သီရိလင်္ကာလို စီးပွားပျက်ကပ်ကြုံနိုင်လား

မောင်ချင်း

မြန်မာနိုင်ငံဟာ သီရိလင်္ကာနိုင်ငံလိုမျိုး စီးပွားရေးပျက်ကပ်ကြုံရနိုင်လား ဆိုတဲ့ မေးခွန်းဟာ ဒီကာလအတွင်း တွေးအပူရဆုံး ပုစ္ဆာပါပဲ။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံဟာ သီရိလင်္ကာနိုင်ငံလို မဖြစ်နိုင်ဘူးလို့ ငြင်းဆိုထားပြီး အရန်ငွေကြေးနဲ့ အမေရိကန်ဒေါ်လာအလုံအလောက် ရှိတယ် လို့ ပြောဆိုထားပါတယ်။ သီရိလင်္ကာအစိုးရကလည်း ၂၀၁၉ ခုနှစ်ကတည်းက ပညာရှင်တွေ သတိပေးတာကို အမြဲငြင်းဆန်ခဲ့ပြီး သူတို့ဟာ စီးပွားရေးတိုးတက်ဖို့ လမ်းကြောင်းတွေ၊ စီမံကိန်းအသစ်တွေလုပ်ဆောင်နေကြောင်း ကြွားဝါခဲ့တာပါ။

၂၀၂၂ခုနှစ် မေလကုန်အထိ ၎င်းတို့ဟာ စီးပွားရေးပြန်ကောင်းလာဖို့ ကြိုးစားနေတယ် ဆိုပြီး လုပ်ဆောင်ခဲ့ပေမယ့် ဆေးမမှီတော့ပဲ နောက်ဆုံး ဆယ်စုနှစ် သုံးခုနီးပါးအာဏာချုပ်ကိုင်ထားတဲ့ သီရိလင်္ကာသမ္မတဟာ စင်္ကာပူနိုင်ငံကို ထွက်ပြေးသွားခဲ့ရပါတယ်။

တကယ်တမ်းပြောရရင် သီရိလင်္ကာနိုင်ငံသည် လူဦးရေ(၂၂)သန်းလောက်သာ ရှိပြီး ကျွန်းစုနိုင်ငံတခုဖြစ်သလို Covid-19 မတိုင်မှီက ခရီးသွားလုပ်ငန်းကြောင့် ငွေကြေးဝင်ရောက်မှု အားကောင်းသလို စိုက်ပျိုးရေးကဏ္ဌာမှာလည်း နိုင်ငံအတွက် လုံလောက်တဲ့ အခြေအနေမျိုးမှာ ရှိနေခဲ့တာပါ။ နိုင်ငံသားတစ်ဦးချင်းဆီရဲ့ ဝင်ငွေကလည်း ထိုက်သင့်တဲ့ အနေအထားမှာ ရှိပြီး အိန္ဒိယသမုဒ္ဒရာအတွင်းမှာလည်း အရေးပါးတဲ့ ဆိပ်ကမ်းနေရာနဲ့ မဟာဗျူဟာကျတဲ့ ရေကြောင်းဆက်သွယ်ရေး အဖြစ် တည်ရှိနေတဲ့ နိုင်ငံပါ။

သို့သော်လည်း ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်စေခဲ့လို့ အာဏာရှိလာတဲ့ သီရိလင်္ကာသမ္မတဟာ သူနဲ့ သူ့ဆွေမျိုးမိသားစုတွေကိုသာ အစိုးရ တာဝန်တွေကို ရယူချုပ်ကိုင်ခဲ့ပြီး စီမံခန့်ခွဲမှုအလွဲတွေ ပြုလုပ်လာခဲ့တာပါ။

မသေချာ မရေရာတဲ့ နိုင်ငံဖွံဖြိုးရေးစီမံကိန်းတွေကို ပြည်ပချေးငွေတွေနဲ့ လုပ်ဆောင်ခဲ့ပြီး အထင်ရှားဆုံးက နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းမှာ ရှိတဲ့ နိုင်ငံတကာဆိပ်ကမ်းသစ်ကို တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး အရှုံးပေါ်ကာ တရုတ်ကို အဌားချပေးလိုက်ရတဲ့အထိ ဖြစ်သွားခဲ့တာပါ။ ဒီဆိပ်ကမ်း စီမံကိန်းဟာ တရုတ်ချေးငွေ၊တရုတ်စီမံကိန်း၊တရုတ်ကုမ္ပဏီတွေနဲ့ ဆောင်ရွှက်ခဲ့တာ ဖြစ်ပြီး နောက်ဆုံး တရုတ်ကပဲ အပိုင်ရရှိသွားခဲ့ကာ သီရိလင်္ကာနိုင်ငံကတော့ ကြွေးနွံထဲ နှစ်သွားခဲ့တာပါ။

သီရိလင်္ကာနိုင်ငံဟာ ပြည်ပကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ(၅၁)ဘီလီယံအထိ ရှိနေပြီး တရုတ်နိုင်ငံကိုပဲ ပေးရမည့် အကြွေးပမာဏက ဒေါ်လာ (၆.၅)ဘီလီယံခန့် ရှိနေပါတယ်။

ဒီအပြင် Covid-19 ကြောင့် ပြည်ပခရီးသွားဧည့်သည်မဝင်ရောက်လာမှုတို့ကြောင့် ဝင်ငွေ ထိခိုက်ရသလို ရုရှားက ယူကရိန်းကို ကျုးကျော်မှုကြောင့် လောင်စာဆီနဲ့ စားသောက်ကုန်ဈေးတွေ မြင့်တက်လာရာ ဒုက္ခရောက်နေတဲ့ သီရိလင်္ကာကို နှစ်ဆတိုး အထိနာစေခဲ့တယ်။ ငွေကြေးဖောင်းပွမှုကလည်း (၅၀)ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အရန်ငွေကြေးကလည်း ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာ(၇.၆)ဘီလီယံအထိ ရှိနေရာကနေ ၂၀၂၂ခုနှစ် ဇွန်လကုန်မှာတော့ ဒေါ်လာသန်း(၂၅၀)လောက်သာ ကျန်တော့တဲ့ အထိ ဆိုးဝါးသွားခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၂၂ခုနှစ် ဇွန်လကုန်မှာ နိုင်ငံကို ဒေဝါလီခံကြောင်း ထုက်ပြန်ခဲ့ရပြီး သမ္မတဖြစ်သူမှာလည်း ဇူလိုင်လမှာ ပြည်ပကို ထွက်ပြေးခဲ့ရပါတယ်။

သီရိလင်္ကာအစိုးရထက် ပိုမိုဆိုးရွှားတဲ့ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု လွဲချော်မှုများ

263971346_10223432857384600_1941921130366079278_n

မြန်မာနိုင်ငံမှာလည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေးကျဆင်းသွားခဲ့ရတဲ့အပြင် ပြည်တွင်းစစ်မီးပါ တောက်လောင်နေခဲ့တာမို့ စီးပွားရေးပျက်ကပ်ကြုံရနိုင်တယ်လို့ ပညာရှင်တွေက သတိပေးလာခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံလူဦးရေကလည်း (၅၄)သန်းကျော် ရှိတာမို့ သီရိလင်္ကာနိုင်ငံထက် ပိုကြပ်တည်းတဲ့ အနေအထားရှိနေပါတယ်။

မြန်မာနိုင်ငံဟာ သီရိလင်္ကာနိုင်ငံလို ဖြစ်လာနိုင်ရန် အကြောင်းမရှိဘဲ ထိုက်သင့်တဲ့ ဒေါ်လာအရန်ငွေကြေး စုဆောင်းထားတယ် လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောတာ သတင်းတွေမှာ ဖော်ပြထားပါတယ်။ တကယ်ကော အရန်ငွေကြေးအလုံအလောက် ရှိလားဆိုတာ မေးခွန်းပါပဲ။ ၂၀၂၁ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ အမေရိကန်ဒေါ်လာ(၆)ဘီလီယံကျော် ရှိတယ်လို့ စစ်ကောင်စီဝန်ကြီးက ပြောဆိုထားဖူးပါတယ်။

ဒီငွေကြေးပမာဏဟာ သီရိလင်္ကာနိုင်ငံက ကနဦး ရရှိထားတဲ့ အရန်ငွေကြေးထက်တောင် နည်းပါးပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးဟာ ၂၀၂၁ခုနှစ်မှာ အနှုတ်(၁၈)ရာခိုင်နှုန်းကို ထိုးကျသွားခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုကလည်း တဟုန်ထိုး မြင့်တက်လာခဲ့ပြီး ကျပ်ငွေတန်ဖိုးဟာ သုံးပုံတစ်ပုံအထိ ဆုံးရှုံးသွားပါတယ်။

၂၀၂၁ခုနှစ် ဇန်နဝါရီလတုန်းက ငွေလဲနှုန်း အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ (၁၃၅၀)ဝန်းကျင်သာ ရှိခဲ့ပေမယ့် ၂၀၂၂ခုနှစ် ဇူလိုင်လမှာ တစ်ဒေါ်လာကို ကျပ်(၂၅၀၀)ကျော်အထိ ရောက်ရှိလာခဲ့တာ တွေ့ရသလို အိမ်နီးချင်း တရုတ်နဲ့ ထိုင်း ငွေကြေးလဲလှယ်မှုနှုန်းတွေကလည်း မြင့်တက်လာပါတယ်။

မြန်မာကျပ်ငွေတစ်သိန်းကို ထိုင်းဘက်ငွေ (၁၄၅၀)အထိ ရောက်ရှိနေပြီး တရုတ်ယွမ်ငွေကလည်း တစ်ယွမ်ကို ကျပ်(၃၅၀)အထိ ရောက်ရှိသွားခဲ့ပါတယ်။ စင်္ကာပူငွေလဲလှယ်နှုန်းကလည်း တစ်ဒေါ်လာကို မြန်မာကျပ်(၂၀၀၀)ဝန်းကျင်အထိ ရောက်ရှိသွားခဲ့တာပါ။ ဒါတွေဟာ ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲမှု အလွှဲတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပြီး ပြည်ပသွင်းကုန်အများစုကို မှီခိုနေရတဲ့ ပြည်သူတွေကို ကုန်ဈေးနှုန်းတွေ မြင့်တက်လာစေပါတယ်။

စစ်ကောင်စီရဲ့ ညံ့ဖျင်းလှတဲ့ စီမံခန့်ခွဲမှုအလွှဲတွေကြောင့် ပြည်ပကို ပို့ကုန်တင်ပို့မှုလျော့ကျသွားသလို ပြည်တွင်းမှာလည်း ကုန်စည် ပြတ်တောက်မှုတွေ၊ဆေးဝါးပြတ်တောက်မှုတွေ စတင်ကြုံလာနေရပါတယ်။ ပြည်တွင်း စားနပ်ရိက္ခာကို ဖြည့်ဆည်းပေးနေတဲ့ အဓိကတိုင်းနဲ့ ပြည်နယ်တွေမှာ စစ်ပွဲ ဖြစ်ပွားနေတာကြောင့် စိုက်ပျိုးရေးအထွက်နှုန်း လျော့ကျသွားသလို လိုအပ်ချက်လည်း မြင့်တက်လာနေပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျော့ကျ၊ အလုပ်အကိုင် သန်းဂဏန်း ဆုံးရှုံးခဲ့ရ

71269401_2395628923983710_3998528412711911424_n

နှစ်စဉ် အမေရိကန်ဒေါ်လာ(၄.၅)ဘီလီယံလောက် အနည်းဆုံး ရနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်သွားသလို နိုင်ငံတကာက ပိက်ဆို့အရေးယူမှုတွေကြောင့်လည်း ပြည်တွင်းမှာ ဈေးကွက်ပျက်သလို ဝင်ငွေရရှိနိုင်မှုတွေလည်း ရပ်သွားခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်ပေါင်း(၁.၆)သန်းကျော်ဆုံးရှုံးသွားခဲ့ရသလို နိုင်ငံတကာ ကုမ္ပဏီကြီးတွေလည်း နိုင်ငံကနေ ထွက်ခွာသွားကြပါပြီ။ ကိုဗစ်-၁၉ အလွန်မှာ တိုးတက်ဖို့ တာစူနေတာမို့ လုပ်ဆောင်ဖို့ စီစဉ်ထားတဲ့ စီမံကိန်းအများအပြား ရပ်ဆိုင်းတာ၊ ထွက်ခွာတာတွေကြောင့် ထိခိုက်နစ်နာသွားပါတယ်။ ဒီလိုအခြေအနေမျိုးကို သီရိလင်္ကာလိုနိုင်ငံတောင် မကြုံခဲ့တာ တွေ့ရမှာပါ။

ပြည်တွင်းစစ်မီးကလည်း နိုင်ငံအနှံ့ကို ပြန့်နှံ့နေပြီမို့ စားသောက်ကုန်နဲ့ စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဌာကို ထိခိုက်သွားခဲ့ရသလို ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှုကလည်း တဟုန်ထိုး တိုးတက်လာနေပါတယ်။ ဒီလို ဖြစ်ပေါ်နေတာကို စစ်ကောင်စီအုပ်စုက မဖြေရှင်းနိုင်သလို စစ်ပွဲအတွက်သာ ငွေကြေးအကုန်ကျခံထားတာပါ။

အာဏာသိမ်းစစ်ကောင်စီအုပ်စုဟာ ဒေါ်လာငွေကြေးကို ၎င်းတို့အတွက်သာ သိမ်းယူနေပြီး စစ်လက်နက်ဝယ်ယူဖို့နဲ့ ၎င်းတို့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် စုဆောင်းနေကြတာ တွေ့ရတယ်။ စစ်ကောင်စီဟာ အရန်ငွေကြေး လုံလောက်မှု ရှိတယ် ဆိုပေမယ့် ပမာဏမည်မျှရှိတယ်ဆိုတာ မပြောဆိုထားပါဘူး။ သေချာတာကတော့ အတော်ကို နည်းနေတဲ့ အနေအထားမို့ လုပ်ငန်းရှင်တွေ ကုမ္ပဏီတွေဆီက အနုနည်းနဲ့ သိမ်းဆည်းနေတာ ဖြစ်ပြီး သွင်းကုန်လုပ်ငန်းတွေကို ပြန်လည်ရောင်းချပေးနေတာမျိုးတောင် မရှိတော့ပါဘူး။

ဒါ့ အပြင် နိုင်ငံဟာ ပြည်ပကို အမေရိကန်ဒေါ်လာ(၁၀)ဘီလီယံကျော် အကြွေးတင်နေပြီး ၂၀၂၂ခုနှစ်မှာတင် အမေရိကန်ဒေါ်လာ(၁)ဘီလီယံလောက်ကိုကြွေးမြီး ဆပ်ရမှာပါ။ အဓိကပေးဆပ်ရမယ့်နိုင်ငံကတော့ တရုတ်နိုင်ငံကို ဖြစ်ပြီး စစ်ကောင်စီဟာ ယခုနှစ်အတွင်းမှာကို ရုရှားလိုနိုင်ငံဆီက စစ်လက်နက်တွေကို အမြောက်အမြားဝယ်ယူနေပါတယ်။ ထိုသို့ဝယ်ယူရာမှာ လက်ငင်းစနစ်နဲ့ ပေးချေရတာမို့ အမေရိကန်ဒေါ်လာငွေကြေးတွေကို လိုက်စုဆောင်းနေတာ လို့ ယူဆနေကြပါတယ်။

စစ်ကောင်စီသည် ၎င်းရှင်သန်ရပ်တည်ရေးအတွက်သာ ကြိုးစား

277003850_1425646361184688_9201836494897316713_n

 

ကုန်ဈေးနှုန်းမြင့်တက်မှုကလည်း ကုန်ပစ္စည်းအလိုက် (၅)ရာခိုင်နှုန်းကနေ (၁၂၀)ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ကုန်စည်ရှားပါးမှု၊ပြတ်လပ်မှုကိုလည်း ၂၀၂၂ခုနှစ်အတွင်းမှာ စတင်တွေ့မြင်လာနေရပြီ ဖြစ်ပါတယ်။ တချို့ကတော့ လာမယ့်ခြောက်လအတွင်း အဆိုးဝါးဆုံးအခြေအနေကို ကြုံလာရနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ အုပ်စုသည် နိုင်ငံနဲ့ ပြည်သူအပေါ် မတရားအာဏာသိမ်းယူပြီးကတည်းက ၎င်းတို့အကျိုးစီးပွားကိုသာ တည်ဆောက်နေပြီး ပြည်သူနဲ့ တိုင်းပြည်စီးပွားရေးကို ဆုပ်ယုက်အောင် စီမံခန့်ခွဲမှု အလွှဲတွေနဲ့ ပြုလုပ်နေတာဟာ သီရိလင်္ကာနိုင်ငံအခြေအနေနဲ့တောင် ကွာခြားနေပါတယ်။ သီရိလင်္ကာလိုနိုင်ငံကမှ တိုင်းပြည်စီးပွားရေးကို ပြန်ဆွဲတင်ဖို့ လုပ်ဆောင်နေသေးပြီး စစ်ကောင်စီကတော့ လက်ရှိအချိန်ထိ ၎င်းတို့ ရှင်သန်ရပ်တည်နိုင်ရေးအတွက်သာ ပြင်ဆင်ဆောင်ရွှက်နေတာ တွေ့ရမှာပါ။

ဒါကြောင့်လည်း နိုင်ငံ့စီးပွားရေးဟာ မဖြစ်သင့်ပဲ ဆုပ်ယုက်သွားခဲ့ရပြီး စီမံခန့်ခွဲမှုအလွဲတွေကြောင့် စီးပွားရေးပျက်ကပ်ချောက်ထဲကို အရှိန်ကောင်းကောင်းနဲ့ စီးနေတာ တွေ့ရတယ်။ သီရိလင်္ကာဟာ လက်ရှိ အခြေအနေကို ကြုံရဖို့ (၃)နှစ်လောက် ကြာမြင့်ခဲ့ပေမယ့် မြန်မာကတော့ စစ်ကောင်စီကြောင့် တခဏအတွင်း ချောက်အတွင်းထဲကို တွန်းပို့ရောက်ရှိနေတယ်။

စစ်ကောင်စီအုပ်စုဟာ “ဖင်မနိုင်ပဲ ပဲကြီးဟင်းစားသလို” စီမံကိန်းကြီးတွေ လုပ်ဖို့ ကြွေးကြော်နေပြီး လျှပ်စစ်ရထား၊ ကားတွေတောင် လုပ်ဆောင်ဖို့ ပြောဆိုခဲ့ဖူးတာပါ။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတဝှမ်း လျှပ်စစ်မီး ရရှိဖို့ နှစ်အလိုက်ဆောင်ရွှက်ချက်တွေတောင် ရပ်တန့်သွားသလို နိုင်ငံဝင်ငွေနဲ့ ငွေကြေးလည်ပတ်မှုကလည်း များစွာ လျော့ကျသွားပါတယ်။ စစ်ကောင်စီသည် ငွေကြေးကဏ္ဌာ စီမံခန့်ခွဲမှု အလွဲတွေ ပြုလုပ်ခဲ့တာကြောင့် တိုင်းပြည်ငွေကြေးကြပ်တည်းသွားခဲ့ရသလို ပြည်သူတွေရဲ့ သုံးစွဲနိုင်စွမ်းပါ ကျဆင်းသွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ ၎င်းတို့အတွက် အမေရိကန်ဒေါ်လာတစ်ဒေါ်လာကို ကျပ်(၁၈၅၀) ပုံသေနှုန်းနဲ့ လုပ်ငန်းတွေ၊ ကုမ္ပဏီတွေဆီက သိမ်းယူလိုက်ပြီး ပြည်ပ ပို့ကုန်သွင်းကုန် လုပ်ငန်းတွေကိုပါ အကြပ်ရိုက်အောင် ဖန်တီးခဲ့ပါတယ်။ ဒီအချက်တွေ ကြည့်ရင် စစ်ကောင်စီသည် တိုင်းပြည်စီးပွားရေးပျက်အောင် တမင်ဖန်တီးနေတာလားလို့တောင် ယူဆမိရသည့်အထိ ကြပ်တည်းလာအောင် ဆောင်ရွှက်နေတာ တွေ့ရတယ်။

၎င်းတို့ ရှင်သန်ရပ်တည်ရေးအတွက်လည်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဆုံးရှုူံးထိခိုက်အောင် ဆောင်ရွှက်ချက်တွေကလည်း အဆုံးထိလုပ်ဆောင်နေတာမို့ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံသား (၄၀)ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ကို ရောက်ရှိသွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

ထိုအချက်တွေအရ မြန်မာကျပ်ငွေဖောင်းပွမှုဟာ ပိုမြင့်တက်လာနိုင်သလို ပြည်တွင်း စီးပွားရေးကလည်း ကျဆင်းပြီးရင်း ကျဆင်းသွားမယ့်သဘောမှာ ရှိနေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေပါ ရပ်တန့်သွားမယ့် အခြေအနေမှာ ရှိနေပြီး မကြာခင်မှာ စားနပ်ရိက္ခာပြတ်တောက်တာ၊ စိုက်ပျိုးရေးတွေ ရပ်တန့်ပြီး အထွက်ကျဆင်းတာတွေ ကြုံလာရတော့မယ့် အခြေအနေမှာ ရှိနေပါတယ်။

ပြည်သူကို ပိုနာကျည်းအောင် လုပ်ဆောင်ပြီး တိုင်းပြည်ကို ချောက်ထဲ ဆွဲချနေ

263754515_5203487573000569_2183237025586739095_n

မကြာသေးမှီရက်တုန်းက စစ်ကောင်စီအုပ်စုသည် အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်တဲ့လူ (၄)ဦးကို သေဒဏ်ပေးတဲ့ လုပ်ရပ်ကြောင့် မြန်မာပြည်သူတွေရဲ့ ဒေါသကို နိုးဆွကာ ပြည်တွင်းစစ်မီးအရှိန်ကို ပိုတောက်လောင်လာစေတော့မှာ ဖြစ်ပြီး နိုင်ငံတကာက ပိက်ဆို့အရေးယူမှုတွေကလည်း ပိုပြင်းထန်လာဖို့ ရှိနေပါတယ်။ အထူးသဖြင့် စီးပွားရေးကဏ္ဌာမှာ အရေးယူပိက်ဆို့မှုတွေ ပိုပြင်းထန်လာဖို့ ရှိနေတာမို့ လက်ရှိကြုံနေရတာထက် ဆတိုး ပိုဆိုးဝါးသွားမယ့်အလားအလာ ရှိနေပါတယ်။

မြန်မာဟာ “မပျက်မှီက ရောက်နှင့်ပြီးသား” ဆိုသလို စီးပွားရေးကျဆင်းမှု၊ ဆင်းရဲမှု၊ ပြည်တွင်းစစ်မီးတောက်လောင်မှုတို့ကြောင့် စီးပွားရေးပျက်ကပ် သို့မဟုတ် နိုင်ငံဒေဝါလီခံခြင်းကို မလွဲမသွေ လျှောက်လှမ်းနေပြီ ဖြစ်ပေမယ့် အာဏာသိမ်းစစ်ကောင်စီအုပ်စုကတော့ နောက်ဆုံးအချိန်ထိ ထုက်ဖော်ဝန်ခံမှာ မဟုက်ပါဘူး။

သူတို့ရှင်သန်ရပ်တည်ရေးအတွက်သာ စဉ်းစားတာမို့ သူတို့ မထိခိုက်မချင်း ပြည်သူတွေ ဒုက္ခပေးနေအုံးမှာ ဖြစ်ပြီး သူတို့ အကျိုးစီးပွားနဲ့ ကာကွယ်ဖို့အတွက် တိုင်းပြည်ကို နည်းမျိုးစုံရောင်းစားပြီး အသက်ရှင်နေကြအုန်းမှာပါ။ ဒီလိုမဖြစ်အောင် စစ်ကောင်စီ အုပ်စုတို့ကို အမြစ်ဖြတ်ချေမှုန်းဖို့ လိုနေပြီး ပြည်သူတွေ အားလုံး စုစည်းဖို့လည်း လိုနေပြီ ဖြစ်တယ်။ နိုင်ငံတကာက အရေးယူမှုတွေအပြင် ပြည်တွင်းက ပြည်သူတွေရဲ့ အားနဲ့ အာဏာရှင်စနစ်ကို တိုက်ထုတ်ပါမှ ပြိုလဲကျဆင်းနေတဲ့ တိုင်းပြည် စီးပွားရေးကို ကယ်တင်နိုင်မှာပါ။

ဒါတောင် တစ်နှစ်ကျော်အတွင်း ဖြိုချသွားခဲ့တဲ့ စစ်ကောင်စီ လုပ်ရပ်အမှားတွေကြောင့် ပြန်လည်ထူထောင်ရေးအတွက် ကြိုးစားရမှာက ၂၀၂၈ ခုနှစ်အထိ ဖြစ်နိုင်ပြီး အပြင်းအထန်ကြိုးစားမှသာ ၂၀၃၀ ခုနှစ်ဝန်းကျင်မှာ တိုးတက်ကောင်းမွန်တဲ့ အခြေအနေမျိုးကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

လက်နက်ရှိရင် တိုင်းပြည် ပြည်သူလူထုရဲ့ အာဏာကို သိမ်းယူလို့ရတယ်၊ ရမ်းကားလို့ရတယ် ဆိုတဲ့ အာဏာရှင်စိတ်ဓါက်ကိုလည်း ရိုက်ချိုးပစ်ဖို့ လိုနေပါပြီ။ မြန်မာနိုင်ငံဟာ သီရိလင်္ကာအခြေအနေလို ဖြစ်နိုင်လားဆိုတဲ့ မေးခွန်းဟာ အာဏာသိမ်း စစ်ကောင်စီ ဘယ်လောက်ထိ သက်ဆိုးရှည်မှာလဲ ဆိုတဲ့ အဖြေနဲ့ ဆက်စပ်ပါတယ်။ ၎င်းတို့ ကြာကြာရပ်တည် ရှင်သန်လေလေ တိုင်းပြည်ဟာ ချောက်ထဲ ပြုတ်ကျလေလေ အခြေအနေမျိုး ဖြစ်ပြီး လက်ရှိအချိန်ထိ နိုင်ငံစီးပွားရေးဟာ ချောက်အတွင်းကို ဘီးတပ်ပြီးလိမ့်ဆင်းနေတဲ့ အနေအထား ဖြစ်နေပါတယ်။

စစ်အာဏာရှင်စနစ်ကို အမြစ်မြန်မြန် ဖြုတ်နိုင်လေလေ၊ေ ချာက်နက်တွင်းထဲ တိုးဝင်ရောက်မှုကို ရပ်တန့်နိုင်မှာ ဖြစ်ပြီး စီးပွားရေးနဲ့ နိုင်ငံတည်ဆောက်ရေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးဟာ အာဏာရှင်အမြစ်ဖြုတ်နိုင်ရေးနဲ့ ရည်ရွယ်ရာလမ်းကြောင်းတူညီနေတာမို့ ပြည်သူတွေ ဝိုင်းတွန်းဖို့ လိုနေပါပြီ လို့ ဆိုပါရစေ။