အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းမပေါ်က မံဆောင်းတံတားသစ် စတင်တည်ဆောက်

တီးတိန်မြို့နယ် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအမှတ် (၂)လမ်းမပေါ်မှာရှိတဲ့ မဏီပူရမြစ်ကူး မံဆောင်းတံတားသစ် တစ်စင်းကို စတင်တည်ဆောက်နေပြီလို့သတင်းရရှိပါတယ်။

တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဂိုဆွမ်ခိုင် က “စဆောက်တာကတော့ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းလောက်က စတယ်။ အခုတော့ တီးတိန်မြို့ဘက်ခြမ်းမှာ တိုင် ၂ တိုင်စိုက်နေပြီ။ ဆောက်တဲ့သူက နေပြည်တော်က တံတားအထူး ၃ လာ၊ ၄ လာ ကျနော်လည်းသေချာမသိဘူး။ သူတို့ကလာဆောက်တာ။ နှစ်နှစ်စီမံကိန်းနဲ့ လုပ်မယ်လို့သိရတယ်။ တံတားအသစ်ဆောက်တဲ့ချိန်မှာ ယာဉ်အသွားအလာမထိခိုက်အောင် ၁၆ တန်အထက်ယာဉ်တွေသွားဖို့ ရှောင်လွှဲလမ်းလည်းလုပ်ပေးတယ်” လို့ပြောပါတယ်။

ယင်းတံတားဟာ ကျပ်သန်း ၄၆၀၀ ကုန်ကျမှာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁၂၀၀ ကို ပြည်ထောင်စုဘတ်ဂျက်ကနေ လျာထားပါတယ်။

မံဆောင်းတံတားအသစ် တည်ဆောက်နေစဉ် (ဓာတ်ပုံ-Laaitui Hausapa)

အခုတည်ဆောက်နေတဲ့ မံဆောင်းတံတားသစ်ဟာ ယာဉ်တစ်စီးချင်းခံနိုင်ဝန် တန် (၆၀)ဖြစ်ပြီး နှစ်လမ်းသွား ဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ မံဆောင်းကြိုးတံတားဟာ ယာဉ်တစ်စီးခံနိုင်ဝန်က ၁၆ တန်ဖြစ်တဲ့တွက် မိုးရာသီမှာ ကားကြီးတွေ ကုန်တွေကဲ့ရလို့ အခက်အခဲဖြစ်စေပါတယ်။

ကလေး-ရိကြား (၁၄)နှစ်ကြာ ကုန်တင်ကားများမောင်းနှင်နေတဲ့ ကိုညိုချောက “အခုတံတားအသုံးပြုနေတာ အခက်ခဲတော့အများကြီးပဲ။ ဘာကြောင့်လဲဆိုတော့ ၁၆ တန်ကိုပဲဖြတ်သန်းခွင့်ပြုတဲ့တွက် နွေရာသီမှာ ၁၀ ဘီး၊ ၁၂ ဘီးတွေတွက် ကုန်ကဲ့ပြီး တံတားအောက်ကလမ်းကနေ သွားရတယ်။ ကားသမားတွေတွက်တော့ တကယ်ဝမ်းသာစရာပဲလေ။ သူတို့က တံတားကို နောက်ထပ် မွမ်းမံတယ်ဆိုတာလည်း ဂဟေဆော်တာလောက်ပဲရှိတာ။ ကျန်တဲ့ကြီးကြီးမားမားထပ်မလုပ်တဲ့တွက် ကားသမားတွေတွက် အန္တရာယ်ရှိတာပေါ့။ ဘယ်ချိန်ပျက်ကျမလဲဆိုတဲ့အတွေးမျိုးနဲ့သွားနေရတာ။ မဟုတ်ရင် ခရီးသွားရတာ တအားကြန့်ကြာတယ်။ ဒီတံတားကို ညမှာမဖြတ်ရတာ၊ မကဲ့ရတာတို့ အောက်လမ်းကသွားမယ်ဆိုရင်လည်း ကားအင်ဂျင်မှာရေဝင်မှာကြောက်ရတာတို့၊ ဒါတွေကအစစိုးရိမ်နေရတာ။ နွေရာသီမှာတော့ ၁၆ တန်ကျော်တဲ့ကားတွေက အောက်လမ်းဖောက်ပေးတဲ့သူကို ငွေ ငါးထောင်ပေးပြီးသွားရတာပေါ့” လို့ပြောပါတယ်။

မံဆောင်းတံတားဟာ ၂၀၁၅ ခုနှစ် ချင်းပြည်နယ် သဘာဝဘေးတွင် တံတားကြိုးနဲ့ တိုင်အနည်းငယ်ပျက်စီးတာကြောင့် ပြန်လည်ပြုပြင်ကြပါတယ်။