တပ်မတော်ထိခိုက်တယ်ဆိုပြီး မတူပီဆရာမရဲ့ ပို့စ်ပြန်ပြုတ်ဖို့ စစ်တပ်ဘက်က နှစ်ကြိမ်တိုင်တိုင်လာရောက်တောင်းဆို

မတူပီမြို့ စစ်ဗျူဟာက ဗိုလ်ကြီးပြည့်စုံမင်း(ကြည်း) ကဆရာမ မိုင်နုဘောင်အား အကြမ်းဖက်ရိုက်နှက်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အကြောင်း လူမှုကွန်ရက်ပေါ်တင်ထားတဲ့စာဟာ တပ်မတော်ကိုထိခိုက်တယ်ဆိုပြီး နှစ်ကြိမ်တိုင်တိုင်  တပ်မတော်ဘက်က ပြန်ပြုတ်ဖို့လာရောက်တောင်းဆိုတယ်လို့ ဆရာမ နုဘောင်ကပြောပါတယ်။

P S Zing အကောင့်နာမည်နဲ့ ဗိုလ်ကြီးပြည့်စုံမင်းက ဆရာမကိုရိုက်နှက်တဲ့အကြောင်း ဒီဇင်ဘာ (၁၈)ရက် ည (၁၀)နာရီကျော်မှာ တင်ထားပါတယ်။

ဆရာမ မိုင်နုဘောင်က “၁၉ ရက်ညက သူ(ဗိုလ်ကြီးပြည့်စုံမင်း)နဲ့သူ့ဗိုလ်မှူးတို့လာပြီး ပို့စ်ပြုတ်ပေးဖို့ပြောတယ်။ အဲ့ဒီပို့စ်က တပ်နဲ့ပညာရေးကြားကိစ္စဖြစ်သလိုရှိတယ်တဲ့။ ၂၀ ရက် မွန်းလွန် ၁ နာရီကျော် ဗိုလ်မှူးဝင်းနိုင်၊ ဗိုလ်မှူးဝေဖြိုးထွန်း(ခ)ကြည်ထူး နှစ်ယောက်လာပြီး ပို့စ် ပြုတ်ပေးဖို့ထပ်ပြောတယ်။ အဖွဲ့အစည်းကိုထိခိုက်လို့တဲ့။ ဒါပေမယ့် ကျမကပို့စ်ပြုတ်ဖို့ငြင်းလိုက်တယ်။ အမှုပြီးမှပြုတ်မယ်လို့ပြောတယ်”လို့ဆိုပါတယ်။

ဆက်လက်ပြီး “ပြီးတော့ မနေ့နဲ့ ဒီနေ့မှာ ပြည့်စုံမင်းကို စစ်တပ်ခုံရုံးမှာ စစ်ဆေးမယ်၊ ဖြစ်စဉ်တွေလာပြောပေးပါလို့ပါးစပ်နဲ့နှစ်ကြိမ်ခေါ်ပေမယ့်မသွားဘူး။ သူတို့ပြောတာတော့ ဒီနေ့ (၁)နာရီမှာ သူ့ကိုစစ်ဆေးတယ်ဆိုပဲ။ သုံးကြိမ်ခေါ်လို့မလာရင် ပြန်တိုင်မယ်။ ထောင်ချမယ်လို့အဖေ့ဆီမှာပြောတော့ အဖေလည်းတော်တော်စိုးရိမ်တယ်။ ပြီးတော့ပြောသေးတယ်။ ယောကျ်းတစ်ယောက်က မျက်နှာကို (၁၀)ချက်လောက်ရိုက်တာတောင် နုဘောင်မျက်နှာဘာမှမဖြစ်ပါလားလို့ ဗိုလ်မှူးဝင်းနိုင်ကအဖေ့ဆီမှာပြောတယ်။ သူတို့အိမ်မှာလာတုန်းက ဖြစ်စဉ်အကုန်လုံးပြောထားပြီ၊ စစ်တပ်ကိုသွားဖို့မရှိဘူး”လို့ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အမှုဖွင့်တဲ့စာကို မနက်ဖြန်(ဒီဇင်ဘာ ၂၂) မတူပီ မြို့နယ်ရဲစခန်းမှာ တင်တော့မယ်လို့ ၎င်းကဆက်လက်ပြောပါတယ်။