ဂျိုင်းထောက် နဲ့ သတင်းထောက်

Van Kio

မနေ့က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ PRESS ဦးထုပ်ဆောင်းပြီး ဂျိုင်းထောက်နဲ့ ဓာတ်ပုံရိုက်နေတဲ့ သတင်းထောက်တစ်ယောက်ပုံ တော်တော်ပြန့်နှံနေတယ်။

အခုလို အကြမ်းဖက်သမားတွေ ဆန္ဒပြပွဲကို အကြမ်းနည်းနဲ့ဖြိုခွင်းနေတဲ့ချိန်မှာ ဆန္ဒပြနေတဲ့သူတွေကြားမှာ ဂျိုင်းထောက်နဲ့ သတင်းလိုက်နေတဲ့ပုံဟာ ရင်ထဲမှာတစ်မျိုးခံစားစေပါတယ်။ သူ့အတွက် အန္တရာယ်ပိုများတယ်လေ။

သူကတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် Chinlung Today (ချင်လုံတူဒေး)သတင်းမီဒီယာရဲ့ပိုင်ရှင်လည်းဖြစ် တစ်ဦးတည်းသောသတင်းထောက်လည်းဖြစ် Salai Ma Zawn (ဆလိုင်း မားဂျွန်) ပဲဖြစ်ပါတယ်။ နာမည်ရင်းကတော့ ဂျွန်ဝယ်စလီ ပါ။ ဒါပေမယ့် မားဂျွန်လို့ပဲအများကသိကြတယ်။

သူနဲ့ စသိတာက ၂၀၁၇ ခုနှစ်။ Chinlung Today နေ့စဉ်သတင်းစာထုတ်ဖို့ သတင်းထောက်အသစ်တွေ အခြေခံသတင်းပညာအကြောင်း တစ်ရက်သွားဆွေးနွေးခဲ့တယ်။ ပြီးတော့ ၃ ရက်လောက်သတင်းခန်းဝင်ကူခဲ့တယ်။

မနှစ် ၂၀၂၀ တစ်နှစ်လုံး သူနဲ့အတူတူ ဆိုင်ကယ်စီးပြီး သတင်းလိုက်ခဲ့ကြတယ်။ ကလေးမြို့ တနယ်လုံးလှည့်ခဲ့တယ်။ ဒီနှစ် ဖေဖော်ဝါရီလထိ ဆန္ဒပြပြည်သူတွေကို သူနဲ့အတူတူ မနက်တိုင်း သတင်းလိုက်ရိုက်ခဲ့တယ်။ ဒါကြောင့် သူ့ဘဝအကြောင်း သိသလောက် အနည်းငယ်ပြောမျှဝေချင်ပါတယ်။

ဆလိုင်းမားဂျွန်က ကလေးမြို့ဇာတိ။ အခု အသက် ၃၃ နှစ်လောက်ရှိပြီ။ ညီအစ်ကိုမောင်နှမထဲမှာ အငယ်ဆုံးသား။ သူ့ အသက် ၁ နှစ်ခွဲအရွယ်မှာ ပိုလီယိုကာကွယ်ဆေးကို ခြေထောက် ၂ ဖက်မှာ ၂ ကြိမ်စီ ဆေးထိုးမှားခဲ့လို့ ခြေထောက် ၂ ဖက်စလုံး မသန်စွမ်းဖြစ်သွားတယ်။ မိဘတွေက သားလေးခြေထောက်ပြန်ကောင်းလာဖို့ဆိုရင် ကောင်းတယ်ဆိုတာဟာတွေ အကုန်လုပ်ပေးတယ်။ ဖလမ်းပြည်သူ့ဆေးရုံထိသွားပြီး အမျိုးမျိုးကုသပေးတယ်။ အကြောနှိပ်သမားလည်း အခေါက်ခေါက်အခါခါသွားနှိပ်ခိုင်းတယ်။ သူ့အသက် ၄၊ ၅ နှစ်အရွယ်ထိ မိဘတွေက မျှော်လင့်ချက်များစွာနဲ့ ကြိုးစားခဲ့ကြတယ်။ မိဘနှစ်ပါးစလုံး မရှိတော့ပေမယ့် အခု အစ်ကိုတစ်ယောက်အိမ်မှာ နေပါတယ်။

သူ့ရဲ့ဖြစ်တည်မှုကို ငယ်ငယ်တုန်းကတော့ သိမ့်ငယ်ခဲ့လို့ ဂျိုင်းထောက် မသုံးခဲ့ဘူး။ ရှက်လို့တဲ့။ ကျောင်းတက်တဲ့ချိန်မှာ သူ့အစ်ကိုတွေက ကျောင်းထိကြောပိုးပြီး ကြိုပို့လုပ်ကြတယ်။ ကျောင်းအားလစ်ချိန်မှာလည်း အပြင်သိပ်မထွက်ဘဲ အခန်းထဲမှာအောင်းနေခဲ့တယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ရွာကိုပြန်ပြီး ငယ်သူငယ်ချင်းတွေရှေ့မှာပဲ ဂျိုင်းထောက်သုံးတယ်။

အထက်တန်းရောက်တဲ့ချိန်မှာ ကလေးမြို့ တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးနားက မသန်စွမ်းကျောင်းမှာ နေတဲ့ချိန်ကစပြီး သူ့ကိုယ်သူ့ သိမ့်ငယ်တာ၊ သူ့ရဲ့ဖြစ်တည်မှုကို အများရှေ့မှာရှက်တဲ့စိတ်တွေပျောက်သွားတယ်လို့ ပြောပါတယ်။

ကလေးမြို့မှာ ဆယ်တန်းဖြေပြီးတော့ အိန္ဒိယနိုင်ငံမှာ ကျမ်းစာကျောင်းတက်၊ ကွန်ပျူတာသင်ရင်း ၂၀၁၀ ဝန်းကျင်တွင် Group Mail, Facebook group တွေမှာ ချင်း(ဖလမ်း)စာနဲ့ သတင်းတွေစတင်ရေးသားခဲ့တယ်။

မြန်မာပြည်ကို ၂၀၁၆ ခုနှစ်လောက်မှာပြန်ရောက်လာပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ Chinlung Today (ချင်လုံတူဒေး) နေ့စဉ်သတင်းစာ (A3 တစ်ရွက်) ထုတ်တယ်။ အရှုံးပေါ်လို့ ၃ နှစ်လောက်ပဲထုတ်နိုင်ခဲ့တယ်။ ကိုယ့်အိတ်ကပ်ထဲကငွေနဲ့ဆိုတော့ ကြော်ငြာလည်းသိပ်မရ၊ ဒါက မီဒီယာအများစုရဲ့သွားရာလမ်းပေါ့။ ခုတော့ တစ်ယောက်ထဲ မီဒီယာအလုပ်ကို ရနိုင်သလောက် ဆက်လုပ်နေပါတယ်။

သူ့အတွက် အပြင်ထွက်သတင်းလိုက်ဖို့ဆိုတာ ဆိုင်ကယ်နဲ့ခေါ်တဲ့သူမရှိရင် မရဘူး။ ဒါကြောင့် သတင်းဘယ်လောက်ပဲလိုက်ချင်လိုက်ချင် ဆိုင်ကယ်နဲ့ပို့ပေးမယ့်သူမရှိ မသွားနိုင်ဘူး။ စိတ်သွားရင်လည်း ကိုယ်က မပါနိုင်တဲ့အဖြစ်။

မနှစ်တုန်းက ကျနော်တို့ နှစ်ယောက် Internews ရဲ့ အသေးစားကိုဗစ်ထောက်ပံ့ရေးလျှောက်လို့ရခဲ့တဲ့ ငွေနဲ့ သူ့အိမ်နောက်ဖေးမှာ သတင်းအတွက် အသံသွင်းစတိုဒီယိုလေးလုပ်ပြီးတော့ အဲ့နေရာကနေ အလုပ်လုပ်ပါတယ်။

ကျနော့်ဆီမှာ သူအမြဲတမ်းပြောတဲ့အရာကတော့ တစ်နေ့ Cable TV လိုင်းတစ်ခုလုပ်ပြီးတော့ ကလေးမြို့တစ်ဝိုက်က ပြည်သူတွေကို မီဒီယာပုံစံအမျိုးမျိုးနဲ့ အကျိုးပြုနိုင်ရေးဖြစ်ပါတယ်။ ဒါပေမယ့် သူ့အိပ်မက်ကလည်း ဈေးကြီးတော့ ခုထိအကောင်အထည်မဖော်နိုင်သေးဘူး။

သူ့ဖြစ်တည်မှုက သတင်းထောက်အလုပ်ကို အဟန့်အတားဖြစ်စေပေမယ့် အဲ့ဒါကို သူတစ်ခါမှ မညိုးငြင်ခဲ့ဖူးဘူး။ ရသလောက် သူလုပ်နေတယ်။