ပရဟိတ ဆရာမတစ်ယောက်ရဲ့ ပြန်လိုချင်တဲ့ ငြိမ်းချမ်းနေ့ရက်များ

ကျော်စိုးမိုး

”ကျွန်မတို့ရွာက တော်တော်အေးချမ်းတဲ့နေရာ၊ ဘာမှ မဖြစ်ခဲ့ဘူး။ ဘုရားရိပ်၊ တရားရိပ်နဲ့ မြသိန်းတန် ဘုရားလည်း ရှိတယ်။ ကိုယ့်ရွာကထွက်တဲ့ စစ်သားလည်းမရှိဘူး။ AA လည်း မရှိဘူး။ ဘာဆိုဘာမှမရှိပေမယ့် ကျွန်မတို့ရွာက ရိုးမနဲ့ အစပ်ဆိုတော့ ခိုအောင်းစရာနေရာတွေ ရှိတယ်လေ။ တိုက်ပွဲဖြစ်လာတော့ ကျွန်မတို့နေရာ ကျွန်မတို့ရွာပဲ ခံရတယ်။ ညမအိပ်နိုင်တဲ့နေ့တွေလည်း အများကြီးပဲ။ ဗုံးသံကြားရင် ခြံထဲအလုပ်မဆင်းနိုင်ဘူး” လို့ အသက် (၃၇) နှစ်အရွယ် ရခိုင်တိုင်းရင်းသူဒေါ်ပုံ့ပုံ့သွယ်က ပြောပြပါတယ်။

သူကြုံတွေ့ခဲ့တာတွေကို ခုလိုပြန်ပြောင်းပြောပြချိန် သူ့မျက်ဝန်းမှာ မျက်ရည်တွေရစ်ဝိုင်းနေသလိုပဲ လက်ရှိ သူနေထိုင်ရာ တဲတန်းလျားရဲ့အပြင်ဘက်မှာလည်း မိုးက ခပ်ဖွဲဖွဲရွာနေပါတယ်။

ဒေါ်ပုံပုံသွယ်ရဲ့ ဇာတိရပ်ရွာက ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အမ်းမြို့နယ်ပိုင် ဒါးလက်အနောက်ရွာလို့ ဆိုပါတယ်။ ရွာအနီးမှာ သာယာတဲ့စမ်းရေတောနဲ့ စိမ်းမြတဲ့လယ်ကွင်းတွေရှိပြီး သဘာဝ အလှများနဲ့ အေးချမ်းသာယာတဲ့ သူရဲ့ရွာလေးရော၊ ကျေးလက်နေ သူ့လိုတိုင်းရင်းသားတွေရဲ့ဘဝဟာ စစ်ရဲ့အနိဌာရုံကြောင့် ပျက်စီးခဲ့ရပြီလို့ သူက ဝမ်းပမ်းတနည်းပြောပါတယ်။

သူက ဆက်ပြီး “အဲနေ့က မှတ်မှတ်ရရ ဇန်နဝါရီလ( ၂ )ရက်နေ့၊ ညနေခြောက်နာရီကျော် ခုနစ်နာရီ နီးပါးမှာ ကျွန်မယောကျ်ားရဲ့ညီမပေါ့၊ အိမ်ကို လာပြောတယ်။ အကိုရယ် အဖေကို AA အဖွဲ့က ခေါ်သွားတယ်။ ဘယ်လိုခေါ်သွားလဲ ကြိုးတုပ်ခေါ်သလား ပြန်မေးတော့ အဲလိုခေါ်တာလဲ မဟုတ်ဘူး။ ဦးလေးရယ် လာပါ ။ ဦးလေး ဒီလောက်အသက်ကြီးမှန်းလည်း မသိဘူး။ တော်တော်အသက်ကြီးတာပဲလို့ မေးပြီးတော့ ဆိုင်ကယ်နဲ့ ခေါ်သွားတယ်” လို့ ပြောတယ်။

“ကျွန်မရဲ့ယောက္ခထီးက ဆီးချိုရောဂါရှိတယ်။ နေမကောင်းတော့ မြို့မှာ ဆေးသွားကုထားတာ ၊ဖမ်းသွားတဲ့ အကြောင်းရင်းကိုလည်း မသိရဘူး။ စစ်တပ်နဲ့အဆက်အသွယ် ရှိလို့ ဖမ်းတာလား၊ ဘယ်လိုပုံစံနဲ့ ဖမ်းတာလဲတော့ မသိဘူး”လို့ ဒေါ်ပုံပုံသွယ်က ဆိုပါတယ်။

ယောက္ခထီးဖြစ်သူကို ဖမ်းခေါ်သွားတဲ့ အကြောင်းအရင်းကို အခုချိန်ထိ မသိရသလို သူရဲ့ယောက္ခထီးက ဒါးလက်ကျေးရွာအုပ်စုက လူမျိုးစုခေါင်းဆောင်တစ်ဦးဖြစ်လည်း ဖြစ်တယ်လို့ သူက အခုလိုဆက်ပြောတယ်။

“ လူမျိုးစုထဲမှာခေါင်းဆောင်ဆိုတော့ ဒီလူမျိုးစုတွေ ကြောက်သွားအောင်လို့များ ဖမ်းသွားသလား။ အဲလိုပဲတွေးမိတယ်။ ဖမ်းခေါ်သွားတယ်ဆိုတော့ အကုန်ကြောက်တယ်။ လက်နက်ကိုင်ဆို ဘယ်အဖွဲ့အစည်းက လာလာ အကုန် ကြောက်တယ်” လို့ ဒေါ်ပုံ့ပုံ့သွယ်က ပြောပါတယ်။

ယောက္ခထီးဖြစ်သူ ဖမ်းခေါ်သွားခံရပြီးနောက်ပိုင်း ဘာသတင်းမှ စုံစမ်းမရလို့ သားဖြစ်တဲ့ ဒေါ်ပုံ့ပုံ့သွယ်ရဲ့ခင်ပွန်းဖြစ်သူကလည်း “ ငါ့အဖေပြီးတော့ ငါ့ကိုများ လာဖမ်းမလား။ တစ်ခုခုကိုဆက်သွယ်ပြီး ငါ့အဖေကို ဖမ်းခေါ်သွားတယ်လို့တိုင်လို့များ ငါ့ကိုဖမ်းလေမလား။ သတင်းပေးတယ် ဘာတယ်ဆိုပြီး ငါ့ကို လာဖမ်းဦးမလား” ည ည မအိပ်နိုင်ဘဲ မိသားစုလုပ်ငန်းတွေဖြစ်တဲ့ အုတ်လုပ်ငန်း၊ ခြံလုပ်ငန်းတွေပါ ပစ်ပြီး သူရဲ့လုံခြုံရေးကိုကြောက်လို့ အမျိုးတွေရှိတဲ့ မြေပုံကိုတောင်မဟုတ်ဘဲ ရန်ကုန် အထိကိုထွက်လာတာလို့ ဆိုပါတယ်။

ခင်ပွန်းဖြစ်သူထားခဲ့တဲ့ မိသားစုလုပ်ငန်းတွေကို ပစ်ထားလို့လည်းမရ၊ ယောက္ခထီး ဖမ်းခေါ်သွားခံရလို့ ယောက်ျားဖြစ်သူသတင်းကို စုံစမ်းစောင့်မျှော်နေတဲ့ ရွာမှာပဲ ရှိနေသေးတဲ့ ယောက္ခမဖြစ်သူကိုလည်း စိုးရိမ်ရနဲ့ တောင်မပြေးနိုင်မြောက်ပြေးမရ ဖြစ်ခဲ့တဲ့ သူ့အကြောင်းကို ပြန်ပြောင်းပြောပါတယ်။

“ ကျွန်မယောက်ျားရဲ့အမေဆိုရင် သူတို့ရွာမှာ တိုက်ပွဲတွေဖြစ်လို့ ဗုံးတွေ ကျနေတာ။ အိမ်ခေါင်တွေလည်း ပေါက်၊ ရှောင်နေကြမယ် ဆိုတာတောင် သူ့ယောကျ်ား ပြန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်နေတာလေ၊ ကျန်းမာရေးလည်းကောင်းတာမဟုတ်ဘူး။ အခုတော့ အမ်းမြို့က စစ်ဘေးရှောင်စခန်းကို ရောက်နေပြီလို့ ယောက္ခမက ပြောတယ်” ဟု ဒေါ်ပုံ့ပုံ့သွယ်က ပြောဆိုတယ်။

သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရရှိထားပြီး ဇာတိရပ်ရွာက စာသင်ကျောင်းမှာ စေတနာဝန်ထမ်း အကူဆရာမအဖြစ် လုပ်ကိုင်နေတဲ့ ဒေါ်ပုံ့ပုံ့သွယ်က ခင်ပွန်းဖြစ်သူက မိသားစုလုပ်ငန်းတွေပစ်ပြီး ရွာကနေထွက်သွားချိန်မှာ မိန်းမသားတန်မဲ့ အငှားလုပ်သားတွေခေါ်ပြီး လုပ်ငန်းပုံမှန်လည်ပတ်အောင် လုပ်ကိုင်ရတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ တိုက်ပွဲတွေလည်း ဆက်ဖြစ်လာ တိုက်ဆိုင်စွာပဲ ဒေါ်ပုံပုံသွယ်ရဲ့ မွေးချင်းအစ်မဖြစ်သူက မကျန်းမာလို့ ရန်ကုန်ကိုဆေးလာတက်ကုရာမှာ အဖော်အဖြစ်လိုက်ပါလာရင်း ရွာကိုမပြန်ဖြစ်တဲ့ အခြေအနေအပေါ် သူက အခုလိုပြောပါတယ်။

“ ကျမရဲ့ အစ်မက ကျောက်ကပ်မကောင်းလို့ ရန်ကုန်ကိုဆေးကုလာရင်း ကိုဗစ်နဲ့ တည့်တည့်တိုးတော့ ရွာပြန်လို့ မရတော့ဘူး။ အခုရွာမှာက တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ ရွာမှာကျန်ခဲ့တဲ့ မိတ်ဆွေတွေက နင်တို့ ပြန်မလာနဲ့၊ နင်တို့လင်မယား ဟိုသွားဒီသွား သွားနေတော့ နင်တို့လင်မယားက သတင်းပေးတွေလို့ သတင်းထွက်နေတယ်။ ဖမ်းသွားရင် ဘယ်လိုလုပ်မလဲဆိုတော့ ပြန်မသွားရဲတော့ဘူး။ ကျွန်မရဲ့ အောင်လက်မှတ်နဲ့ ဘွဲ့လက်မှတ်လည်း မပါလာဘူး” လို့ ဒေါ်ပုံ့ပုံ့သွယ်က ပြောပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိချိန်က သူတို့ဇနီးမောင်နှံမှာ ဆွေမျိုးတော်စပ်သူတို့အိမ်မှာ ခေတ္တနေထိုင်ပြီး ခင်ပွန်းဖြစ်သူက ချင်းလူမျိုးဖြစ်တဲ့အတွက် ချင်းလူမှုကူညီရေး အသင်းများနဲ့ ချိတ်ဆက်မိပြီး ဇူလိုင်လ ၁ ရက်က စတင်ပြီး လှည်းကူးမြို့ရှိ ဝက်အင်းပေါက်ကျေးရွာ စစ်ရှောင်စခန်းမှာ လာရောက်နေထိုင်ဖြစ်ကြောင်းကိုလည်း ပြောပြပါတယ်။

ဒေါ်ပုံ့ပုံ့သွယ် ရန်ကုန်ကို လူမမာစောင့် လိုက်လာတုန်းက သားနဲ့ သမီးပါ အတူတကွ ပါလာခဲ့တယ်လို့ဆိုပါတယ်။သူတို့ မိသားစု နည်းတူ စစ်ရှောင်ရောက်ရှိလာတဲ့ ချင်းလူမျိုးမိသားစုသုံးဆယ်နီးပါးလည်း အဲဒီ စခန်းမှာ အတူနေထိုင်ကြောင်း သူက ပြောပြပါတယ်။

ဒေါ်ပုံ့ပုံ့သွယ်က ရွာက ကလေးငယ်တွေကို စေတနာ့ဝန်ထမ်း စာသင်ပေးခဲ့တဲ့ ငြိမ်းချမ်းခဲ့တဲ့ နေ့ရက်တွေအကြောင်းကို တမ်းတမ်းတတပြောရင်း အိမ်ပြန်နိုင်မယ့် ငြိမ်းချမ်းတဲ့ ရက်တွေကို မျှော်လင့်မိတယ်လို့ ပြောပါတယ်။

အကြောင်းကြောင်းကြောင့် နေရပ် စွန့်ခွာပြီး ဝေးရာကို ထွက်မပြေးနိုင်လို့ ရွာမှာပဲ ကျန်နေတဲ့ တပည့်လေးတွေအတွက်လည်း စိတ်ပူရတယ်လို့ ပြောပါတယ်။

ဝက်အင်းပေါက်ကျေးရွာဟာ လှည်းကူး-ဖောင်ကြီးကားလမ်းပေါ်က နှုတ်ခမ်းမွှေးသိုက် ရွာလမ်းခွဲကနေ တဆင့် ဖောက်လုပ်ထားတဲ့ လမ်းအတိုင်း ကားနဲ့ နာရီဝက်နီးပါးကြာ မောင်းနှင်ရောက်ရှိနိုင်ပါတယ်။

အဲဒီစခန်းမှာ အများအားဖြင့် မြိုတိုင်းရင်းသား စစ်ဘေးရှောင်သူဦးရေ ၇၀၀ ကျော် နေထိုင်ကြပြီး တွင် ဓနိမိုးထရံကာနဲ့ ဆောက်လုပ်ထားတဲ့ ဝါးတဲလေးများကို မညီညာတဲ့ ကုန်းမြေပေါ်မှာ ဟိုဟို ဒီဒီ ပြန့်ကျဲလျက် ရှိနေတာကို တွေ့မြင်ရပါတယ်။

မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ တဲအစုအဝေးနဲ့ မလှမ်းမကမ်းမှာ ဓနိမိုး၊တာလပတ်ကာ ဝါးတိုင်ထူပြီး ဝါးကြမ်းကြဲကြဲ ခင်းထားတဲ့ တဲတန်းလျား အဆောင်နှစ်ခုရှိပြီး ဒေါ်ပုံ့ပုံ့သွယ်တို့ မိသားစုက အဲတန်းလျားဆောင်မှာ ချင်းစစ်ရှောင်များနဲ့ အတူနေထိုင်ပါတယ်။ အဲဒီတဲတန်းလျားနှစ်ခုမှာ ချင်းမိသားစုသုံးဆယ်၊ လူဦးရေ တစ်ရာကျော်ခန့် ရောက်ရှိနေထိုင်ကြပါတယ်။

ဝက်အင်းပေါက်စခန်းမှာ ရခိုင်ပြည်မြောက်ပိုင်း မြို့နယ်တွေဖြစ်တဲ့ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံနဲ့ အမ်းမြို့နယ်တွေက စစ်ရှောင်ထွက်ပြေး လာကြသူတွေဖြစ်ပြီး မြို၊ ချင်း၊ ရခိုင်၊ ဗမာ စတဲ့ တိုင်းရင်းသားတချို့လည်း နေထိုင်ကြပါတယ်။

စစ်ရှောင်ဒုက္ခသည်တွေဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကစပြီး၊ လှည်းကူး၊ ဝက်အင်းပေါက်ကျေးရွာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရောက်ရှိလာကြတာဖြစ်ပြီး လက်ရှိအချိန်ထိတော့ အလှုရှင်တွေက လာရောက်လှုဒါန်းထားတဲ့ စားရိက္ခာတွေကို စားသောက်နေထိုင်ကြရတယ်လို့ စခန်းတာဝန်ခံ ဦးရင်အောင်က ပြောပါတယ်။

“ အလှုရှင်လည်း နည်းလာပြီ၊ ဒီနေရာကလည်း တချို့မြေပိုင်ရှင်တွေ ရှိတယ်။ ပိုင်ရှင်တွေကလည်း ရေရှည်ပေးမနေနိုင်ဘူးပေါ့၊ တနှစ်ပဲနေခိုင်းမယ် စာချုပ်ချုပ်ပေးပါဆိုပြီး သူတို့ကို စာချုပ်ချုပ်ခိုင်းတာမျိုးရှိတယ်။ အလှုရှင်တွေလာလှုတာတွေကို ခွဲဝေပေးတယ်။ အလုပ်လုပ်နိုင်တဲ့ အရွယ်တွေပါပေမယ့် ကိုဗစ်ကာလဖြစ်နေတော့ အလုပ်ရဖို့ ခက်ခဲတယ်”လို့ သူက ရှင်းပြပါတယ်။

စစ်ရှောင်သူတွေထဲမှာလည်း ကျောင်းသားအရွယ်တွေက အများစုဖြစ်နေလို့ သူတို့တွေ ဆက်လက်ပ ပညာသင်ယူနိုင်ဖို့လည်း အခက်အခဲ ဖြစ်နေကြောင်း ဦးယဉ်အောင်က ဆိုပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (Myanmar Institute for Peace and Security – MIPS) ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဖြစ်စဉ်များကို လေ့လာဆန်းစစ်ထားတဲ့ “ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ သုံးသပ်ချက် ၂၀၂၀” သုတေသန အစီရင်ခံစာမှာ ၂၀၁၉ ခုနှစ် အတွင်း တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့အကြား ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များနဲ့ ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ အနည်းဆုံး ၆၂၆ ကြိမ်ခန့်ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်ကနေ သြဂုတ် ၂၁ ရက် အထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်ရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “ ငြိမ်းချမ်းရေး ကင်းမဲ့ခြင်းနဲ့ ပဋိပက္ခရှည်ကြာခြင်းရဲ့ အကျိုးဆက်နဲ့ ပေးဆပ်ရမှုတွေကို ကြည့်ရင် လတ်တလောထင်သာမြင်သာ တိုက်ရိုက်တွေ့ကြရမှာက လူ့အသက်တွေ ဆုံးရှုံးရတာ၊ အိုးအိမ်တွေ ပျက်စီးရတာ၊ အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေးကြရတာ၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက် ဆုံးရှုံးတာတွေကိုပဲ သိမြင်ကြပါတယ်။ ဒါပေမယ့် လူငယ်တွေရဲ့ ပညာရေးနဲ့ တိုင်းပြည်ရဲ့ အနာဂတ် တိုင်းရင်းသားပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ သိက္ခာရှိရှိ ရှင်သန်ရပ်တည်မှု အစရှိတဲ့ ထိခိုက်ဆုံး ရှုံးမှုတွေကို စတေးခဲ့ရပြီးဖြစ်တယ်”ဟု ညီလာခံ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက်Rakhine Ethnics Congress (ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး) ရဲ့ ဇူလိုင်လ ၇ ရက် အထိ ကောက်ယူထားတဲ့ စစ်တမ်းအရ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးသင့် ဒုက္ခသည် အရေအတွက်မှာ ၁၉,၀၇၈ ရှိတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (Myanmar Institute for Peace and Security – MIPS) ရဲ့ အလုပ်အမှုဆောင်ညွှန်ကြားရေးမှုးလည်းဖြစ် ငြိမ်းချမ်းရေးကော်မရှင်အကြံပေး အဖွဲ့ဝင်လည်းဖြစ်သူ ဒေါက်တာမင်းဇော်ဦးက စစ်ဘေးရှောင်ပြည်သူတို့ဘ၀ ပြန်လည်ထူထောင်နိုင်ရေးအတွက် အခုလို ပြောပါတယ်။

“ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး စဉ်းစားတဲ့အခါမှာ စားဝတ်နေရေးတစ်ခုထဲနဲ့ ဆန်ပေးဆီပေး တစ်ခုထဲနဲ့ စဉ်းစားလို့ မရဘူး။ သူတို့တွေကို ကျွန်တော်တို့ စနစ်တကျနဲ့ စစ်ဘေးရှောင်စခန်းတွေ လုပ်ပေးဖို့လိုတယ်။ စစ်ဘေးရှောင်တွေကို စားဝတ်နေရေးတစ်ခုတည်း မဟုတ်ဘဲနဲ့ သူ့ရဲ့မျိုးဆက်သစ်တွေ ကလေးတွေရဲ့ ပညာရေးတွေကိုလည်း အများကြီး စဉ်းစားပေးဖို့ လိုလိမ့်မယ်။ ကျောင်းတွေကို ဒီဒုက္ခသည်စခန်းတွေမှာ ဆက် ဖွင့်လှစ်နိုင်ဖို့ လိုလိမ့်မယ်။ စစ်ဘေးရှောင် ပြည်သူလူထုအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ လိုမယ်” လို့ ဒေါက်တာမင်းဇော်ဦးက အကြံပြု ပြောဆိုထားပါတယ်။

လက်ရှိ အချိန်မှာတော့ တကျော့ပြန် COVID- 19 ရောဂါ ကြောင့် ကျောင်းတွေလည်းခေတ္တပြန်ပိတ်ထားလိုက်ရပါပြီ။

ဝက်အင်းပေါက်ရွာ တိုက်ပွဲရှောင် စခန်းမှာ ရောက် နေတဲ့တိုင်းရင်းသားကလေးငယ်တွေမှာ ဘာသာစကား အခက်အခဲတွေရှိလို့ အဲဒီကလေးတွေ တက်ခွင့်ရမယ့် ကျောင်းက လက်ခံမယ် ဆိုရင် စေတနာ့ဝန်ထမ်းအဖြစ် ဆက်လက် ကူညီပေးဖို့ ဒေါ်ပုံ့ပုံ့သွယ်က ဆန္ဒရှိနေပါတယ်။

” ပညာရေး ကျန်းမာရေး လူမှုရေးက အစ တိုင်းရင်း သားတွေထဲမှာ ဖြစ်ပျက်နေတဲ့ဟာက တော်တော်ကြောက်ဖို့ကောင်းနေပြီ။ အားလုံးထဲမှာ ရခိုင်ပြည်သူတွေက အနိမ့်ကျဆုံးကျန်ခဲ့တော့မယ်။ရခိုင်ပြည်နယ်ထဲမှာ ချင်း။ မြို ။သက်။ ဒိုင်းနက် လူမျိုးပေါင်းစုံ ရှိတယ်လေ။ အားလုံးခံစားနေရတာကိုပြောတာပါ။ ဒီလူတွေရဲ့ ခံစားချက်ကို ဦးစားပေးပြီးတော့ နည်းနည်းဖြေလျော့ပြီးတော့ စဉ်းစားပေးကြပါ” လို့ ဒေါ်ပုံ့ပုံ့ သွယ်က ပြောလိုက်ပါတော့တယ်။

နောက်ဆုံးရသတင်း