မြန်မာတွေ ငတ်တော့မည်လော

Aung Myo Tun

ဆန်ရေစပါးပေါကြွယ်ဝပြီး သံယာဇာတပေါများလှသည့် တိုင်းပြည်ဟု အစဉ်အဆက် စစ်အစိုးရတို့ ကြွေးကြော်ခဲ့သည်မှာ နှစ်(၆၀)မကတော့ပါ။

သို့သော်လည်း နှစ်ပေါင်း(၆၀)ကျော်အတွင်း ပြည်သူတို့မှာ နိုင်ငံ၏ ပေါကြွယ်ဝလှသော အရင်းအမြစ်များကို တခါမျှ မခံစားရ။ အများစုသည် စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့ မိတ်ဖက် ခရိုနီ၊သူဌေးများကသာ သားစဉ်မြေးဆက် သိမ်းပိုက်သွားခဲ့ကြသည်။

၎င်းတို့ အောက်ခြေဝန်ထမ်းအများစုကလည်း ဆင်းရဲသား ပြည်သူများထံမှ မရှိမဲ့ ရှိမဲ့ မူးစေ့၊မတ်စေ့များကို ဥပဒေအသုံးချကာ ရယူသွားကြသဖြင့် မြန်မာပြည်သူအများစုသည် လူမွှေးမပြောင်တာ ကြာပြီ ဖြစ်သည်။

ပြီးခဲ့သည့် (၅)နှစ်အတွင်း ကမ္ဘာ့အလယ်တွင် မြန်မာဟူ၍ ဂုဏ်အနည်းငယ် တက်လာပြီး လူငယ်များ အနာဂါတ်မျော်လင့်ချက်ထားချိန်တွင် စစ်အုပ်စုနှင့် ဘာသာရေးအစွန်းရောက်တို့ လက်ချက်ကြောင့် နိုင်ငံအနာဂါတ်မှာ ထပ်မံရိုက်ချိုးခံရပြန်ပါသည်။

အရာရာ ဆုံးရှုံးပြီးသားကိုမှ အကြိမ်ကြိမ် ထပ်မံရိုက်ချိုးခံနေရသည့်အပြင် နဂိုကျောမွဲပြည်သူများကို စစ်ကောင်စီအုပ်စုက အငတ်ဘေးနှင့် လှည့်တိုက်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

မြန်မာတွေ “ငတ်‌၍ သေ”၊”မရှိလို့ သေ”၊”ဒုက္ခရောက်လို့ သေ” အခြေအနေမျိုးကို အာဏာသိမ်းစစ်ကောင်စီအုပ်စုက ၎င်းတို့ အုပ်ချုပ်သည့် တစ်နှစ်ခွဲကျော်ကာလအတွင်းလုပ်ပြသွားခဲ့သည်။ နေရာတိုင်း၊တိုင်းနှင့် ပြည်နယ် ဒေသတိုင်းတွင် ခိုးဆိုးလုယှက်မှုတို့မှာ အဆမတန်တိုးပွားလာနေသည်။ အချို့နေရာများတွင် ပစ္စည်းလုရုံသာမက လူပါ သတ်သည့်အထိ ဆိုးရွှားလာနေသည်။

ဘာသာရေးယုံကြည်လွန်းသည့် မြန်မာပြည်သူများသည် အဆိုပါ ကပ်ကြီးငါးပါး မှ လွှတ်ရန် ရှိသည့် ဘုရားအမျိုးမျိုးထံ ဆုတောင်းနေကြသော်လည်း ကံကံ၏ အကျိုး ဟု ဆိုကာ တောင်မင်းမကယ်နိုင် မြောက်မင်း မကယ်နိုင်သည့် အခြေအနေ ဖြစ်နေသည်။

ဘာသာရေးသာမက ကမ္ဘာ ကို လှည့်ကာ ကုလသမဂ္ဂ နှင့် နိုင်ငံတကာကို အကူအညီ လှည့်ပတ်တောင်းသော်လည်း အခုချိန်ထိ အင်းမလုပ်၊ အဲမလုပ်အခြေအနေနှင့် နှစ်ပါးသွားကနေကြသည်။အချို့ဆိုလျှင် မြန်မာကို စိတ်ပင် မဝင်စားတော့သလို ပြောစရာကောင်းသည့် Topic တခုပင် ဖြစ်မလာတော့ချေ။

ကမ္ဘာက သူတို့ လုပ်ပါစေ ဟု လက်ညိုးထိုးနေသော အာဆီယံမှာလည်း တရုတ်နှောက်လိုက် ရုရှားက နှောက်လိုက်၊အရှေ့ကြောက်လိုက်၊အနောက်ကြောက်လိုက်နှင့် ကန့်ကွက်စာပင် ပီပီပြင်ပြင် မဖြစ်တော့။ မြန်မာကြောင့်ပင် ၎င်း တို့ မရှိမဲ့ ရှိမဲ့ သိက္ခာကျဆင်းသွားရသည်မို့ အခုဆို အာဆီယံအတွင်းမှ နိုင်ငံအချို့က မတရားအာဏာသိမ်းသည့် စစ်ကောင်စီအပြင် မြန်မာနိုင်ငံကိုပါ ညိုညင်လာနေသည်။

မြန်မာပြည်သူတို့ကတော့ “ဝဋ်ကြွေး” ဟုပင် ဆိုရမည်။

ငတ်ပြတ်သည့် ဘက်ကို ခြေဦးလှည့်နေသည့် ကမ္ဘာကြီး နှင့် မြန်မာ

အမှန်တေ့ာ ကမ္ဘာကြီးကလည်း သာယာမနေတော့ချေ။ ခေတ်ကြီးက တဖြည်းဖြည်းပျက်ယွင်းလာနေသလို လူဦးရေ(၈)ဘီလီယံနီးပါးကို ထမ်းထားသည့် အခြေအနေက ပို၍ ဆိုးရွားဖို့သာ ရှိတာ့သည်။

လူစဉ်မမှီတော့သည့် မြန်မာက သာ၍ ဆိုးရွှားလာနေပြီး နိုင်ငံ မတိုးတက်ရခြင်းအကြောင်းရင်းမှာ နိုင်ငံကြောင့်မဟုတ်၊ ပြည်သူ‌တွေကြောင့် မဟုတ်ပဲ လက်နက်ကိုင်ပြီး အာဏာရူးသည့် လူတစ်စုကြောင့်သာ (၅၄)သန်းရှိသော ပြည်သူတွေ ဒုက္ခခံနေရခြင်း ဖြစ်သည်။

အဆိုးဆုံးမှာ ပြည်သူတွေ ယုံကြည်သည့် ဘာသာရေးခေါင်းဆောင်များကပါ အစဉ်အဆက် လက်နက်ကိုင်ကာ အာဏာယစ်မူးသူများကို မြောက်ပင့်ပေးနေပြီး ပြည်သူထံမှ ‌ရသမျှ စည်းစိမ်၊အာဏာပြန်ခွဲဝေယူနေကြပြန်သည်။ မြန်မာဆိုသည်မှာ ငရဲလား ဟုပင် ဆိုနိုင်သည်။

ထိုကြောင့် နာမည်ကျော် ကာတွန်းဆရာကြီး ဦးဘကျမ်းက မရဏတိုင်းပြည်တွင် ကျရောက်နေသော လူများကိုမပျော်ပိုက်ရ ကောင်းလားဆိုကာ “မောင်မင်းတို့ ဒီမှာ မနေချင်ရင် မြန်မာပြည်ကို ပို့လိုက်မည်” ဟု ငရဲမင်းက ဆဲဆိုသည့် ကာတွန်းဆွဲခဲ့ခြင်း နေမည်။

ခေတ်အဆက်ဆက် မှန်လွန်းသည့် ကာတွန်းပါပေ။

အာဏာသိမ်းပြီးနောက် မြန်မာ တစစ ရေတိမ်နစ်လာနေ

အာဏသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်းမြန်မာပြည်သူတို့ တစပြီး တစ ရေတိမ်နှစ်လာနေသည်။ ၂၀၂၁ခုနှစ်အတွင်းမှု လူအများစုသည် တိုင်းပြည်တိုးတက်စပြုချိန်က ရရှိသည့် အရင်းအနှီးနှင့် ငွေကြေးများကြောင့် လူဟန်မပျက် နေနိုင်သော်လည်း ၂၀၂၂ခုနှစ်တွင် မြင့်တက်လာသည့် ကုန်ဈေးနှုန်း၊မရှိတော့ပဲ လျော့ပါးသွားသည့် ငွေကြေးအခြေအနေတို့ကြောင့် အခြေအနေပျက်ယွင်းလာနေသည်။

ကမ္ဘာ့က သတ်မှတ်ထားသည် အနှိမ့်ဆုံး ဝင်ငွေမှာ မြန်မာငွေ ကျပ်(၆၄၀၀)ဝန်းကျင်ခန့် ဖြစ်ပြီး မြန်မာရှိ အခြေခံလုပ်အားခမှာ တစ်ရက်လျှင် ကျပ်(၄၈၀၀) ဖြစ်ပြီး နေ့စားခမှာ တစ်ရက်လျှင် ကျပ်(၅၀၀၀)ဖြစ်သည့်အတွက် ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်ရှိနေပြီ ဖြစ်သည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသား လူဦးရေသန်း(၄၀)ခန့်မှာ ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်သွားပြီ ဟု စစ်တမ်းများက ဖော်ပြနေပြီး ကမ္ဘာ့ ဘဏ်ကမှု နိုင်ငံလူဦးရေထက်ဝက်သည် ဆင်းရဲနေပြီ ဟု ဖော်ပြထားသည်။

နိုင်ငံ၏ နေရာ သုံးပုံ နှစ်ပုံတွင် တိုက်ခိုက်မှု၊မလုံခြုံမှု နှင့် စစ်ပွဲတို့ ဖြစ်ပွားနေပြီး လူဦးရေ(၁.၆)သန်းနီးပါးမှာ စစ်ဘေးရှောင်နေရပြီ ဖြစ်သည်။စိုက်ပျိုးရေးအားကောင်းသော တိုင်းနှင့်ပြည်နယ် ဒေသအများစုတွင် စိုက်ပျိုးရေးမလုပ်နိုင်တော့ပဲ အချို့ဒေသများတွင် အခြေခံစားသောက်ကုန်တို့ ပြတ်တောက်လာသည့်အထိ ကြုံနေရပြီ ဖြစ်သည်။

ဆန်စပါးနှင့် ပဲပြောင်း အဓိက စိုက်ပျိုးသည့် မြန်မာနိုင်ငံတွင် ဆန်ဈေးမှာ တအိတ်လျှင် ကျပ်တစ်သိန်းနား ကပ်နေပြီ ဖြစ်သည်။ အဆိုပါဈေးနှုန်းသည် စစ်တပ်မှ အာဏာမသိမ်းခင်က အခြေအနေထက် (၃၅)ရာခိုင်နှုန်း မြင့်တက်လာသည်။

ထိုအတူ စိုက်ပျိုးရေးသွင်းအားစု စရိတ်မှာလည်း မြင့်တက်ခဲ့ပြီး ယခင်ကထက် (၁၀)ရာခိုင်နှုန်းမှ (၅၅)ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာသည်။ ထိုစရိတ်တို့သည် ၂၀၂၂ခုနှစ် စိုက်ပျိုးရေးကာလအတွင်း ဖြစ်ရာ လာမည့် ၂၀၂၃ခုနှစ်တွင် စိုက်ပျိုးရေးစားသောက်ကုန်ဈေးတို့မှာ ပို၍ ဈေးနှုန်းမြင့်တက်လာနိုင်ခြေများသည်။

ဒီအပြင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု‌ကြောင့် အလုပ်အကိုင်ပေါင်း(၁.၆)သန်း ပျက်ဆီးဆုံးရှုံးခဲ့ရသလို လူငယ်သန်းပေါင်းများစွာမှာလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီ ဖြစ်သည်။

ကျဆင်းမှု အကျိုးဆက်ကို ရေရှည်ခံစားနေရအုန်းမည်

နိုင်ငံစီးပွားရေးမှာလည်း ၂၀၂၁ခုနှစ်တွင် အနှုတ်(၁၈)ရာခိုင်နှုန်းအောက်သို့ ရောက်ရှိခဲ့သလို ၂၀၂၂ခုနှစ်တွင်လည်း တိုးတက်လာမည့် အရိပ်အယောင်ပင် မပြသေးချေ။

ပြီးခဲ့သည့် နှစ် စီးပွားရေးကျဆင်းမှု အကျိုးဆက်ကို ဆက်လက် ခံစားနေရအုန်းမည် ဖြစ်ပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲမှုညံ့ဖျင်းသည့်အတွက် လာမည့် (၅)နှစ်အထိ ထိခိုက်ခံစားနေအုန်းမည် ဖြစ်သည်။

ထိုအပြင် ငွေကြေးတန်ဖိုးကျဆင်းမှုကလည်း ကျဆင်းနေသည့် စီးပွားရေးကို ပိုဆိုးဝါးလာစေပြီး ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ဆတိုးခံစားနေရမည် ဖြစ်သည်။

ငွေလဲလှယ်နှုန်းမှာ စစ်အာဏာမသိမ်းမှီက အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်(၁၃၀၀)ဝန်းကျင် ဖြစ်ပြီး အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော် အကြာတွင် တစ်ဒေါ်လာလျှင် ကျပ်(၂၆၀၀)ကျော် ရောက်ရှိလာရာ မြန်မာကျပ်ငွေ နှစ်ဆကျော် ဖောင်းပွလာခြင်း ဖြစ်သည်။

ပို့ကုန်သွင်းကုန် ဆိုင်ရာ ဆောင်ရွက်ချက်များ၊နယ်စပ်ကုန်သွယ်ရေးအပေါ် ဖိအားပေးမှု၊ပြည်ပ တင်ပို့မှုတို့အပေါ် ကန့်သတ်မှု၊နိုင်ငံခြားအရန်ငွေ လျော့နည်းမှု၊ငွေကြေး အလွန်အကျွံ ရိုက်ထုက်မှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းလှနှင့် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာမှုဒါဏ်များကို ပြည်သူတို့ ဆိုးဝါးစွာ တွေ့ကြုံခံစားနေရပြီ ဖြစ်သည်။

လက်ရှိ အခြေအနေတို့အရ ၂၀၂၂ ခုနှစ်မကုန်ခင် ပြည်သူတို့သည် ကုန်ဈေးနှုန်း မြင့်တက်မှု၊ဝင်ငွေ နည်းပါးမှု နှင့် ဆင်းရဲမွဲတေမှုတို့ကြောင့် ပိုကြပ်တည်းလာကာ အငတ်ဘေး‌တွေ့ကြုံရမည့် ဘေးအန္တရာယ် ကြုံနေရသည်။

စိုက်ပျိုးရေးသွင်းအားစုတို့ ဈေးမြင့်တက်ခြင်း၊ကုန်ဈေးမြင့်တက်ခြင်းတို့ကြောင့် ၂၀၂၂ခုနှစ် ဖြစ်ပေါ်သည့် ကုန်ဈေးနှုန်းထက် ၂၀၂၃ခုနှစ်တွင် ပို၍ ဆိုးဝါးသော အခြေအနေမျိုး တွေ့ကြုံလာရနိုင်ပြီး ခိုးဆိုးလုနှိက်၊ရာဇာဝတ်မှုတို့ ပိုပိုများပြားလာဖွယ်ရာ ရှိနေသည်။

အစားအစာနှင့် အခြေခံစားသောက်ကုန်ပြတ်လပ်မှုတို့တိုးလာနေ

လက်‌ရှိကာလတွင် စစ်မက်ဖြစ်ပွား‌ရာဒေသများနှင့် သွားလာရေးခက်ခဲသော ဒေသများတွင် ဆန်နှင့် အခြားစားသောက်ကုန်စရိတ်တို့ မြင့်တက်လာနေပြီး စားစရာ မရှိတော့သည့် အခြေအနေမျိုး ကြုံ‌တွေ့နေရသည်။ ထိုအခြေအနေမျိုးသည် တောမီးပမာ တဖြည်းဖြည်း လောင်ကျွမ်းကူးစက်လာနေပြီး လာမည့် နှစ်တွင် နေရာဒေသမရွှေး ‌တွေ့ကြုံလာနိုင်ဖွယ်ရာ ရှိနေသည်။

ချင်းပြည်နယ် ပလက်ဝဒေသတွင် စစ်ကောင်စီအုပ်စု၏ တားမြစ်ပိက်ပင်မှုတို့ကြောင့် ဆန် ဆို စားသောက်ရန်၊ဝယ်ရန်ပင် မရှိတော့သည့် အခြေအနေမျိုး ကြုံနေရကြောင်း သတင်းများ ဖော်ပြထားသည်။ မရှိတော့၍ မဟုတ်ပဲ ကုန်စည်ကူးသန်းသွားလာမှုကို စစ်ကောင်စီ၏ တားဆီးမှုတို့ကြောင့် အငတ်ဘေးဆိုက်လာနေခြင်း ဖြစ်သည်။

“ဆီကို ရေချိုး၊ဆေးရိုး မီးလှုံ၊စပါးတောင်လိုပုံ” ဆိုသည့် အခြေအနေမျိုးသည် ဟာသ တပုဒ်လိုလို ဖြစ်လာနေပြီး လက်ရှိ စစ်ကောင်စီ၏ တလွဲစီမံခန့်ခွဲမှု အလွဲများ၊စီးပွားရေးကျဆင်းမှု၊စိုက်ပျိုးရေးထုတ်လုပ်မှုတို့အပေါ် ကန့်သတ်မှုတို့ကြောင့် ပြည်သူတို့ အငတ်ဘေးကပ်ကိ ခြေ တစ်လှမ်းပြီး တလှမ်း လှမ်းနေရသည့် ကာလ ရောက်ရှိနေပြီ ဖြစ်သည်။

လက်ရှိ စစ်ကောင်စီအုပ်စိုးမှု သက်တမ်းကြာလေလေ မြန်မာပြည်သူများ အငတ်ဘေး ပိုပိုကြုံရလေလေ ဖြစ်ဖွယ်ရှိနေသည်။တရုတ်နိုင်ငံတွင် လူဦးရေတစ်သန်းကျော် သေဆုံးသည့် အငတ်ဘေးမျိုးကို မြန်မာပြည်သူများ တွေ့ကြုံလာရန် တဖြည်းဖြည်း နီးစပ်လာနေသည်ကို သတိပြုမိရန် လိုနေပြီ ဖြစ်သည်။

ထိုအတွက် မည်သူမျ ဆောင်ရွှက်ခြင်း မရှိသေးချေ။

မရှိ၍ မဟုတ်၊ ထုတ်လုပ်နိုင်စွမ်း၊ဖြန့်ချီရေးကို စစ်ကောင်စီက တားဆီးထား

276263637_3245922169010913_4413112691437766098_n

ထိုအပြင် ပြည်ပ ပို့ကုန် အများစု ရပ်နားလာခြင်း၊ ဒေါ်လာဝယ်ယူ၍ မရနိုင်သည့်အတွက် သွင်းကုန်များ မသွင်းလာနိုင်ခြင်း၊ကုန်ဈေးနှုန်း တက်သော်လည်း စိုက်ပျိုးရေးထွက်ကုန်များ ဈေးမတက်ခြင်း၊တောင်သူများ အကြွေးတင်သည့်အတွက် စိုက်ပျိုးမှု လျော့ကျလာခြင်း နှင့် ဈေးကွက် မရရှိခြင်းစသည်အချက်များနှင့် သီးနှံအထွက်နှုန်းလျော့ကျလာခြင်းတို့က ပြည်သူတို့၏ စားဝတ်နေရေးကို လည်ပင်းညစ်လာနေပြီး သယ်ယူပို့ဆောင်ရေးအခတ်အခဲပေါင်းစုံတို့က စီးပွားရေးနှင့် ကုန်ဈေးနှုန်းကို သိသိသာသာ ထိုးနှတ်လာခဲ့သည်။

ထိုအချက်တို့အပြင် အလုပ်အကိုင်ရှားပါးမှု၊ဝင်ငွေလျော့ကျမှုတို့က စားဝတ်နေရေးကို ပိုကြပ်တည်းလာနေစေပြီး အခြေခံလူတန်းစားများပြားသော မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာနှင့် သုံးစွဲနိုင်မှုကို ပြင်းပြင်းထန်ထန်ထိခိုက်လာစေပြီ ဖြစ်သည်။

၂၀၂၂ခုနှစ်အတွင်းမှပင် စားဝ‌တ်နေရေးကြပ်တည်းလာမှုတို့ကြောင့် နေ့စဉ်စားရေးသောက်ရေးအတွက်ပင် စိတ်ပူလာရသည့် ပြည်သူ သန်းပေါင်းများစွာ ရှိလာနေပြီ ဖြစ်သည်။

၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းတွင် သိသိသာသာ မြင့်တက်လာမည် ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူ့အကျိုးအစား ၎င်း တို့ ရှင်သန်ရပ်တည်ရေးအတွက်သာ လုပ်ဆောင်မည် ဖြစ်၍ ပို၍ ဆိုးဝါးလာနိုင်ခြေများသည်။

ဥပမာ ဆန်စပါးကို စစ်ကောင်စီတို့ အုပ်စုအတွက် မဖြစ်မနေခွဲတမ်းပေးရတော့မည် ဖြစ်ပြီး သူတို့ သတ်မှတ်ဈေး၊သူတို့ ကန့်သတ်ချက်အတိုင်းသာ ရောင်းချရတော့မည့် သဘော ဖြစ်လာဖွယ်ရှိနေသည်။ ပြည်သူတို့သည် ဆန်၊ဆီ၊ဆားကိုပင် ယခင်၁၉၉၀ ခုနှစ်ဝန်းကျင် ကာလများကဲ့သို့ပင် စာအုပ်ဖြင့် ခွဲတမ်းချ ဝယ်ယူရတော့မည့် ဘဝကို ရောက်ရှိလာဖွယ် ရှိနေသည်။

အဆိုးဝါးဆုံးမှာ ဆန်စပါး ပေါကြွယ်ဝသည့် မြန်မာနိုင်ငံသည် ဆန်ကို ရှားပါးထုက်ကုန် အဖြစ်သို့ ရောက်ရှိလာဖွယ်ရှိနေကာ ဝယ်မစားနိုင်တော့သည့် အခြေအနေတခုသို့ပင် ရောက်ရှိလာရန် နီးစပ်နေသည်။

မြန်မာပြည်သူတို့ အငတ်ဘေး ဆိုက်လာနိုင်သည့် အခြေအနေမှာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း မရှိ၍ မဟုတ်ပဲ စစ်ကောင်စီလက်ထက်တွင် ကုန်ဈေးနှုန်းမြင့်ခြင်း၊အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေ နှိမ့်ကျခြင်းတို့ကြောင့် ဖြစ်သည်။

လက်ရှိကာလအတွင်းမှာပင် အခြေခံလူတန်းစားအများစုတို့သည် ငွေကြေးချွေတာလာကြပြီး စားသောက်မှုကိုပင် အနှိမ့်ဆုံးအဆင့် ခြွေတာလာနေကြပြီ ဖြစ်သည်။ သို့သော်လည်း ပြည်သူများ တောင့်ခံထားနိုင်မည့် အခြေအနေမှာ လွန်စွာနည်းပါးနေပြီး အငတ်ဘေး တဖြည်းဖြည်းဆိုက်လာနိုင်နေသည်။

အငတ်ဘေးဆိုက်လာနိုင်သော်လည်း စစ်ကောင်စီက လက်နက်သာ ဝယ်နေ

လက်ရှိအချိန် ထိုသို့ အငတ်ဘေးဆိုက်လာရန် နီးစပ်နေသော်လည်း စစ်ကောင်စီအုပ်စုသည် ကြိုတင်ပြင်ဆင်ထားခြင်း၊စီမံခန့်ခွဲခြင်း မရှိသလို ရုရှား၊အိန္ဒိယ နှင့် တရုတ်၊ပါကေစ္စတန်တို့ထံမှ စစ်လက်နက် အမြောက်အမြားကို ဝယ်ယူဖြည့်တင်းနေသည်။

ပြည်သူတို့မှာကာ အိမ်မှာလည်း မလုံခြုံ၊လမ်းတွင်လည်း မလုံခြုံ၊အလုပ်အကိုင်လည်း မရှိ ဆင်းရဲနွမ်းပါးသည့် အောက်ဆုံးအဆင့်ကို ‌တဖြည်းဖြည်းရောက်ရှိလာနေပြီ ဖြစ်သည်။

ပြည်တွင်းစစ်မီး တဖြည်းဖြည်းတောက်လောင် ကျယ်ပြန့်လာသည့် အခြေအနေကြောင့် စစ်ကောင်စီသည် ၎င်းတို့ ရှင်သန်ရပ်တည်နိုင်ရန် ရိက္ခာများကို စုစည်းထားပြီဖြစ်ကာ ရသည့် ငွေကြေးများဖြင့် ပြည်ပမှ လက်နက်များကို ဝယ်ယူဖြည့်တင်းနေသည်။ မည့်သည့်အခါကမှ ပြည်သူကို လှည့်ကြည့်လေ့ မရှိသော စစ်အုပ်စုသည် ၎င်းတို့ ရှင်သန်နိုင်ရေးအတွက် ပြည်သူလူထု၏ ရေသောက်မြစ်အားလုံးကို ဖျက်ဆီးနေသလို စိုက်ပျိုးရေ၊သယ်ယူပို့ဆောင်ရေး အားလုံးကို ကန့်သတ်မှုတို့ကြောင့် စားနှပ်ရိက္ခာပေါကြွယ်ဝလှသည့် မြန်မာနိုင်ငံတွင် အငတ်ဘေး ဆိုက်လာရန် တဖြည်းဖြည်း နီးစပ်လာနေခြင်း ဖြစ်သည်။

ထိုကြောင့် မြန်မာတွေ ငတ်တော့မည်လော ဟု ဆိုလျှင် ငတ်ရန် နီးစပ်နေပြီ ဖြစ်ကာ တချို့ဒေသများတွင် ငတ်နေကြပြီ ဖြစ်ကာ အကူအညီတောင်းနေရသည့် အခြေအနေမျိုး ရောက်လာနေသည်။ နှစ်စဉ် စားနှပ်ရိက္ခာ မပြတ်သော ဒေသများတွင် စစ်ကောင်စီ လက်ပါးစေတို့ကြောင့် စုဆောင်းထားသော စားနှပ်ရိက္ခာများ၊ပိုင်ဆိုင်မှုတို့မှာ အကုန်ဆုံးရှုံးနေရပြီ ဖြစ်သည်။

စုဆောင်းနိုင်ခြင်း မရှိသည့် အောက်ခြေနင်းပြား အများစုသည် သူများ ပေးစာ ကမ်းစာပေါ် မှီခိုလာနေရပြီး ဝင်ငွေ မရှိ၊ အလုပ်မရှိအကိုင်မရှိ အခြေအနေတို့က ဒုစရိုက်လမ်းကြောင်းပေါ် တွန်းတင်နေသည်။

ထိုကြောင့် မြန်မာသည် စိုက်ပျိုးရေးနိုင်ငံတနိုင်ငံ ဖြစ်ပါလျှက်နှင့်၊စိုက်ပျိုးရန် နေရာ အလုံအလောက် ရှိပါလျှက်နှင့် ဝင်ငွေ မရှိ၊အလုပ်အကိုင်မရှိ၊စစ်ဘေးကြောင့် ပြေးလွှားနေရ၊ပိုင်ဆိုင်မှုများကို ဆုံးရှုံးနေရသည့် လက်ရှိကာလတွင် အစားတလုပ်သည် အရေးကြီးသည့် နေရာတွင် ရောက်လာနေသည်။

လက်ရှိအခြေအနေတိုင်းသာ ဆက်သွားလျှင် မကြာမှီ နှစ်များအတွင်း မြန်မာတွင် ငတ်၍ သေသော မသာ များကို ပိုပိုတွေ့မြင်လာရဖွယ် ရှိသလို ဆင်းရဲမှုကြောင့် အငတ်ဘေးဒါဏ် ပိုဆိုက်လာမည့် အခြေအနေကို ပိုင်ဆိုင်နေကြပြီ ဟု ဆိုချင်သည်။