နိုင်ငံတကာအကူညီလုံးဝမရရှိသော ချင်းစစ်ဘေးဒုက္ခသည်များ နေ့စဉ်ဘ၀ ခက်ခဲစွာရုန်းကန်နေရ

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ချင်းစစ်ဘေးဒုက္ခသည် ၃၀,၀၀၀ ကျော်ရောက်ရှိနေကြပြီး အများစုမှာ ဒုက္ခသည်စခန်းများတွင်နေထိုင်ကြကာ မီဇိုရမ်ပြည်သူများနှင့် အဖွဲ့စည်းများရဲ့ ထောက်ပံ့ကူညီမှုနဲ့‌သာ နေ့စဉ်ဘ၀ ဖြတ်သန်းကြပါတယ်။

လောင်တလိုင်မြို့နဲ့ မလှမ်းမကမ်းမြို့ပြင်တနေရာမှာ Trade Center Camp လို့ခေါ်သည့် ဒုက္ခသည်စခန်းတစ်ခုရှိပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် မတူပီမြို့နယ်က စစ်ဘေးဒုက္ခသည် ၁၆၀ခန့် နေထိုင်ကြပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူမှုမရှိလို့ မီဇိုရမ်လူမှုအဖွဲ့အစည်းတွေရဲ့ စားနပ်ရိက္ခာ ထောက်ပံ့ကူညီမှုနဲ့သာ ရပ်တည်နေရကြောင်း ဒုက္ခသည်ကလေးငယ်များအား စာသင်ကြားပေးသည့် CDM ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုတော့မရှိဘူး။ ဟိုတလောက ချင်းအဖွဲ့အစည်းတစ်ခုက တစ်ခါအကူအညီပေးတာတော့ရှိတယ်။ အဓိကတော့ နေစဉ်စားဖို့ ဆန်ကို ဒီက မီဇိုရမ်အဖွဲ့အစည်းတွေက လာပေးကြတယ်။ အခြားလိုအပ်တာတွေကိုတော့ ကျမတို့ကိုယ်တိုင်ရှာဖွေရတယ်” လို့ပြောပါတယ်။

အိမ်ထောင်စုတစ်စုမှာ ယောင်္ကျားလေးရှိတဲ့သူတွေဆိုရင် မြို့ထဲမှာ ကြုံ့ရာကျပန်းအလုပ်များဝင်လုပ်ရင်းနဲ့ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက ဖြေရှင်းနိုင်ကြပေမယ့် ယောင်္ကျားလေးမရှိတဲ့ အိမ်ထောင်စုမှာတော့ စားဝတ်နေရေးအတွက် ပိုမိုအခက်တွေ့ရပါတယ်။

“မိန်းကလေးတွေပဲ ရှိတဲ့မိသားစု‌တွေဆိုရင် အလုပ်လုပ်စရာမရှိလို့ တော်တော်လေးခက်ခဲတယ်။ တချို့ယောင်္ကျားလေးတွေရှိတဲ့ မိသားစုကတော့ မြို့ထဲမှာအလုပ်‌တွေသွားလုပ်ပြီး နေသာချောင်သာရှိကြတယ်” လို့ အထက်ပါဆရာမက ဆက်ပြောပါတယ်။

Trade Center Camp မှာနေထိုင်ကြသည့် စစ်ဘေးဒုက္ခသည်တစ်ချို့ဟာ တောထဲမှာ မျှစ်တွေသွားခုတ်ပြီး မြို့ပေါ်သို့သွားရောင်းကာ မိသားစုအတွက် ဝင်ငွေရှာ‌ဖွေ ကြပါတယ်။

တနင်္ဂနွေနေ့ရောက်တိုင်း ခရစ်ယာန်‌တွေရဲ့အစဉ်အလာတိုင်း ဘုရား‌ကျောင်းမှာ ကလေးလူကြီးပါမကျန် စုဝေးကြပြီး တစ်ပတ်တာ ပင်ပန်းသမျှနှင့် စိတ်ဆင်းရဲဒဏ်များကို ဘုရားရှေ့မှောက်မှာဖွင့်ဟရင်း နေရပ်ပြန်နိုင်ဖို့ ဆုတောင်းကြပါတယ်။
(Zalen မီဒီယာရဲ့မိတ်ဖက်အဖွဲ့ဖြစ်တဲ့ The Chin Journal တို့ပူးပေါင်းတင်ဆက်ထားသည်။)