အိန္ဒိယနိုင်ငံ ဆရာဝန်တစ်ဦးရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံ့တဲ့အတွေ့အကြုံ့

ကိုဗစ်-၁၉ ကာကွယ်ဆေးက ကြောက်စရာမဟုတ်
Dr. Hrekima (ဒေါက်တာ ဟရဲကိမ်းမာ)

အိန္ဒိယနိုင်ငံမှာ အသုံးပြုနေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဟာ မြန်မာနိုင်ငံမှာအသုံးပြုမယ့် ကာကွယ်ဆေးနဲ့ တူညီတာကြောင့် အိန္ဒိယနိုင်ငံက ကာကွယ်ဆေးထိုးထားတဲ့ ဆရာဝန်တစ်ယောက်ရဲ့ အတွေ့အကြုံ့ရေးထားတာကို သင့်လျှော်သလိုဘာသာပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ယင်းကာကွယ်ဆေးရောက်လာပြီဖြစ်တဲ့တွက် နောက်ပတ်ကစပြီး တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းတွေဆီမှာ စထိုးတော့မယ်လို့သတင်းကြားရပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတဲ့ချိန်မှာ ဘယ်လိုခံစားရတာလဲဆိုတာကို စာဖတ်ပရိတ်သတ်တွေကြိုသိနိုင်အောင် ဖော်ပြလိုက်ပါတယ်။

အိန္ဒိယတစ်နိုင်ငံလုံးမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတဲ့ပထမနေ့မှာ မီဇိုရမ်ပြည်နယ်မှာလည်း အရင်ဦးဆုံး ကာကွယ်ဆေးထိုးတဲ့သူတွေထဲ ကျနော်လည်းပါဝင်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ့ခြင်းအခမ်းအနားကို မီဇိုရမ်ပြည်နယ် ၅ နေရာတွင်ပြုလုပ်ကြတယ်။ ကျနော်ကတော့ မနက် ၉ နာရီတွင် ကိုလီကော်ဆေးရုံမှာကျင်းပတဲ့အခမ်းအနားမှာပါဝင်ပါတယ်။ ဝန်ကြီးချုပ် မိုဒီက “စထိုးလို့ရပြီ” လို့ကြေညာလိုက်တာနဲ့ စထိုးမယ့်သူတွေက ကျတော်တို့အဖွဲ့ပဲဖြစ်တယ်။ ဒီကာကွယ်ဆေးက အသစ်ဖြစ်တာကြောင့်ရယ်၊ သံသယ နဲ့ ဝေဖန်မှုတွေများတာကြောင့် နည်းနည်းတော့စိုးရိမ်စိတ်ဝင်မိတာအမှန်ပဲ။

ကျနော်လည်း သိပ်တော့မဝံ့မရဲဖြစ်နေတယ်။ ဆရာဝန်ဖြစ်ပေမယ့် ဆေးထိုးခံရမှာ ငယ်ငယ်ကတည်းကကြောက်လာတာ။ ဆရာဝန်တွေအရင်ထိုးမှ ကျနော်တို့သာမန်ပြည်သူတွေလည်းထိုးရဲမယ်လို့ပြောကြတော့ ကျနော့်ကို ပထမဆုံးထိုးဖို့တန်းစီခိုင်းပါတယ်။ မီဇိုရမ်မှာ ၅ နေရာမှာ ဆေးစထိုးကြတယ်ဆိုတော့ ကျနော်လည်း အရင်ဦးဆုံးဆေးထိုးတဲ့ လူ ၅ ယောက်ထဲမှာ တစ်ယောက်ဖြစ်သွားတယ်။ ပထမရက်မှာ လူ အယောက် ၅၀၀ ဆေးထိုးဖို့စီစဉ်ထားပေမယ့် ၃၁၄ ယောက်ပဲ ထိုးကြတယ်။ ဘာလို့ ကြိုတင်စီမံထားသလို လူဦးရေအပြည့်နဲ့မထိုးတာလည်းဆိုတဲ့အကြောင်းရင်းတော့မသိဘူး။

ဆေးအသစ်အစမ်း၊ အများစုမထိတွေ့သေးတဲ့ဟာ၊ ဘယ်လောက်ထိအာနိသင်ရှိနိုင်လဲဆိုတာအပြည့်အစုံမသိရသေးဘဲ ပထမဆုံးစမ်းသပ်ကြည့်တာက သိပ်တော့မလွယ်ဘူး။

“ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး ရုပ်သံမီဒီယာတွေနဲ့စကားပြောတုန်း အမျိုးသမီးတစ်ဦး သေသွားတယ်” လို့ပြောတဲ့ ဗီဒီယိုလည်းတွေ့တယ်။ “ကာကွယ်ဆေးထိုးပြီး ၂ ရက်အကြာမှာ အမျိုးသမီးတစ်ဦးသေဆုံး”ဆိုတဲ့ ထူးခြားသတင်းတွေပလူပျံနေတဲ့ချိန်မှာ အိန္ဒိယတစ်နိုင်ငံလုံး ယင်းကာကွယ်ဆေးထိုးဖို့အစီအမံလည်းဖြစ်လာရော။ လူတွေရဲ့စိတ်ထဲမှာ စိတ်ဓာတ်တက်ကြွမှုနဲ့ ပျော်ရွှင်မှု၊ စိုးရိမ်မှုနဲ့ ကြောက်စိတ်တွေ လုံးထွေးနေကြတယ်။ ကာကွယ်ဆေးထွက်လာဖို့စောင့်မျှော်ရသလို ပထမဆုံး စထိုးမယ့်သူတွေထဲမှာပါရတာလည်း စိတ်ပူပန်မှုရှိလာတာပါပဲ။

ဒါပေမယ့် အရင်ဦးဆုံးထိုးမယ့်သူတွေထဲမှာ ကြိုက်ကြိုက် မကြိုက်ကြိုက်ပါသွားပြီ။ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ဇန်နဝါရီ ၁၆ ရက် မနက် ၁၁ နာရီ ၁၀ မိနစ်မှာ ပထမဆုံးဆေးထိုးဖို့ ပြင်ဆင်ပါတော့တယ်။ တော်တော်လေး စိတ်လှုပ်ရှားမိတယ်။

ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတွေက ရှင်းရှင်းလင်လင်အသံနဲ့ “အခု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတော့မှာဖြစ်တဲ့တွက် ဘာမှကြောက်စရာမလိုဘူး။ ဆေးထိုးပြီးလို့ တစ်ခုခုဖြစ်လာရင် ချက်ချင်းပြောပါနော်” လို့ ချိုချိုသာသာနဲ့ပြောပါတယ်။ ဆေးတော့ထိုးလိုက်ပြီ။ သိပ်မနာဘူး။ တချို့ဆေးတွေက ဆေးထိုးနေတုန်း နာတတ်ကြတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးက ဆေးထိုးတဲ့ချိန်မှာ သိပ်မနာဘူးဆိုတဲ့ခံစားချက်ကို အရင်ဆုံးသိတဲ့သူထဲပါသွားပြီပေါ့။

ဆေးထိုးပြီးတော့ ခုတင် ၆ ခုဆံ့ သန့်သန့်ရှင်းရှင်းအခန်းထဲမှာ အင်္ကျီအဖြူရောင်ဝတ်ထားတဲ့ ကာကွယ်ဆေးအဖွဲ့က ပြုံးရွှင်နေတဲ့မျက်နှာနဲ့ ကျနော့်ကိုကြိုဆိုပြီး အခန်းထဲကိုခေါ်သွားကြပါတယ်။ အခန်းထဲကိုဝင်လိုက်တာနဲ့ အချိန်ကိုချက်ချင်းမှတ်လိုက်တယ်။ နာရီဝက်ကြာ အခြေအနေကိုခဏစောင့်ကြည့်ရမှာဖြစ်တယ်။ သတိလစ်သွားမလာ၊ မူးမဲ့သွားမလာ၊ အံန်ချင်မလာဆိုတာ စောင့်ကြည်နေတာ။

အဲ့ဒီအခန်းထဲမှာ အောက်ဆီဂျင်ဗူး တွေရှိတယ်။ AEFI KIT လည်းထားကြတယ်။ AEFI KIT ဆိုတာ Adverse Events Following Immunization ဗူးဆိုတာဖြစ်ပြီး ကာကွယ်ဆေးထိုးပြီး တစ်ခုခုဖြစ်လာရင် ချက်ချင်းကုသဖို့။ ဘယ်ဆေးအမျိုးအစားမဆို ပယ်နီစလင်ဆေးမတည့်တဲ့သူရှိသလိုမျိုး ဆေးမတည့်တာလည်းရှိနိုင်တယ်။ အဲ့သလို ဆေးမတည့်တာမျိုးရှိရင် ချက်ချင်းကုသဖို့ ကာကွယ်ဆေးအသင်းတွေက ကျနော်တို့ဘေးနားမှာစောင့်နေကြတာ တော်တော်စိတ်အားတက်စရာကောင်းပါတယ်။

ပုံမှန်အတိုင်းပဲဖြစ်နေတာကြောင့် နာရီဝက်ကြာလာတော့ ကျနော့်အခြေအနေကိုမေးပြီး ဘယ်လိုမှမဖြစ်တာကြောင့် အပြင်ကိုထွက်လို့ရပြီလို့ပြောပါတယ်။ အခန်းအပြင်ဘက်မှာတော့ ဇိုနက် နဲ့ ဒီဒီကေ သတင်းမီဒီယာတွေက စောင့်နေကြတယ်။ အရင်ဆုံး ဆေးထိုးတဲ့သူဆိုတော့ အတွေ့အကြုံ့တွေမေးမြန်းကြတယ်။ ကျနော်လည်း ဘယ်လိုမှမဖြစ်တဲ့အကြောင်း ကာကွယ်ဆေးထိုးတာ ကြောက်စရာမဟုတ်ဘူးတဲ့အကြောင်း ပြောပြတယ်။

ကာကွယ်ဆေး
ဒီကာကွယ်ဆေးဟာ အောက်စဖို့စ်တက္ကသိုလ်၊ ယူကေ က AstraZeneca ဆိုပြီးထုတ်လုပ်တဲ့ Serum Institute of India က ‘Covishield’ လို့ နာမည်သစ်ပေးပြီး ထုတ်လုပ်တဲ့ဆေးဖြစ်တယ်။ ချန်ပီယံဇီမြောက် မစင်ကနေ ‘adenovirus’ ကိုယူကာ လူသားတွေဆီမှာ အသုံးပြုလို့ရအောင် တစ်မျိုးပြောင်းလဲပြီး ပြုလုပ်ထားတာဖြစ်တယ်။ ကိုဗစ်-၁၉ ပိုးကို ထိုးတာမဟုတ်ဘူးနော်။ ဒီ ‘adenovirus’ ပြုပြင်ပြောင်းလဲထားတဲ့ပိုးကို လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာဝင်သွားရင် ကိုဗစ်-၁၉ ပိုးကထုတ်လုပ်လေ့ရှိတဲ့ ပရိုတိမ်း ‘protein’ လိုလို ခန္ဓာကိုယ်ထဲမှာထုတ်လုပ်ပါတယ်။ အဲ့ဒါကို ခန္ဓာကိုယ်ထဲက ဆဲလ်တွေက ကိုဗစ်-၁၉ လားဆိုပြီး သူ့ကိုတိုက်ထုတ်နိုင်ဖို့ ‘antibodies’ ထုတ်လုပ်မှာဖြစ်တယ်။ အဲ့ဒီ ‘antibodies’ က တကယ့် ကိုဗစ်-၁၉ ရောဂါပိုးဝင်လာရင် အနိုင်တိုက်ခိုက်မှာဖြစ်တယ်။ အဲ့ဒါက ကာကွယ်ဆေးရဲ့ လုပ်ဆောင်ပုံဖြစ်တယ်။

ဘယ်ချိန်ကာကွယ်မှာလဲ
ကိုဗစ်-၁၉ ကာကွယ်ဆေးက ၂ ကြိမ်ထိုးဖို့လိုအပ်ပါတယ်။ ၂၈ ရက်ကြာရင် ဒုတိယအကြိမ် ထပ်ထိုးရမှာဖြစ်တယ်။ ဒုတိယအကြိမ်ဆေးထိုးပြီး ၂ ပတ်ကြာမှပဲ ရောဂါကာကွယ်ပေးနိုင်တဲ့ တပ်သားတွေ ကျနော်တို့ကိုယ်ထဲမှာရှိလာမှပါာ။ အဲ့ဒီမတိုင်ခင်တော့ ပုံမှန်ကိုဗစ်ကာကွယ်တဲ့နည်းလမ်းအတိုင်း ဆက်နေထိုင်ဖို့လိုပါတယ်။

သတိထားဖို့လို
ဒီကာကွယ်ဆေးက တစ်ရာမှာ တစ်ရာ ကာကွယ်ပေးနိုင်မှာမဟုတ်တဲ့တွက် ကာကွယ်ဆေးထိုးပြီးသွားတဲ့သူတွေလည်း ကိုဗစ်ကာလမှာအသုံးပြုတဲ့ လက်ဆေးတာ၊ mask တပ်တာ၊ ၆ ပေခွာဆိုတာတွေ ဆက်လက်ကျင့်သုံးဖို့လိုပါတယ်။ New Normal နဲ့ဆက်နေထိုင်တာက ကိုယ့်တွက် အလုံခြုံဆုံးဖြစ်ပါတယ်။

အာနိသင်
ဒီကာကွယ်ဆေးက အာနိသင်အမျိုးမျိုးရှိနိုင်ပါတယ်။ ကာကွယ်ဆေးထိုးတဲ့သူတွေရဲ့ ၅၀ မှာ ၁ ယောက်ကတော့ ဆေးထိုးတဲ့နေရာ နာတာ၊ နီမြန်းတာ၊ ပူတာ၊ ခန္ဓာကိုယ်ညောင်းညာတာ၊ ကိုက်တာ၊ နွမ်းနယ်တာ၊ ခန္ဓာကိုယ်ချမ်းတာ၊ ခေါင်းကိုက်တာ၊ အော့အံန်ချင်တာတွေဖြစ်တတ်ပါတယ်။

အဲ့ဒီထဲက ၅၀ မှာ ၁ ယောက်က နာဆေးတာ၊ လည်ချောင်းနာတာတွေဖြစ်တတ်တယ်။ ခေါင်းမူးတာ၊ စားမဝင်တာ၊ ဗိုက်နာတာ၊ ချွေးထွက်များတာ၊ ယားတာက အနည်းစုဖြစ်တတ်တယ်။
ဒီကာကွယ်ဆေးက အသစ်ဖြစ်တာကြောင့် ဒီပြင့်တခြား အာနိသင်တွေလည်းရှိနိုင်ပါတယ်။ တခုခုဖြစ်လာရင် ကျန်းမာရေးဝန်ထမ်းတွေကို ချက်ချင်းပြောပြရမှာဖြစ်တယ်။

တစ်ရာမှ တစ်ရာ မကာကွယ်ပေးနိုင်ရင်တောင် ကဏ္ဍပေါင်းစုံမှာဒုက္ခပေးတဲ့နေရာကနေ ကာကွယ်ပေးနိုင်မှာဖြစ်တဲ့တွက် ကာကွယ်ဆေးထွက်လာတာ ဝမ်းသာစရာကောင်းပါတယ်။ စိုးရိမ်ထိတ်လန့်မှုမရှိပဲ လူတိုင်းက ပျော်ပျော်ရွှင်ရွှင်နဲ့ ကာကွယ်ဆေးထိုးကြပါတယ်။