စစ်ဘေးရှောင်တွေထဲမှာ ကိုယ်ဝန်ပျက်ကျတဲ့ အမျိုးသမီး (၇၀)ကျော်ရှိပြီ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း၌  မြန်မာ့တပ်မတော်နှင့်  ရခိုင်တပ်တော် AA တို့ကြား ၂၀၁၅ ခုနှစ်အတွင်းစတင်ဖြစ်ပွားလာခဲ့သော တိုက်ပွဲများကြောင့် စစ်‌ဘေး‌ရှောင်ပြည်သူဦးရေ  ပလက်ဝမြို့နယ်နှင့် ရခိုင် ပြည်နယ်အတွင်းရှိ ချင်းစစ်ဘေးရှောင်ဦးရေမှာ ၁၈၁၂၃ ဦးအထိရှိလာပြီးဖြစ်ကြောင်း ချင်းစစ်ဘေးရှောင် ပြည် သူများအရေးပေါ်ကူညီရေးနှင့်ပြန်လည်ထူထောင်ကော်မတီ(RRCCI)၏ စာရင်းများတွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဘေးရှောင်များ ကြုံတွေ့နေရသည့် အခက်အခဲများအတွက် ရန်ပုံငွေရှာဖွေခြင်းကို ဆောင်ရွက်နေသည့် RRCCI ၏ ပြောရေးဆိုခွင့်တာဝန်ရှိသူ မိုင်နန်းဝေ နှင့် ကိုကျော်စိုးမိုး တွေ့ဆုံမေးမြန်းမှုမှ ကောက်နှုတ် တင်ပြလိုက်ပါသည်။

Zalen: စစ်ဘေးရှောင်တွေကို ကူညီတယ်ဆိုတော့ ချင်းလူမျိုးတွေ ဘာကြောင့် စစ်ဘေးရှောင်ရတယ်ဆို တာ သမိုင်းကြောင်းလေးပြောပေးပါ။

မိုင်နန်းဝေ :အရင်တုန်းကတော့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ဘေးဆိုတာမကြားဘူးသေးဘူး။ ၂၀၁၅ မှာအခြေချလာတဲ့သဘောရှိတယ်။ အခုလိုမျိုးစစ်ဘေးရှောင်တော့ ကြီးကြီးကျယ်ကျယ် မရှိခဲ့ဘူး။ ၂၀၁၆ -၁၇ လောက်မှာတိုက်ပွဲတွေ နည်းနည်းစိပ်လာတယ်။ ၂၀၁၆-၂၀၁၇ မှာပဲ ပလက်ဝမြို့နယ်မှာ IDPs ကရှိလာတယ်။ ပထမဆုံး IDPs က ပလက်ဝမြို့နယ် မီးဇာကျေးရွာမှာ အယောက် (၂၀၀၀)လောက်ရှိခဲ့တာပေါ့။  ဘာဖြစ်လို့ လည်း ဆိုတော့ ချင်းလူမျိုးအချင်းချင်းပဲ ပြည်တွင်း ပြည်ပ မှာရောက်နေတဲ့  ချင်းလူမျိုးတွေက အလှူငွေတွေနဲ့ပဲ ရပ် တည်ခဲ့ရတယ်။အဲဒီလိုအနေအထားနဲ့ထိန်းလာခဲ့တယ်။ အဲဒီတုန်းက ချင်းပြည်နယ် ဖလမ်း တီးတိန် ဟားခါး ဘက်က အကူအညီတွေလည်း သိပ်ပြီး မရယူခဲ့သေးဘူး။ ၂၀၁၈ လောက်မှာတော့ လူဦးရေက များလာတယ်။ တိုက်ပွဲတွေလည်း ပိုပို စိပ်လာတဲ့အနေအထားမှာ ကျွန်မတို့ မြောက်ပိုင်း ဖလမ်း တီးတိန် ဟားခါး ဘက်က ချင်းလူမျိုးတွေကို အကူအညီတောင်းခံခဲ့ရတယ်။အဲဒီကတည်းက IDPs အရေအတွက်က တိုးလာပြီးတော့ ၂၀၂၀ မတ်လ ၁၇ -၁၈ တုန်းကဖြစ်သွားခဲ့တဲ့ ပြင်းထန်လာတဲ့တိုက်ပွဲ အနေအထားမှာဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာ စပြီးတော့ အလှူခံလာတာ မတ်လ (၂၉)မှာဆိုရင် IRCCI ကို စပြီးဖွဲ့တယ်။ (စစ်ဘေးရှောင်) လူဦးရေက (၁၂၀၀၀) ဝန်းကျင်အထိဖြစ်လာတယ်။ပလက်ဝ သီးသန့်ကို မကြည့် တော့ဘဲ ရခိုင်ထဲမှာရှိတဲ့ ချင်းလူမျိူးတွေကလည်း အများကြီးဒုက္ခရောက်နေတယ်။ကျွန်မတို့ ရခိုင်မှာ ကူညီနေရတာလည်း ၅၀၀၀ နဲ့ ၈၀၀၀ ကြားရှိတယ် ။ အထူး သဖြင့်  အမ်း၊ ဒလက်ချောင်း ဒေသက ချင်းတွေဆိုရင် IDPs အရေအတွက်က ပိုများနေတာကို တွေ့ရတယ်။

ပလက်ဝမြို့၊ မြို့မရပ်ကွက်က ဘောလုံးကွင်းမှာဆောက်ထားတဲ့ စစ်ဘေးရှောင်စခန်းများအား တွေ့ရစဉ်

Zalen:  အခုလက်ရှိ IDPs စခန်းမှာရောက်နေတာရော IDPs စခန်း ပြင်ပမှာဆိုရင်ရော ပလက်ဝမြို့နယ်မှာ စစ်ဘေးရှောင် ပြည်သူတွေ အရေအတွက်  ဘယ်လောက်များရှိနေပြီလဲ။

မိုင်နန်းဝေ :  လူဦးရေတစ်သိန်း တစ်သောင်းဝန်းကျင်မှာ လူဦးရေ ရှစ်သောင်းဝန်းကျင်က (IDPs စခန်းအတွင်း နှင့် IDPs စခန်းပြင်ပ လူဦးရေ စုစုပေါင်း) တော်တော်လေးဒုက္ခရောက်တဲ့အနေအထားမှာ ရှိမှာပေါ့။ပြည်ထောင်စု အစိုးရကလည်းကြည့်ပါတယ်။ Camp ပြင်ပက လူတွေကတော့ CSO တွေရဲ့ တာဝန် ဖြစ်လာပါတယ်။

Zalen: စစ်ဘေးကာလမှာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ။

မိုင်နန်းဝေ: စစ်ဘေးရှောင်ရလို့အမျိုးသမီးတွေလည်း သုံးလမှာ ကိုယ်ဝန်ပျက်ကျတဲ့သူရှိတယ်။ငါးလ ခြောက်လ ခုနစ်လ အထိကို ကိုယ်ဝန်ပျက်ကျ ကြတယ်ဆိုပြီး အယောက်(၇၀)ကျော်ရှိလာပြီ ။ ကျွန်မက မေးခွန်းထုတ်ချင် တာက ကျွန်မက ဆေးလောက က လူ မဟုတ်တော့ ဗုန်းကြဲတဲ့ မြေကြီးတုန်ခါမှုကြောင့်လား လက်နက်ကြီး တွေကျတဲ့အခါ တုန်ခါမှုကြောင့်လား စိတ်ဖိစီးမှုကြောင့် လား ပြည့်ဝတဲ့အာဟာရ မရလို့လား ဒါမျိုးကို ဆေးပညာအသိုင်းအဝိုင်းက ဒါမျိုးကို Data သေချာလုပ်ပေးတဲ့ အဖွဲ့အစည်းရှိဖို့တော့ကျွန်မ မျှော်လင့်တယ်။

ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်က စစ်ဘေးရှောင် အမျိုးသမီးများ

Zalen: အခု ပလက်ဝဒေသမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေကြောင့် အမျိုးသမီးတွေ အတွက် အခက်အခဲအဖြစ် ဆုံးပြဿနာက ဘယ်အရာလို့ ပြောနိုင်မလဲ။

မိုင်နန်းဝေ : ပြဿနာအခက်ခဲဆုံးက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဖြစ်တယ် ။ ကိုယ် ကိုယ်တိုင်လည်း ကိုယ်ဝန်ဆောင် ဖြစ်နေတော့ ကိုယ်ချင်းစာမိတာက ကိုယ်ဝန်ဆောင်ကာလမှာ နေရင်းထိုင်ရင်းတောင် Stress(စိတ်ဖိစီးမှု) က ဝင်နေတော့ Depression (စိတ်ကျရောဂါ)က ဝင်နေတာ ။ သူတို့မှာ ဆိုရင်တော့ စားဝတ်နေရေးလည်းပူလာမယ်။ ရှေ့မှာ ကလေး နှစ်ယောက် သုံးယောက်နဲ့ ပြေးလာရတယ်။ ကိုယ့်အိုး ကိုယ့်အိမ်နဲ့မနေရဘူး။ အဲဒီလိုအနေအထားမျိုးမှာ စိတ်ဖိစီးမှု ပိုများတယ်ပေါ့။

နောက်တစ်ခုက အမျိုးသမီးတွေအတွက် Pad (အမျိုးသမီးလစဉ်သုံးပစ္စည်း) ပေါ့။ Pad (အမျိုးသမီးလစဉ်သုံး ပစ္စည်း)  ထုပ်တွေမရှိတာ။  တချို့ တတ်နိုင်တဲ့ အမျိုးသမီးတွေ သုံးနာရီခြားရင် လဲနေတဲ့ အချိန်မှာ (၂၄)နာရီကို တစ်ခုတောင်မသုံးနိုင်ဘူး။အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလာတဲ့အမျိုးသမီးတွေက ထဘီတစ်ထည်ထဲနဲ့ ပြေးလာတယ်။ကျွန်မတို့ အမျိုးသမီး ကဏ္ဍက ပြောမယ်ဆိုရင် အရေးအကြီးဆုံးက Underwear အပေါ်အတွင်းခံနဲ့ အောက်အတွင်းခံ အရမ်းအရေးကြီးတယ်။     အခု ကျွန်မတို့စစ်ဘေးရှောင်ကူညီရေး ဗဟိုကော်မတီမှာ အမျိုးသမီးကကျွန်မ တစ်ယောက်ထဲပဲ ပါတာ။ အမျိုးသမီးကဏ္ဍ အသံထွက်ဖို့ဆိုရင် ကျွန်မပဲ ရှိတယ်။အောက်ခြေမှာဆို လုံးဝမရှိဘူး။အဲဒီတော့ စစ်ဘေးရှောင်စခန်းကို ရောက်လာတဲ့ အမျိုးသမီးနဲ့ အမျိုးသမီးငယ်လေးတွေက ဒီအကြောင်းအရာကို အမျိုးသားတွေကို မပြောရဲဘူး။ကျွန်မကိုပဲ ဖုန်းဆက်ကြတယ် Pad မရှိဘူး။ထဘီတွေ မရှိဘူး Under Wearတွေ မရှိဘူးပေါ့။ Camp ထဲမှာ ရောက်တဲ့အမျိုးသမီးတွေကိုတော့ WFP က ပေးပြီးဖြစ်တယ်။ တချို့မိခင်တွေက စိတ်ဖိစီးမှုကြောင့် မိခင်နို့ မထွက်တော့တဲ့အမျိုးသမီး တွေ ရှိတယ်။ အရမ်းကြောက်ပြီးတော့ မိခင်နို့မထွက်တော့ဘူးဆိုတဲ့အမျိုးသမီးတွေဆိုရင် ကလေးတွေ ပိန်လှီပြီး တော့ အာဟာရချို့တဲ့လာတာတွေ ရှိတယ်။အာဟာရမှုန့်တွေ အများကြီးလိုအပ်တယ်။ Camp ထဲမှာ ရှိတဲ့ကလေးတွေကတော့WFP ကပေးနိုင်မယ်။ Camp ပြင်ပက ကလေးတွေကတော့ လိုအပ်ချက်တွေ အများကြီးရှိနေတုန်းပဲ။ မြို့ပေါ်လည်း ဆင်းလို့မရ။ ပိုက်ဆံ ရှိလည်း သွားဝယ်မရ။ ဒီလိုမျိုးအခက်အခဲတွေကတော့ တော်တော်များနေတာပေါ့။

Zalen:စစ်ပွဲကာလမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက် စော်ကားခံရတာတွေရော ရှိလား။

မိုင်နန်းဝေ : ချင်းပြည်နယ်မှာတော့ Sexual Harassment က တော်တော်နည်းတယ်။ တော်တော်နည်းတယ် ဆိုတာက အမျိုးသမီးတွေက ထုတ်ပြောမှလည်းဖြစ်မှာပေါ့။ ယေဘုယျအားဖြင့် ဘာကြောင့် ဒီလိုမရှိဘူးလဲ ဆိုတာက ချင်းလူမျိုးတွေက Tribe ဖွဲ့စည်းပုံက အခုCamp မှာနေလို့ရှိရင် တစ်ရွာလုံးက အမျိုးတွေချည်းပဲ။ မောင်နှမ ဝမ်းကွဲတွေရှိတယ်။  အခု Camp မှာလည်းအဲဒီလို ဖြစ်လာမှာ စိုးရိမ်တဲ့အတွက်Camp Management ကဏ္ဍမှာ အောက်ခြေကို ဘယ်လိုပြောထားလဲ ဆိုတော့ ကိုယ့်ရွာအလိုက်ကိုပဲ Camp ကိုထားပေးပါ။ အဲဒီလို လုပ်ခြင်းအားဖြင့် ကာကွယ်ပြီးသားဖြစ်တယ်ပေါ့။တစ်ခုပဲရှိတယ် အရင်ကထားခဲ့တဲ့ Campတွေမှာ အမျိုးသမီးတွေ အဝတ်အစားလဲတာ အခန်းတွေ မရှိဘူး။Private အခန်းတွေ စီမံပေးဖို့ လိုအပ်တာကလွဲရင် လောလောဆယ်အထိကတော့ Harassment ကိစ္စက တော်တော်နည်းတယ်လို့ပြောလို့ရတယ်။

ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်က စစ်ဘေးရှောင် စခန်း

Zalen:အခုလိုအကူအညီပေးရေး အဖွဲ့အစည်းတွေမှာတွေ အမျိုးသားတွေများပြီး  အမျိုးသမီး ပါဝင်မှု နည်းတဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။ ဒါကြောင့်အမျိုးသမီး ပါဝင်မှုများလာအောင် အကြံပြုပေးပါ။

မိုင်နန်းဝေ : အဓိက ကတော့ စိတ်ပဲ။ဒီလုပ်ငန်းတွေဆိုတာက ပိုက်ဆံ ရပြီးတော့ ။ လစာငွေ ရပြီးတော့ လုပ်ကြတာ မဟုတ်ဘူး။ အဓိက ကတော့ ဒါကိုလုပ်ချင်တဲ့စိတ်က တွန်းအားတစ်ခုပေါ့။နောက်တစ်ခုက လုပ်ရဲဖို့လိုမယ်။ နောက်တစ်ခုက နှံ့စပ်မှုပေါ့။ Update Information ကိုနှံ့စပ်ဖို့လိုမယ်။ ကိုယ့်ဒေသရဲ့ အခြေအနေကိုလည်း ကောင်းကောင်းမွန်မွန် သိဖို့လိုမယ်။ စိန်ခေါ်မှု ရှိတာကို။ကျွန်မတို့ဆိုရင် အိမ်ထောင်ရှင်ဖြစ်တယ်။ အမျိုးသားက ဒါကို ကျွန်မကို ပံ့ပိုးပေးထားတယ် ဆိုတာက ဒီဟာကို လုပ်တဲ့အတွက်ကလေးတွေကို ဂရုမစိုက်နိုင်ဘူးဆိုတာမျိုး အပြစ်တင်တာမျိုး လုံးဝ မရှိဘူး။နောက်ကနေ အပြည့်အဝ ပံ့ပိုးပေးတယ်။ အမျိုးသမီးတွေက လုံခြုံမှု မရှိဘူး။ညရေး ညတာ သွားရတာမျိုုး ရှိတယ်။ ဟိုဘက်မှာ အမျိုးသမီးတွေ ပါမလာနိုင်ဘူးဆိုတာက ခြိမ်းခြောက်မှုတွေ အမြဲတမ်းရှိတယ်။ ကျွန်မကိုယ် တိုင်လည်း အမျိုးမျိုး ခြိမ်းခြောက်ခံရတာရှိတယ်။ ဒါကိုလည်း ကျွန်မက မှန်မှန် ကန်ကန်လုပ် ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ်ရအောင်လုပ်မယ်ပေါ့။ကိုယ်က မလုပ်ရင် ပလက်ဝမြို့နယ်က အမျိုးသမီးထုရဲ့ အသံကို ဘယ်သူထွက်ပေးမလဲ။နောက်ပိုင်း မီဒီယာကသိလာတော့ နောက်ပိုင်းမှာ ခြိမ်းခြောက်မှုတွေလည်း ပျောက်သွားတယ်။အဓိကတော့ စိတ်ပဲလို့ယူဆတယ်။လုပ်ချင်တဲ့ဆန္ဒနောက်ကို လူက လိုက်သွားတာပေါ့။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

နောက်ဆုံးရသတင်း