝဥအမှုန့်ထုတ်တာတို့၊ တတိယအဆင့်မှာတော့ စားသောက်ကုန်ထုတ်တာတို့လုပ်မယ်။ ရေရှည်ကျရင်တော့ ပြည်ပကိုရောင်းတာထက် ပြည်တွင်းကို အဓိကဦးစားပေးဖြန့်မယ်။ ပြီးရင် စားသောက်ကုန်ချောတွေကို ပြည်ပကိုပို့မယ်။ လက်ရှိ ဝဥဈေးကွက်သွားနေတာက အလွှာခြောက်ကိုရောင်းလိုက်တယ်။ တကယ်တမ်းပြောရမယ်ဆိုရင် Semi Raw ပဲဗျ။ ကုန်ချောမဟုတ်သေးဘူးပေါ့နော်။ အဲ့လိုအနေအထားမှာ ကျနော်တို့ဟာဝယ်ပြီးတော့ စားသောက်ကုန်ချောထုတ်တဲ့ဟာရှိတယ်။ စက်မှုကုန်ကြမ်းလုပ်တဲ့ဟာရှိတယ်။ ကြက်အိုချောင်၊ ဝက်အိုချောင်းထဲမှာလည်း ဝဥထည့်တယ်။ နောက် ခေါက်ဆွဲလုပ်တဲ့ချိန်မှာလည်း ဝဥခေါက်ဆွဲလုပ်တယ်။ ရိုးရိုးခေါက်ဆွဲထက် ဈေး သုံးဆလောက်ရှိတယ်။ နောက် အလှကုန်လုပ်တယ်။ ကျန်းမာရေးတွက် ဒီကောင်က အစာအိမ်အူလမ်းကြောင်းကောင်းတာကိုး။ အမှုန့်လုပ်ပြီးဖျော်သောက်တာတို့၊ နောက် မိန်းကလေးတွေ အလေးချိန်ချတဲ့ခါမှာ သုံးတယ်။ ကျနော်တို့က ကုန်ကြမ်းကိုရောင်းလိုက်ပြီး ကုန်ချောကိုဝယ်နေတဲ့သဘောဖြစ်နေတယ်။ ကျနော်တို့က အဲ့လောက်အဆင့်ထိမသွားနိုင်သေးဘူး။ ငွေကြေးအားဖြစ်အခက်အခဲရှိတယ်။ နည်းပညာအားဖြစ်လည်းအခက်အခဲဖြစ်တယ်။ ပြီးတော့ ကျနော်တို့က ချင်းပြည်နယ်နေရာအခက်အခဲမှာ လာတည်ထားတာကိုး။ တခြား မော်လမြိုင်၊ ပခုက္ကု၊ မန္တလေးထက်စာရင် လမ်းပန်းဆက်သွယ်ရေးကကော လျှပ်စစ်မီးရရှိမှု၊ ပစ္စည်းရရှိမှုအရကော အကုန်အရမ်းလွယ်တယ်။ အခုဒီမှာ မူလီလေးတစ်လုံးကအစမရဘူးပေါ့နော်။ လိုချင်ရင် အနိမ့်ဆုံး မန္တလေး၊ ပခုက္ကုက မှာနေရတဲ့အနေအထားမှာရှိတယ်။ အဲ့လို အခက်အခဲကြားထဲကလုပ်ရတော့ ကျနော်တို့မှာ တစ်ဆင့်ပြီးတစ်ဆင့်သွားနိုင်မယ့်အနေအထားမှာရှိတယ်။

မေး။ ဟုတ်။ အလွှာခြောက်ထိ ထုတ်လုပ်တာ ဘယ်နှစ်နှစ်ထိဆက်သွားမလဲ။ နောက်တစ်ဆင့် အမှုန့်ထိထုတ်လုပ်ဖို့ကော ဘယ်တော့လောက်လုပ်နိုင်မလဲ။
ဖြေ။ ကျနော်တို့ကတော့ ပထမအဆင့်ကို နှစ်နှစ်ကနေ သုံးနှစ်ထိ သွားမယ်။ ဒုတိယနှစ် ဒါမှမဟုတ် တတိယနှစ်မှာ အမှုန့်စလုပ်နိုင်အောင်ကြိုးစားမယ်။ အမှုန့်လုပ်ပြီးသွားရင်တော့ စားသောက်ကုန်ထုတ်လုပ်ဖို့ကတော့ လွယ်သွားပြီပေါ့နော်။ နောက်ပိုင်းတွေမှာ ကျနော်တို့ဆီကလူတွေကို ဂျပန်မှာ စားသောက်ကုန်နဲ့ ပညာတော်သင်တွေလွတ်မယ်။ သူတို့ ပညာတွေရလာတယ်၊ နည်းပညာတွေရလာပြီး အဲ့လူတွေပြန်လာရင်နောက်သုံးနှစ်ဆိုရင်တော့ ထုတ်နိုင်မယ်လို့မှန်းထားတယ်။

မေး။ ဈေးကွက်က တရုတ်တစ်ခုထဲလာ။ အပေါ်ကပြောသလို ဂျပန်တို့ ကိုးရီးယားတို့ကကော ဝယ်မလာ။
ဖြေ။ လောလောဆယ်ဈေးကွက်က သုံးခုရှိတယ်။ တရုတ်၊ ဂျပန်၊ ကိုးရီးယားရယ်ရှိတယ်ပေါ့။ ကျနော်တို့ ကိုးရီးယားနဲ့စကားပြောထားတာရှိတယ်။ ဂျပန်နဲ့လည်း စကားပြောထားတာရှိတယ်။ ဂျပန်က ဈေးနှုန်းကတော့ ကျနော်တို့မသိရသေးဘူး။ ကိုးရီးယားနဲ့ပြောတဲ့ခါ သူတို့က တရုတ်ကပေးတဲ့ဈေးလောက်မရနိုင်တော့ လောလောဆယ်တော့ ကိုးရီးယားနဲ့အရောင်းအဝယ်မလုပ်နိုင်သေးဘူး။ ညို့နှိုင်းဆဲကာလပဲပေါ့နော်။

မေး။ တရုတ်ကို ဘယ်ချိန်လောက်မှာပို့နိုင်မလဲ။ စာချုပ်မှာတော့ ၂၀၁၉ နှစ်ကုန်ပို့မယ်လို့ပြောထားတယ်နော်။
ဖြေ။ ကျနော်တို့ မှန်းထားတာတော့ ဇန်နဝါရီလကုန်လောက်ကနေ စပို့နိုင်မယ်လို့မှန်းထားတယ်။ ကျနော်တို့စက်ရုံတည်တာကလည်း မမျှော်မှန်းပဲ နောက်လလောက် နောက်ကျသွားတယ်ပေါ့နော်။ တကယ်တမ်းဆို ၂၀၁၉ အောက်တိုဘာလလောက်လည်မယ်လို့မှန်းထားတာလေ။ ဒီဇင်ဘာလမှပဲ စက်ကလည်နိုင်တယ်။

မေး။ တစ်နေ့ အစို ၁၂ တန်ကနေ ၁၅ တန်ထိထုတ်မှာဆိုတော့ ကုန်ကြမ်းကကော လုံလုံလောက်လောက်ရနိုင်မလာ။
ဖြေ။ ကုန်ကြမ်းကတော့ ရှယ်ယာရှင် ၄၂ ယောက်လုံးက ဝဥစိုက်ပျိုးတဲ့တောင်သူတွေဖြစ်တယ်။ သူတို့ဆီကနေ ကုန်ကြမ်းရမယ်။ ပြီးတော့ သူတို့နဲ့အဆက်အသွယ်ရတဲ့ ကန်ပက်လက်၊ မင်းတပ်၊ မတူပီနယ်ထဲက ကုန်ကြမ်းရှိမယ်။ လောလောဆယ် ဒီနှစ်မှာ သူတို့ရောင်းသလောက် အကုန်မဝယ်နိုင်တဲ့အနေအထားမှာရှိတယ်။ ကုန်ကြမ်းက ပိုတောင်ပိုနေသေးတယ်။

မေး။ ဒီလုပ်ငန်းမှာ လက်ရှိဘာတွေအခက်အခဲတွေရှိလဲ။
ဖြေ။ နံပါတ်တစ်ကတော့ဗျာ ချင်းပြည်နယ်မှာလုပ်ရတဲ့တွက် ရှားပါးမှုအခက်အခဲပေါ့။ ရှားပါးမှုမှာ အကုန်ရှားပါးတယ်ဗျာ။ ပစ္စည်းရှားတယ်။ လမ်းပန်းဆက်သွယ်မှုခက်ခဲတယ်ဗျာ။ တစ်ခုခုလိုချင်ရင် အရမ်းခက်တယ်။ နောက် မီးမရသေးဘူး။ လမ်းမကောင်းသေးဘူး။ ပစ္စည်းသယ်တာကိုပဲ နယ်စပ်ကနေ သွင်းတဲ့ချိန်မှာ တရုတ်ပြည်ကနေ ရွှေလီနယ်စပ်ကိုပို့တာ နှစ်ရက်ပဲကြာတယ်။ ရွှေလီကနေ မြန်မာပြည်ထဲ ကားကူးဖို့တန်းစီလိုက်တာ နှစ်ရက်ကြာတယ်။ ဟိုဘက်က တွဲကားနဲ့ပို့တယ်။ ချင်းပြည်နယ်လမ်းက တွဲကားနဲ့လာလို့မရတော့ ၁၂ ဘီးကား နှစ်စီးပေါ်ပြောင်းတင်ရတယ်။ ပစ္စည်းပြောင်းတင်တဲ့ချိန်မှာ ပစ္စည်းအချို့ပျောက်တာရှတာရှိတယ်။ လမ်းမှာလည်း ပစ္စည်းစစ်တဲ့ချိန်မှာ တချို့ဖြဲတဲ့ဟာရှိတော့ ပစ္စည်းလိုတာတွေရှိတယ်။ ကျနော်တို့ပြန်မှာနေရတယ်။ အဲ့လိုအခက်အခဲရှိတယ်။ လည်တဲ့ချိန်နောက်ကျသွားတယ်။ နောက်ဆို ကျနော်တို့လုပ်သားတွေလိုမှာပေါ့။ လက်ရှိမှာတင် ကျနော်တို့ စက်ရုံလည်ပတ်တဲ့ချိန်မှာ ယောကျ်ားလေးလုပ်သားမရဘူး။ အမျိုးသမီးလုပ်အားကိုပဲအများဆုံးသုံးထားတယ်။ ပထမ ကျနော်တို့စဉ်းစားတာက အမျိုးသမီး ၄၀ ရာခိုင်နှုန်း၊ အမျိုးသား ၆၀ ရာခိုင်နှုန်း နဲ့လည်မယ်ဆိုပြီး စဉ်းစားတာ။ အခုက အမျိုးသမီး ၇၀ ရာခိုင်နှုန်း အမျိုးသား ၃၀ ရာခိုင်နှုန်း နဲ့လည်နေရတဲ့ပုံစံဖြစ်နေတယ်။ ကျနော်တို့ကလည်း အောက်ကလူတွေခေါ်မတင်ချင်ဘူးဗျာ။ ဒေသခံလုပ်သားနဲ့ပဲလုပ်မယ်ဆိုပြီးတော့ လုပ်တာ။

မေး။ လုပ်သားကိစ္စက တော်တော်စိတ်ဝင်စားစရာကောင်းတယ်။ ဘာကြောင့် အမျိုးသားလုပ်အားနည်းတာလဲ။
ဖြေ။ ကျနော်တို့က လစာနဲ့လုပ်တာ။ ကျနော်တို့ အာမခံချက်က အမြဲတမ်းပေးထားနိုင်တယ်။ အလုပ်ကို နေ့တိုင်းပေးထားနိုင်မယ်။ ဒါပေမယ့် လုပ်အားခကတော့ ဘောက်ထွက်လုပ်အားခလိုမျိုးတော့ ကျနော်တို့ဆီမှာမရနိုင်ဘူးပေါ့နော်။ အပြင်မှာ လမ်းလုပ်သားဖြစ်ဖြစ်ထွက်လုပ်တဲ့ချိန်မှာ ရတဲ့ဟာက ကျနော်တို့ဆီက ရတာထက်ပိုများတယ်။ နံပါတ်နှစ်က ကျနော်တို့ဆီမှာက ဝဥကို ထိပ်ဖြတ်တာ၊ ဝဥခြောက်ဆို မဲတာနဲ့ ဖြူတာ ရွေးရတာ ထိုင်ပြီးလုပ်ရတာပေါ့။ အဲ့လိုဟာမျိုးက ယောကျ်ားလေးတွေက စိတ်မဝင်စားဘူးပေါ့ဗျာ။

မေး။ ဘယ်တော့ ၂၄ နာရီလည်မလဲ။ ရေရှည်မှာ ဘယ်လောက်ထိမျှော်မှန်းထားတာလဲ။
ဖြေ။ ကျနော်တို့က သုံးဆိုင်းနဲ့လည်ရမယ်။ ၈ နာရီတစ်ဆိုင်းလည်မယ်။ တစ်နေ့ကို လူ ၈၀ ကနေ ၉၀ ကို အလုပ်ပေးနိုင်မယ်။ အဲ့ဒါကတော့ စက်ရုံလုပ်သားပဲ။ ကျန်တဲ့ မန်နေဂျာတို့ စာရင်းကိုင်တို့ လုံခြုံရေးတို့နဲ့ပေါင်းလိုက်ရင် လူ ၉၀ ကျော်လောက် အလုပ်ပေးနိုင်မယ်။ ကုန်ချောထုတ်နိုင်ပြီးတော့ ကုန်ချောကို ပြည်တွင်းကော ပြည်ပကိုဖြန့်နိုင်တဲ့ထိ ရည်မှန်းထားပါတယ်။

နောက်ဆုံးရသတင်း