အမေရိကန်ကလာတဲ့ ဟားခါးဒိုးနတ် နဲ့ တီးတိန်ကွတ်ကီး

ရေး- Letyar Tun

ခရစ်ယာန်သာသနာပြုဆရာတွေရဲ့ ချင်းတောင်တန်းအပေါ်မှာထားခဲ့တဲ့ကျေးဇူးတွေဟာ ဒီနေ့ထိ ဘုရားကျောင်းတွေ အသင်းတော်တွေက အစ ဟိုးမီးဖိုချောင်ထဲအထိ တနည်းပြောရရင် ယုံကြည်မှု ကစလို့ မုန့်ပဲသရေစာတွေအထိ သက်ရောက်ကျေးဇူးပြုနေတုန်းပဲ။

ဟားခါးရောက်ရင် ကာဆန်ခန်းမ ဘေးမှာ ဟားခါးဒိုးနတ်ဆိုင်ရှိတယ်။ ဒီ ဒိုးနတ် ဖော်မြူလာကို ၁၉၄၇ ခုနှစ်က ဟားခါးကိုသာသနာပြုလာတဲ့ အမေရိကန်နှစ်ခြင်းသာသနာပြု သိက္ခာတော်ရဆရာဂျွန်ဆင် တို့မိသားစုက ယူလာတာလို့ပြောတယ်။ ပြောရရင် ဒီနေ့ ရန်ကုန်က ဂျေဒိုးနတ်တို့ မန္တလေး က အမ်ဒိုးနတ်တို့ ရဲ့ဘိုးအေလို့ပြောလို့ရတယ်။ အမေရိကန် အော်ရီဂျင်နယ်ပေါ့။ အခုမျိုးဆက်က ဆရာဂျွန်ဆန်တို့မိသားစုထမင်းချက်ကြီးနဲ့ အာယား တို့ကဆင်းသက်လာတဲ့သူတွေ။ ဟားခါးက ဒိုးနတ်က အမေရိကန် နှစ်ခြင်းသာသနာပြုဆရာ ဂျွန်ဆင်က သူ့ ရဲ့ ဒုတိယ ထမင်းချက်ကြီး Chia Ling ကို မုန့်လုပ်နည်းသင်ပေးခဲ့တာကအစ အခု တော့ ထမင်းချက်ကြီးရဲ့သားသမီး ဆယ့်နှစ်ယောက်ထဲက ဆယ်ယောက်မြောက်သမီးမိသားစုက ဆက်လက်လုပ်ကိုင်နေတာ။

ကာဆင်ခန်းမနားမှာရှိတဲ့ ဟားခါး ဒိုးနတ် Photo: Letyar Tun

တီးတိန်မှာလည်း ဆရာနယ်လ်ဆန်ထားခဲ့တဲ့ မီးဖိုရှိတယ်။အဲ့ဒီ မီးဖို ကို ဆရာနယ်လ်ဆန်ရဲ့ ထမင်းချက်ကြီးရဲ့ မျိုးဆက်ကဒီနေ့ထိ ထိန်းသိမ်းထားတယ်။အဲ့ဒီ မီးဖိုနဲ့ ကျပ်တင်တဲ့အသားခြောက်ကရိုးရိုးအသားခြောက်ထက်ပိုကောင်းတယ်ပြောတယ်။အဲ့ဒီ ဖိုနဲ့ ကွတ်ကီးလည်းဖုတ်တယ်။ တီးတိန်ကွတ်ကီးပေါ့။

ဒီလို ကွတ်ကီးတွေ ဒိုးနတ်မုန့်တွေကို ချင်းတောင်မှာစားရတဲ့အခါ ခပ်လွယ်လွယ် ပိုက်ဆံပေးဝယ်စားလိုက်ရတဲ့ဖီလင်မျိုးမဟုတ်ဘူး။ လူတော်တော်များများကလည်း ဒိုးနတ်တို့ကွတ်ကီးတို့ဆို မြို့ကြီးပြကြီးတွေမှာပဲရနိုင်မယ်ထင်ထားတတ်ကြတယ်။

မုန့်ဖိုဆိုလည်း များသောအားဖြင့် တရုတ်နွယ်ဖွားတွေ အိန္ဒိယနွယ်ဖွားတွေလောက်ပဲ ဖုတ်တတ်ကြတယ်လို့ယူဆကြတယ်။

ကြုံလို့ပြောရရင် အရင်က ဗိုလ်ချုပ်အောင်ကြီး ဖုတ်တဲ့ အောင်ကြီးကိတ်တို့ ဇင်ယော်မုန့်တိုက်တို့ ရှားမီးမုန့်တိုက်တို့ သဇင်မုန့်တိုက်တို့ ရွှေမြင်းမုန့်တိုက်တို့မှတ်မိမှာပေါ့။ချင်းတောင်ပေါ်က ဟားခါးတို့ တီးတိန်တို့မှာ အင်မတန်မှ အရသာရှိတဲ့ အိမ်မှာဖုတ်တဲ့အရသာမျိုးနဲ့ဒိုးနတ်တို့ကွတ်ကီးတို့ စားရတဲ့အခါကြတော့ ကျနော်အရမ်းအံ့သြရတယ်။ အရသာတွေက authentic ဖြစ်တယ်။ organic
ဖြစ်တယ်။ မြို့ပြက confectionery တွေလို ချိုရဲရဲကြီးမဟုတ်ဘူး။

တီးတိန် ကွတ်ကီ Photo: Letyar Tun

ဖုတ်ရောင်းတဲ့အိမ်တွေကလည်း မနေ့တနေ့ကမှ ထပြီးဖုတ်တာလည်းမဟုတ်ဘူး။ စီးပွားဖြစ် သူဌေးဖြစ်မဟုတ်ဘူး။ မိဘတွေလက်ထက်ကတည်းက လုပ်လာကြတာ။ ကိုယ်ရပ်ကွက် ကိုယ့် မြို့လေးကို မုန့်ဖုတ်ပြီးဝန်ဆောင်မှုပေးနေတဲ့သဘောပဲ။ Community Service ပေါ့။ တီးတိန်ကွတ်ကီး နဲ့ ဟားခါးဒိုးနတ်ဟာ ပြောရရင်မုန့် မောင်နှမ ဝမ်းကွဲတွေလို့ပြောလို့ရတယ်။

တီးတိန် ကွတ်ကီ မီးဖို Photo: Letyar Tun

ဆရာဂျွန်ဆင် တို့ ဆရာနယ်လ်ဆင်တို့ဟာ ၁၉၄၆ လောက် ဒုတိယကမ္ဘာစစ်ကြီးအပြီးချင်းတောင်တန်းတွေဆီကို အမေရိကားကနေ သင်္ဘောနဲ့ အိန္ဒိယကတဆင့် သာသနာလာပြုခဲ့ကြတဲ့ဆရာတွေ။ သူတို့နှစ်ယောက်ဟာ တီးတိန် ဟားခါး ဖလမ်း ချင်းပြည်မြောက်ပိုင်း
တစ်ကြောမှာ ခြေကျင်တစ်ဖုံ မြင်းစီးပြီးတမျိုး စစ်ကျန်ဂျစ်ကားမောင်းပြီးတကြောင်း ထောင်းလမောင်းကြေအောင်သွားခဲ့ကြတဲ့သူတွေပေါ့။ သူတို့ပြန်တော့ နှစ်ခြင်းသာသနာတင်မကဘူး သူတို့မိသားစုဝင်တွေလိုဖြစ်ခဲ့သူတွေ ထမင်းချက်တွေကို မုန့်လုပ်နည်းမုန့်ဖုတ်နည်း မုန့်ဖိုတွေပါပေးခဲ့ကြတယ်။

ဒီနေ့ ကျနော်လည်း အလုပ်နည်းနည်းပါးသွားတော့ ဆရာနယ်လ်ဆန်ရဲ့ ထမင်းချက်ကြီးဦးလျန်းခန်ရဲ့သမီးအိမ်ကိုသွားလည်ရင်းနဲ့ သူတို့မီးဖိုချောင်မှာ အခုထိရှိသေးတဲ့ဆရာနယ်လ်ဆင်တို့ပေးထားခဲ့တဲ့ထင်းမီးသုံးမုန့်ဖိုကြီးကို အားရပါးရ တွေ့ခဲ့ရတယ်။ ကွတ်ကီးတွေလည်းစားခဲ့တယ်။ ဒီ ထင်းမီးသုံး စွယ်စုံမီးဖိုဟာ မုန့်ဖုတ်လို့ရတယ်။ အသားဖုတ်လို့ရတယ်။ built in ဘွိုင်လာပါတယ်။ မီးပေါင်တိုင်းတဲ့မီတာပါတယ်။ အရင်တုန်းကဆိုရင်မီးပေါင် ၃၀၀ / ၄၀၀ ထိတင်လို့ရတယ်။ အခုတော့အတွင်းထဲက သံပြားတွေမှာ အပေါက်ကလေးတွေရှိလာတော့အဲ့လောက်ထိ တော့ မီးပေါင်မရတော့ပေမယ့် အသုံးတော်ခံနေတုန်းပဲ။

တီးတိန်ကွတ်ကီး လုပ်နည်းသင်ပေးတဲ့ အမေရိကန်က သာသနာပြုဆရာ နယ်လ်ဆန်တို့ မိသားစုဓာတ်ပုံ Photo: Letyar Tun

တီးတိန်ရောက် ကျိမ်နွဲ့ရပ်ကွက်ကိုသွားလည်ပြီးကွတ်ကီးသွားစားရင်း တီးတိန်နှစ်ခြင်းသမိုင်းကိုလည်းလေ့လာကြပေါ့။ အခု ထင်းကြီးတစ်ချောင်းကို ၅၀၀ လောက်လည်းရှိနေပြီးထင်းတောတွေလည်း ချင်းတောင်ပေါ်မှာ နည်းလာလို့အမြဲတန်းတော့ ကွတ်ကီးဖုတ်မထားနိုင်ဘူးလို့ဦးလျန်းခန်ရဲ့သမီးကပြောတယ်။

သိပ်မကြာခင်ကာလမှာ တီးတိန်မြို့မှာလည်း မဟာဓါတ်အားလိုင်းရတော့မှာမှို့ အဲ့ဒီအခါကျမှာ လျှပ်စစ်အိုဗင်နဲ့ အမြဲဖုတ်ထားမယ်တဲ့။