နိုင်ငံရဲ့ အဓိက ပြည်ပပို့ကုန်ဟာ ဆန်စပါးနဲ့ ပဲပြောင်းအစား လူငယ်ဖြစ်နေပြီ

ကိုဗန်(တောင်ပေါ်မြေ)

စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော် အကြာမှာ မြန်မာနိုင်ငံမှာ အလုပ်အကိုင်(၁.၆)သန်း ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သလို နောက်ထပ်အလုပ်အကိုင်သစ်တွေလည်း ထွက်ပေါ်လာဖို့ မရှိတော့ပါဘူး။ ဆိုတော့ အသက်(၁၈)ကနေ (၂၅)ဝန်းကျင်ကြား လူငယ်သန်းပေါင်းများစွာရဲ့ ဘဝရှေ့ရေး ပျောက်ဆုံးနေပြီ ဖြစ်ပါတယ်။

၂၀၂၂ခုနှစ် ဩဂုက်လဆန်းပိုင်းမှာ ဂျပန်ကို သွားရောက်ခွင့်ရဖို့ လျှောက်လွှာစောင့်ဆိုင်းသူ လူငယ်(၅၀၀၀)ကျော်ရှိပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရတဲ့ အထိ ကြုံတွေ့ခဲ့ရတယ်။

ယနေ့ မြန်မာနိုင်ငံက နေရာတိုင်းမှာ လူငယ်‌တွေဟာ အလုပ်အကိုင်အတွက် သင်တန်းတွေ တက်ကြရာမှာ တခြားသင်တန်းတွေအစား ဂျပန်၊ ကိုရီးယား နဲ့ အိမ်နီးချင်းနိုင်ငံတွေကို အလုပ်သမားအဖြစ် သွားရောက်ဖို့ ဘာသာစကားသင်တန်းတွေ ပြည့်နှက်နေပါတယ်။

နေရာတိုင်းမှာ ကိုရီးယားနဲ ဂျပန်ဘာသာစကား သင်ကြားနေတဲ့ လူငယ်တွေ တွေ့ရပြီး သူတို့ရည်မှန်းချက်က ပြည်ပနိုင်ငံမှာ အလုပ်အကိုင် လုပ်ရဖို့ပါ။

ဒါအပြင် ရန်ကုန်၊ မန္တလေးအပါအဝင် နေရာဒေသအသီးသီးမှာ ရှိတဲ့ ပါက်စပို့ရုံးတွေမှာ ပြည်ပသွားဖို့ ပါက်စပို့လုပ်နေတဲ့ လူငယ်တွေ အများကြီး တွေ့ရမှာပါ။

10270437_982538965135322_4653259072932117798_n

ရန်ကုန်မှာဆို ပါက်စပို့လုပ်ရဖို့ မလွယ်ကူတော့တဲ့ အခြေအနေ တွေ့ရသလို မှောင်ခိုဈေးကွက်ကြီးကလည်း ပိုကြီးမားကျယ်ပြန့်လာပါတယ်။ ဒီပုံစံဟာ ၂၀၁၃လောက်တုန်းက ပါက်စပို့လုပ်တဲ့ ကာလတွေကို အမှတ်တရ ဖြစ်စေပါတယ်။

ကိုရီးယားကို အလုပ်သွားလုပ်ဖို့ ပြင်နေတဲ့ လူငယ်တွေဟာ ပါက်စပို့လုပ်တာတောင် အခက်အခဲ တခု ဖြစ်လာနေပြီး လက်ရှိအချိန်ထိ ပါက်စပို့ လုပ်မရသေးတာကြောင့် ၂၀၂၂ခုနှစ်အတွင်း ပြည်ပ ထွက်ခွာဖို့ မလွယ်သေးဘူးလို့ လုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။

ဒီသဘောအရ ၂၀၂၂ခုနှစ်အတွင်းမှာသာမက ၂၀၂၃ ခုနှစ်အထိပါ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေတဲ့ လူငယ်တွေ အမြောက်အမြားရှိနေပါတယ်။ ဂျပန်နဲ့ ကိုးရီးယားလို နိုင်ငံတွေက အလုပ်ခေါ်တာ အနည်းငယ်မျှသာ ဖြစ်ပြီး  မြန်မာနိုင်ငံက ပြည်ပကို အလုပ်လုပ်ချင်တဲ့ လူငယ်တွေကတော့ အနည်းဆုံး(၅)သန်း ရှိနေပါတယ်။

NLD အစိုးရခေတ်မှာ နှစ်စဉ် ပြည်ပကို အလုပ်လုပ်ဖို့ ထွက်ခွာသူ (၁)သိန်းခန့် ရှိနေပြီး ပြည်တွင်းမှာလည်း အလုပ်အကိုင်ပေါင်း(၃)သိန်းနီးပါးခန့်ထားနိုင်တာပါ။ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ အလုပ်အကိုင်သစ်တွေ မရှိပါ။ ရှိနှင့်ပြီးသား အလုပ်အကိုင် (၁.၆)သန်းကျော်တောင် ပျောက်ဆုံးသွားခဲ့တာပါ။

ဒါကြောင့် နှစ်စဉ် အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ်အသစ် သိန်းချီတိုးနေတဲ့ ဒီနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်၊ မျော်လင့်ချက်တွေ ပျက်ဆီးပြီး ပြည်ပအလုပ်လုပ်ကိုင်ဖို့ပဲ ရှိပါတယ်။

နိုင်ငံ လူဦးရေဟာ (၅၄)သန်းကျော် ရှိတဲ့အနတ် ထက်ဝက်လောက်ဟာ လူငယ်တွေဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု၊ပြည်တွင်းစစ် ဖြစ်ပွားမှု၊စီးပွားရေးကျဆင်းမှု၊ငွေကြေးဖောင်းပွမှုနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေကြောင့် လူငယ်သန်းချီဟာ နိုင်ငံကို စွန့်ခွာပြီး ပြည်ပမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ကုန်ထုက်လုပ်ငန်းတွေ၊စက်ရုံအလုပ်ရုံတွေကို သွားဖို့ ပြင်နေတာပါ။

297840956_5518866344835872_4343917094397717811_n

ဒီလို ပြင်ဆင်ရာမှာ စစ်ကောင်စီကို တွန်းလှန်နေကြတဲ့ ဒေသက လူငယ်တွေလည်း ပါဝင်ပြီး စစ်ကောင်စီကလည်း ဖိနှိပ်မှုတွေ ပြုလုပ်နေပါတယ်။ ကချင်၊ ကယား ၊ချင်း၊ စစ်ကိုင်း၊ မကွေးတိုင်းလို ဒေသက မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ လူငယ်တွေ ပါက်စပို့ပြုလုပ်ရာမှာ အတားအဆီးတွေ လုပ်နေသလို စစ်ဆေးမှုတွေလည်း လုပ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာလည်း ချင်းပြည်နယ်ကနေ ပြည်ပကို အလုပ်ထွက်လုပ်ဖို့ ရောက်လာကြတဲ့ ချင်းလူငယ်(၂၇) ဦးကို ရန်ကုန်တိုင်း မြောက်ဒဂုံမှာ စစ်ကောင်စီအဖွဲ့က အင်အားသုံးဖမ်းဆီးခဲ့ပါတယ်။

ထို့အတူ ခရီးသွားလာရာမှာလည်း မှတ်ပုံတင်ကြည့်ပြီး ရစ်တာ၊တားဆီးတာ၊ဖမ်းဆီးတာတွေ ပိုလုပ်လာတယ် လို့ သတင်းတွေက ဖော်ပြနေပါတယ်။

ပြည်ပ သွားဖို့သာမက ပြည်တွင်းမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေကိုပါ စက်ရုံ၊အလုပ်ရုံတွေကနေ ရပ်ဆိုင်းဖို့၊ထွက်ခိုင်းဖို့ စစ်ကောင်စီက ဖိအားပေးနေတာမို့ ကယား၊စစ်ကိုင်း၊မကွေးတိုင်းက လူတွေ အလုပ်ကနေ ရပ်နားခံရတယ်လို့ သတင်းတွေက ဆိုနေပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေကို ဖိနှိပ်ရက်စက်နေရုံသာမက အလုပ်အကိုင်ပေါင်းသန်းချီကို ဆုံးရှုံးစေတဲ့အပြင် အလုပ်လုပ်နေသူတွေကိုပါ နိုင်ငံရေးနဲ့ တဖက်သပ်ဖိနှိပ်နေတာပါ။

တိုင်းပြည်ကို တလွဲစီမံအုပ်ချုပ်ခန့်ခွဲနေတဲ့ စစ်ကောင်စီအုပ်စုဟာ အခုချိန်ထိ အသိတရားမဝင်သေးသလို ပြည်သူတွေကို ဖိနှိပ်ခြင်း၊လူငယ်တွေကို ဖိနှိပ်ရက်စက်မှု လုပ်ပြနေပြီး အကြောက်တရားနဲ့ အုပ်ချုပ်နိုင်အောင် ပြင်ဆင်နေပါတယ်။

ဒီလို ဖြစ်အောင် ၎င်းတို့ လက်ကိုင်တုက်တွေ ဖြစ်တဲ့ စစ်တပ်နဲ့ ရဲ၊ လဝကနဲ့ တရားရုံးတွေပေါင်းပြီး လူငယ်တွေကို ဖိနှိပ်ရက်စက်နေတာပါ။

သို့သော်လည်း အလုပ်အကိုင်မရှိ၊စီးပွားရေးကျဆင်း၊အနာဂါတ်တွေ ပျောက်ကုန်တဲ့ လူငယ်တွေအတွက် အိမ်မက်ဟာ ဒီနိုင်ငံကို စွန့်ခွာပြီး ပြည်ပကို အလုပ်လုပ်ဖို့ပါ။

စစ်အာဏာမသိမ်းခင်တုန်းက ပြည်ပရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေဟာ (၅)သန်းကျော် ရှိနေနိုင်ပြီး (၇၀)ရာခိုင်နှုန်းက ထိုင်းနိုင်ငံမှာပါ။ မြန်မာပြည်က ပြည်ပထွက်ခွာအလုပ်လုပ်သူတွေဟာ နိုင်ငံပေါင်း(၁၉)နိုင်ငံလောက်မှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ ၂၀၂၁ခုနှစ် တစ်နှစ်အတွင်း လူငယ်သိန်းချီဟာ နိုင်ငံကို စွန့်ခွာပြီး ပြည်ပကို အလုပ်ထွက်လုပ်နေကြတယ် လို့ ယူဆရပါတယ်။

297507101_5518866354835871_1567700933349602968_n

ဆိုတော့ ၂၀၂၂ခုနှစ်မှာလည်း လူငယ်သန်းဂဏန်းနီးပါး ပြည်ပထွက်ခွာကြမယ်လို့ ခန့်မှန်းရပြီး ၂၀၂၃ခုနှစ်မှာလည်း ဒီထက်ပိုသော လူငယ်သန်းဂဏန်းဟာ ပြည်ပကို စီးထွက်သွားတော့မှာပါ။

ဒီလိုသာ ဆိုရင် လူငယ်အင်အားများပြားပြီး တိုင်းပြည်စီးပွားရေးအရှိန်ကောင်းလာနေတဲ့ မြန်မာကို ရိုက်ချိုးဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီလုပ်ရပ်ကြောင့် အသက်(၃၅)နှစ်အောက် လူငယ်တွေ အားလုံးရဲ့ အိမ်မက်တွေ ပျက်ဆီးသွားပါတယ်။

လူဦးရေသန်း(၂၀)နီးပါးရှိမယ့် ကုန်ထုတ်လုပ်နိုင်စွမ်း မြင့်မားတဲ့ လူငယ်တွေရဲ့ အားနဲ့ ဝင်ငွေဟာ အိမ်နီးချင်းနိုင်ငံတွေ၊နိုင်ငံတကာက အလုပ်အကိုင်များပြီး အလုပ်သမားလိုအပ် နေတဲ့ နိုင်ငံတွေအတွက် ဖြစ်လာနေပါတယ်။

ရွှေနိုင်ငံလို့ ဝင့်ကြွားနေတဲ့ မြန်မာဟာ အခုတော့ ကိုယ့်တိုင်းပြည်ဆင်းရဲတာ၊စီးပွားရေးတွေ ကျဆင်းတာ၊အလုပ်အ ကိုင်ရှားပါးတာ၊အလုပ်လက်မဲ့ ပေါများတာ၊ငွေကြေးဖောင်းပွတာ၊ရည်မှန်းချက်တွေ ပျောက်ဆုံးတာ‌တွေကြောင့် နိုင်ငံရဲ့ အဓိက ပို့ကုန်ဟာ ဆန်စပါးနဲ့ ပဲပြောင်းအစား လူငယ်သန်းချီ ဖြစ်နေပါတယ်။

ရည်မှန်းချက်တွေ ပျောက်ဆုံး၊အနာဂါတ်တွေ ပျက်ဆီးနေတဲ့ လူငယ်တွေကို နောက် အလုပ်မလုပ်နိုင်အောင်၊အလုပ်လုပ်ခွင့်မရအောင်၊အဆင်မပြေအောင်၊ပြည်ပ ထွက်ခွာလုပ်ကိုင်ခွင့် မရအောင် ၊ပိုပိုပြီး ဆင်းရဲတွင်းနက်အောင် အာဏာသိမ်းစစ်ကောင်စီဟာ အစွမ်းကုန်ယုတ်မာနေတာ တွေ့ရတာ ဝမ်းနည်းဖို့တောင် ကောင်းပါတယ်။

ကမ္ဘာမှာ လူဖြစ်ရကျိုး အဆုံးရှုံးဆုံး နိုင်ငံ ဖြစ်လာတဲ့ မြန်မာနိုင်ငံမှာ အသက်ရှင်ရပ်တည်ဖို့ အရေးတောင် မလွယ်ကူ၊စိတ်လုံခြုံမှု မရှိ၊ဘဝအာမခံချက်မရှိ ဆင်းဆင်းရဲရဲ မွေး၊ဆင်းဆင်းရဲရဲ သေတဲ့အခြေအနေမျိုး ဖြစ်လာနေတာဟာ ငြင်းပါယ်မရပါ။

ဒီလိုအချိန်မှာ သန်းနဲ့ ချီသော လူငယ်တွေ အိမ်မက်ဟာ ပညာရေးလည်း ကောင်းစွာမရ၊အသိပညာလည်း အားနည်း၊ဖိနှိပ်မှု‌တွေကြောင့် ပညာရပ်ပိုင်း ထူးချွန်မှုမရှိတဲ့ အတွက် ပြည်ပကို စိုက်ပျိုးရေး၊ကုန်ထုတ်၊စက်မှုလုပ်ငန်း၊အောက်ခြေသိမ်းလုပ်ငန်း နဲ့ အိမ်ဖော်စတဲ့ အလုပ်တွေကို သွားလုပ်ခွင့် ရဖို့အရေး ကြိုးစားနေရတဲ့ လူငယ်တွေကို ကြည့်ရင်း ဝမ်းနည်းမိပါတယ်။

လူငယ်တွေ အခွင့်အလမ်းတိုးတက်ပြီး အနာဂါတ် တိုးတက်တဲ့ နိုင်ငံတခု ဖြစ်လာဖို့ဆိုရင် ပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ အရွှေ့တခုကို တွန်းတင်ကြဖို့ လိုအပ်နေပြီး စုပေါင်းအင်အားနဲ့ မတရားမှုကို တိုက်ထုက်ကြဖို့ လိုအပ်နေပြီ လို့ ဆိုပါရစေ။