မိုင်ဆန်သဲတို့သားအမိနှစ်ယောက် ချင်းတောင်သို့ဖခင်ကိုယ်တိုင်ပြန်လည်ခေါ်ဆောင်

မိုင်ဆန်သဲတို့သားအမိနှစ်ယောက် ချင်းတောင်သို့ဖခင်ကိုယ်တိုင်ပြန်လည်ခေါ်ဆောင်

ရန်ကုန်ပြည်သူဆေးရုံရှေ့တွင် ရွှေကြာလူမှုကူညီရေးအသင်းက ကူညီခဲ့တဲ့ ဖလမ်းမြို့နယ် ဖာရ်ဆိုးရွာသူ မိုင်ဆန်သဲတို့သားအမိဟာ အောင်မင်္ဂလာကားကြီးဝန်းကနေပျောက်ဆုံးပြီး ခြောက်ရက်အကြာ ဇူလိုင် ၃၁ ရက်တွင် ပြန်လည်တွေ့ရှိကြပါတယ်။

ဖြစ်စဉ်မှာဇူလိုင် ၂၄ ရက်တွင် ဇာတိရွာပြန်ဖို့ ရွှေကြာလူမှုကူညီရေးအသင်းက အောင်မင်္ဂလာကားကြီးဝန်းသို့ပို့ပြီး ကားလက်မှတ်ဖြတ်ပေးပြီး လမ်းစရိတ် ၁၂၀၀၀၀ ကျပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ယင်းကားကိုမစီးဖြစ်ပဲ မြို့ထဲသို့ သားအမိနှစ်ယောက်ပြန်လှည့်လာကြပါတယ်။ အဲ့ဒီချိန်ကစပြီး သတင်းအစအနမသိတော့တာကြောင့် ရန်ကုန်မြို့ ဖလမ်းလူငယ်အဖွဲ့က ရွာရှိ မိုင်ဆန်သဲရဲ့ဖခင်ကို ခေါ်ကာ ဇူလိုင် ၂၈ ရက်တွင်စတင်ရှာဖွေကြပါတယ်။ ယင်းနေ့ညတွင် ဒလမြို့နယ် ဘုရင့်နောင်ရပ်ကွက်ရှိ မိုင်ဆန်သဲရဲ့ ယောက္ခမအိမ်သွား သွားရောက်ကာ အကျိုးအကြောင်းမေးမြန်းကြပါတယ်။ ဖလမ်းလူငယ်အဖွဲ့တို့ ပြန်ပြီးမကြာခင်မှာပဲ မိုင်ဆန်သဲဟာ ယောက္ခမတို့အိမ်သို့လာရောက်ပြီး သမီးကိုအပ်ထားကာ ကလေးအတွက်နေ့တိုင်းပိုက်ဆံထောက်ပံ့ပြီး တစ်လကြာရင်ပြန်ယူလာမယ်လို့စာရေးသွားပါတယ်။ ဇူလိုင် ၂၉ ရက်တွင် ဖလမ်းလူငယ်အဖွဲ့နဲ့ မိုင်ဆန်သဲရဲ့ဖခင် ဦးနိုင်ဝှမ်းတို့ဟာ ကလေးကိုသွားကြည့်ဖို့ ဒလမြို့သို့ပြန်သွားကာ ကလေးကို အစိုးရထံအပ်ထားပြီး မိုင်ဆန်သဲနဲ့ ယောကျ်ားကို ဆက်လက်ရှာဖွေဖို့သဘောတူကြပါတယ်။ ဒါကြောင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအသင်းက ဒလမြို့နယ် ရဲစခန်းသို့ မိုင်ဆန်သဲနဲ့ ယောကျ်ားရှာဖွေရန်အကြောင်းကြားပြီး ဖလမ်းလူငယ်အသင်းကလည်း မိုင်ဆန်သဲကို လသာမြို့နယ် ရဲစခန်းတွင် လူပျောက်သွားတိုင်ကြပါတယ်။ ဇူလိုင် ၃၀ ရက်တွင် တာမွေအဝိုင်းဘက်မှ ဆူးလေသို့လာတဲ့ နံပါတ် ၁၂ ဘစ်ကားပေါ်တွင် မိုင်ဆန်သဲနဲ့ ဆင်တူတဲ့ မိန်းကလေးတစ်ယောက်တွေ့တယ်လို့ ဓာတ်ပုံနဲ့တကွအကြောင်းကြားလာတာကြောင့် ၎င်းဆင်းသွားတဲ့ ဆူးလေစကွေးယာမှတ်တိုင်အနီးသို့ ဖလမ်းလူငယ်အဖွဲ့ကသွားရောက်ရှာဖွေကြပါတယ်။ ဒါပေမယ့် မတွေ့ရှိတာကြောင့် ပန်းပဲတန်းမြို့နယ် ရဲစခန်းရှိ CCTV ကင်မရာကိုသွားရောက်ကြည့်ရှုပေမယ့် မိုင်ဆန်သဲရဲ့ အရိပ်အယောင်ကိုမတွေ့ပါ။ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် မိုင်ဆန်သဲက ၎င်းယောက္ခမတို့အိမ်က သမီးကိုပြန်ယူဖို့သွားရောက်တဲ့ချိန်မှာ ယောက္ခမတို့က အကျိုးအကြောင်းကိုပြောပြကာ အိမ်နီးနားလူတွေက ဖလမ်းလူငယ်အဖွဲ့ကိုဖုန်းဆက်အကြောင်းကြားလာတာကြောင့် မိသားစုနဲ့ပြန်လည်တွေ့ဆုံနိုင်တာဖြစ်ပါတယ်။

ကလေးမြို့ကို သွားမယ့် High Class ကားပေါ်ထိ ဖလမ်းလူငယ်အဖွဲ့က ပို့ဆောင်

မိုင်ဆန်သဲ@ မိုင်ထောင်းဇာဆန် က “ဘာဖြစ်လို့ ကားကြီးဝန်းကနေပြန်လှည့်လာတာလဲဆိုရင် ကျမက ကားမူးတတ်တော့ ကလေးနဲ့နှစ်ယောက်ထဲ ကားစီးရမှာကိုကြောက်တယ်။ ကလေးကိုပြုစုပေးမယ့်သူလည်းမရှိဘူး။ ကျမ အိမ်တော့အရမ်းပြန်ချင်တယ်။ ဒါပေမယ့် ကားစီးရမှာကြောက်တယ်။ ကျမ လိမ်ညာသွားတာမဟုတ်ဘူး။ အဲ့အကြောင်းလိုင်းပေါ်တင်တာကျမ မသိပါဘူး။ ဒါပေမယ့် အဲ့နောက်ပိုင်း ကျမသွားတဲ့နေရာမှာ လူတွေက ကျမကိုပဲစိုက်ကြည့်နေကြတယ်။ တချို့က ကျမကိုလူလိမ်လို့လည်းပြောကြတယ်။ အဲ့လိုမဟုတ်ပါဘူး။ ဒါကြောင့် ကားဝန်းဆိုင်ကယ် ကယ်ရီသမားတွေကို ဘူတာရုံကိုပို့ခိုင်းပြီးမြို့ထဲပြန်လာတယ်။ ကျမနားက ယောကျ်ားလေးလိုတစ်ယောက်တွေ့တယ်ဆိုတာ အဲ့ဒါ ယောကျ်ားလေးမဟုတ်။ ယောကျ်ားစိတ်ပေါက်နေတဲ့ မိန်းကလေးပါ။ ယောကျ်ားနဲ့ညားခါစမှာသိတဲ့သူတစ်ယောက်ပါ။ သူ့ကို ကျမဘေးနားမှာနေပေးဖို့ အကူအညီတောင်းတာပါ။ အကူအညီပေးတဲ့အဖွဲ့က ပေးတဲ့ပိုက်ဆံတွေက ကျမယောကျ်ားကိုလိုက်ရှာဖို့သွားလာတဲ့လမ်းစရိတ်တွေမှာသုံးသွားတယ်။ ယောကျ်ားရှိတယ်ဆိုလို့ မြောက်ဒဂုံကိုသွားလိုက်၊ လှိုင်သာယာကိုသွားလိုက်နဲ့ ထမင်းနပ်မမှန်တာတော်တော်ကြာပြီ၊ နှစ်ရက်မှာတစ်ခါလောက်စားတယ်။ အဓိက သမီးလေးတွက်ပေါ့။ နို့ဝမှသူလည်းငြိမ်သွားတယ်လေ။ ဘာလို့ ယောက္ခမအိမ်မှာ ပြန်မအိပ်တာလဲဆိုရင် သူတို့လည်းခက်ခဲတယ်။ ကျမတို့ကို အိမ်လခတောင်းတယ်။ ကျမတို့လည်းမပေးနိုင်ဘူး။ ယောကျ်ားလည်းမရှိတော့ လုပ်ကျွေးပေးမယ့်သူမရှိဘူး။ ကိုယ့်ထမင်းကိုယ့်ဟာကိုယ်စားတယ်လို့ပြောပြောနေတော့ မခံနိုင်တော့ဘူး။ ယောကျ်ားက အရင်ကမိန်းမ လေးငါးယောက်ယူခဲ့ဖူးတယ်ဆိုတာလည်းမှန်ပါတယ်။ ယူခါစမှာတော့ကျမလည်းမသိဘူး။ နောက်ပိုင်းအိမ်နီးနားချင်းတွေပြောပြမှပဲသိတယ်။ သူ့ကိုလည်းမေးတော့ ကျမနဲ့မယူခင်မှာ ကောင်မလေးတစ်ယောက်နဲ့ယူပြီးသားလေးမွေးတယ်။ အဲ့သားက သူ့သားမဟုတ်ဘူးဆိုပြီးကွာရှင်းတယ်တဲ့။ အခုကျမ အဖေတို့နဲ့လိုက်သွားမယ်။ ရန်ကုန်ကယောကျ်ားဆီမှာတော့ပြန်မလာချင်တော့ဘူး။ သူအိမ်ပြန်လာလို့ သူကြိုက်ရင် ချင်းတောင်ပြန်လာပါစေ” လို့ပြောပါတယ်။

မိုင်ဆန်သဲရဲ့ ဖခင်

မိုင်ဆန်သဲတို့သားအမိဟာ ဖခင်နဲ့အတူ ဒီနေ့ ညနေ ၃ နာရီတွင် High Class ယာဉ်လိုင်းနဲ့ ကလေးမြို့သို့ပြန်သွားကြပါတယ်။ မိုင်ဆန်သဲရဲ့ အဖေနဲ့မောင်လေးတို့ရဲ့ ရန်ကုန်နေစရိတ်၊ စားစရိတ်၊ သွားလာရေးစရိတ်တွေအားလုံးကို ဖလမ်းလူငယ်အဖွဲ့က အကုန်အကျခံထားပြီး ၎င်းတို့ကို The Queen တည်းခိုခန်းက အခမဲ့တည်းခိုစေပါတယ်။