ချင်းလွှတ်တော်အမတ်တွေ တစ်ဆင့်မြင့်စေချင်

အယ်ဒီတာ့အာဘော်

နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အလုပ်က (၁) မိမိမဲဆန္ဒနယ်ကိုယ်စားပြုခြင်း၊ (၂) ဥပဒေပြုခြင်း၊ နဲ့ (၃) အစိုးရကိုထိန်းကျောင်းခြင်း စသည်တို့ဖြစ်ပါတယ်။

NLD အစိုးရ ၄ နှစ်သက်တမ်းအတွင်း ပြည်ထောင်စုလွှတ်တော်အတွင်း ချင်းလွှတ်တော်ကိုယ်စားလှယ်တွေ စောင့်ကြည့်ရသလောက် အများစုက မိမိမဲဆန္ဒနယ်ကိုယ်စားပြုမှုကိုပဲ လုပ်ဆောင်နေကြတာတွေ့ရပါတယ်။ ကိုယ်စားပြုခြင်းဆိုတာက လွှတ်တော်ထဲမှာ လမ်း၊ ဆေးရုံ ဆောက်ဖို့ အစီအစဉ် ရှိ၊ မရှိ ဆိုတဲ့ မေးခွန်းမေးမြန်းခြင်းပဲဖြစ်ပါတယ်။

အခုလို အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးမြန်းခြင်းတွင် ချင်းပြည်နယ်မြောက်ပိုင်းက ကိုယ်စားလှယ်တွေဟာ ချင်းပြည်နယ်တောင်ပိုင်းကိုယ်စားလှယ်တွေထက် တစ်ဝက်လောက်အားနည်းနေတာတွေ့ရပါတယ်။

ဒါပေမယ့် ဥပဒေပြု၊ ပြင်၊ ပယ်ဖျက်ခြင်း ကဏ္ဍမှာ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေထဲမှ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ထိ ပါဝင်ဆွေးနွေးသူ (၂)ဦးသာရှိပါတယ်။ (ကျနော့်စာရင်းပြုထားတာ အနည်းငယ်လွှဲကောင်းလွှဲနိုင်သည်)

အစိုးရကို ထိန်းကျောင်းတဲ့အလုပ်ဟာ ချင်းအမတ်တွေမလုပ်နိုင်ကြတာလည်းတွေ့ရပါတယ်။ ဥပမာ ပေးရရင် တိုင်းရင်းသားမြေယာပိုင်ဆိုင်မှုကိုထိခိုက်စေတဲ့ မြေလွတ်၊မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေ ရေးဆွဲတဲ့ချိန်မှာဖြစ်စေ၊ ပြန်လည်ပြုပြင်တဲ့ချိန်မှာဖြစ်စေ ချင်းလွှတ်တော်အမတ်တွေရဲ့ အသံတွေမကြားရပါ။ အငြင်းပွားဖွယ်ရာ ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်မှုတွေမှာ ချင်းအမတ်တွေက ပြည်ထောင်စုလွှတ်တော်မှာ မေးမြန်းတာတွေ့ရခဲပါတယ်။ ဒါဟာ ပါတီတစ်ခုတည်းက အစိုးရဖွဲ့စည်းခြင်းရဲ့ဆိုးကျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ လွှတ်တော်အမတ်တစ်ယောက်စီရဲ့ ဥပဒေအကြောင်းသိရှိနားလည်မှုနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟာ မိမိမဲဆန္ဒနယ်ကိုကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်ဟာ ပြည်နယ် (သို့) တိုင်းဒေသကြီးတစ်ခုလုံးကို ကိုယ်စားပြုပါတယ်။

ချင်းလွှတ်တော်အမတ်တွေဟာ ၎င်းတို့ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်အတွက်သာ အများစုမေးမြန်းလေ့ရှိပြီး ၎င်းတို့ဟာ ချင်းပြည်နယ်တစ်ခုလုံးရဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်ဆိုတဲ့စိတ်လည်း ရှိစေချင်ပါတယ်။ ပလက်ဝစစ်ဘေးရှောင်ပြည်သူတွေရဲ့ အကျပ်အတည်းကို တခြားမြို့နယ် ချင်းအမတ်တွေကလွှတ်တော်ထဲ ပြောကြားတာတွေမတွေ့ရပါဘူး။ ပလက်ဝမြို့နယ်က လွှတ်တော်အမတ်တွေဟာ ဒုက္ခသည်အကြောင်း လွှတ်တော်ထဲပြောကြားဖို့က နယ်ဆင်းတဲ့ချိန်မှာ ၎င်းတို့လုံခြုံရေးစိုးရိမ်စရာလည်းရှိနိုင်ပါတယ်။ အဲ့ဒါကို တစ်ခြားမြို့နယ် အမတ်တွေကကိုယ်စားဝင်ပြောပေးနိုင်ရင် အင်မတန်ကောင်းမယ်လို့ယူဆရပါတယ်။

မဲဆန္ဒရှင်ပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဖွံ့ဖြိုးရေးလုပ်ဆောင်ပေးမယ့်သူလို့ အများစုမှတ်ယူကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက မဲဆန္ဒရှင်ပြည်သူတွေရဲ့ စိတ်ဆန္ဒဖြည့်ဆည်းပေးရင်း ဥပဒေပြုရေး၊ အစိုးရကို အပြန်အလှန်ထိန်းကျောင်းရေးတာဝန်လည်း မပျက်ကွပ်အောင် ချင့်ချိန်ဆောင်ရွက်ဖို့လိုပါတယ်။

ပြီးနောက် ကျွမ်းကျင်မှုအနေနဲ့ ကွန်ပျူတာကို အခြေခံအဆင့်ထိတော့ တက်မြောက်သင့်ပါတယ်။ မိမိ မေးခွန်း၊ အဆိုတွေကို Power Point လုပ်တတ်မှ ပိုပြီးထိရောက်ပါတယ်။ မိမိ မေးမြန်းမယ့် မေးခွန်းနဲ့ အဆိုတွေအတွက် အချက်အလက်တွေကို လွှတ်တော်စာကြည့်တိုက်မှာဝင်ပြီး ကျောင်းသားတစ်ယောက်လိုလေ့လာနိုင်မှ မေးခွန်းနဲ့ အဆိုလည်းအောင်မြင်နိုင်မှာဖြစ်တယ်။
မိမိ ကိုယ်စားပြုတဲ့ဒေသက အရပ်ဖက်အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဒေသအကျိုးအတွက် လွှတ်တော်အမတ်က အသုံးချတတ်ဖို့လည်း အရေးကြီးပါတယ်။ သူတို့နဲ့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်တတ်ဖို့လိုပါတယ်။ ဒါမှ မိမိလိုချင်တဲ့ ဒေသအချက်အလက်များ၊ သက်သေခံဓာတ်ပုံတွေကို အကူအညီရရှိနိုင်ပါမယ်။ အများစုက လွှတ်တော်အမတ်ဖြစ်သွားတဲ့ချိန်မှာ ဒေသအာဏာပိုင်တွေနဲ့သာ ပိုမိုနီးစပ်လာကြပြီး အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းမှုအားနည်းတတ်ပါတယ်။

ဒါကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ “အစီအစဉ် ရှိ၊ မရှိ” ဆိုပြီး လွှတ်တော်ခန်းမမှာ မေးမြန်းတတ်တဲ့ကိုယ်စားလှယ်သာမက ဥပဒေပြုရေးနဲ့ အစိုးရကို အပြန်အလှန်ထိန်းကျောင်းနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တတ်ဖို့လည်းလိုပါတယ်။

နောက်ဆုံးရသတင်း