ရေခဲတွေဖုံးလွမ်းနေတဲ့ ဖုန်ကန်ရာဇီတောင်ပေါ် ချင်း အလံလွှင့်ထူတဲ့သူ

ဖုန်ကန်ရာဇီတောင်ဟာကချင်းပြည်နယ်အထက်ပိုင်း ပူတာအိုမြို့၊ မချမ်းဘောမြို့နဲ့ နောင်မွန်းမြို့ကြားမှာတည်ရှိပါတယ်။ အမြင့်ပေ ၁၁,၉၂၀ ရှိပြီး ၁၀ လပိုင်းကနေ ရေခဲဖုံးလွမ်းတဲ့ဒေသလည်းဖြစ်ပါတယ်။ သဘာဝရှုခင်း၊ ထင်းရှု၊ တောင်ဇလပ်ပန်းတွေပေါက်ရာနေရာဖြစ်သလို ငှက်မျိုးစိတ် (၃၇၀)၊ လိပ်ပြာမျိုးစိတ် (၃၆၀)၊ ကုန်းနေ၊ ရေနေနဲ့ တွားသွားသတ္တဝါ မျိုးစိတ်ပေါင်း (၈၂)မျိုးတို့နေထိုင်ကျက်စားရာဒေသလည်းဖြစ်ပါတယ်။

ဖုန်ကန်ရာဇီတောင်ထိပ်မှာ ပထမဆုံး ချင်းအမျိုးသား အလံသွားရောက်လွှင့်ထူခဲ့တဲ့ ဆလိုင်းမန်ခွီရှိန်းဟာ ဦးလောမာန် + ဒေါ်အွမ်ရောင်တို့ရဲ့ သားဖြစ်ပြီး မြစ်ကြီးနားမြို့မှာ နေထိုင်ပါတယ်။ လက်ရှိ မြစ်ကြီးနားဂျာနယ်မှာ သတင်းထောက်နဲ့ သတင်းဓာတ်ပုံတွေရိုက်ကူးနေပါတယ်။ ဖုန်ကန်ရာဇီတောင်တက် ခရီးစဉ်နဲ့ပတ်သက်ပြီး အတွေ့အကြုံတွေ မေးမြန်းထားတာကို စာဖတ်ပရိသတ်များအတွက် ဖော်ပြလိုက်ပါတယ်။

မေး= ဖုန်ကန်ရာဇီတောင်ကို ဘယ်အဖွဲ့နဲ့သွားကြတာလဲ၊ ဘယ်နရက်ကြာတာလဲ။

ဖြေ= ရေခဲတောင်ဒေသသာယာလှပရေးအဖွဲ့နဲ့တက်ကြတယ်။ နိုဝင်ဘာလ (၂၀) ရက်နေ့ စထွက်တယ်၊ (၂၄)ရက်နေ့ တောင်ထိပ်ရောက်တယ်။ (၂၈) ရက်ပြန်ရောက်တယ်။ (၉) ရက်ကြာတယ်။ အဖွဲ့က လူ(၃၀) ပါတယ်။ အားလုံးတောင်ထိပ်ရောက်ကြတယ်။

မေး= တောထဲမှာ ဘယ်လိုနေထိုင် စားသောက်ကြတာလဲ။ ခြေခြေနဲ့ကော ဘယ်နမိုင်လောက် လျှောက်ရလဲ။

ဖြေ= (၉)ရက်လုံးလုံး ခြေလျင်ခရီးလျှောက်ရတယ်။ မိုင်အားဖြစ် (၄၅)မိုင်ပေါ့။ (၂၀) ရက်နေ့မှာ ဝမ်ဆန်ဒမ်း ရွှာမှာအိပ်တယ်။ (၂၁) ရက်နေ့မှာအဇီဒမ်းရွှာမှာ အိပ်တယ်။ (၂၂) ရက်မှာ သစ်ပင်ကြီးစခန်း တောထဲမှာ နေရတယ်။ (၂၃)ရက်ကျတာ့ ရေခဲစပ် နားမှာ စခန်းချကြတယ်။ ဒီအဖွဲ့က အဲ့ ဒေသမှာ အမှိုက်တွေ ကောက်ဖို့ ရှင်းဖို့သွားကြတာပါ စားသောက်တာက အချက်သမားတွေပါတယ်။

 

မေး= ဒီလို ရေခဲရှိတဲ့ဒေသ သွားတာ ဒါပထမဆုံးအတွေ့အကြုံလာ။ တောင်တက်တဲ့ချိန်မှာကော ဘယ်လောက်ပင်ပန်းလဲ၊ အမှတ်ရစရာလေးတွေရှိရင် မျှဝေပေးပါအုံး။

ဖြေ= ပထမဆုံးဆိုတော့အခက်အခဲအများကြီးပဲ။ ကြိုတင် ပြင်ဆင်မှုတွေ သိပ်မလုပ်ထားတော့ လမ်းလျှောက်တဲ့အချိန် အကြောနာ၊ ဒူနာတာတွေကအစ လမ်းလျှောက်လို့မရတဲ့အခြေအနေထိဖြစ်တယ်။ သွားမယ်ဆိုရင် လေ့ကျင်မှုတွေ လုပ်ထားသင့်တယ်။ ပြီးတော့ အရမ်းအေးတဲ့ဒေသဆိုတော့ အဝတ်အစားတွေကော ကြိုတင်လေ့လာပြင်ဆင်ဖို့လိုတယ်။ ရှုခင်းတွေ အရမ်းလှတယ်။ အဲ့ဒေသက လေတွေက အရမ်းကို လန်းဆန်းစေတယ်။

မေး= တောင်ထိပ်ရောက်တဲ့ချိန် ဘယ်လိုခံစားလဲ။

ဖြေ= ရေခဲပြင်တွေဖုံးတဲ့ တောင်ထိပ်ရောက်တဲ့အချိန် ရှုခင်းတွေအရမ်းကိုလှတယ်။ အေးမြတယ်၊ စိတ်ပင်ပန်းတာတွေအကုန်ပျောက်တယ်။ ချင်းပြည်လိုပဲ တောင်ပေါ်ကနေကြည့်ရင် လန်းဆန်းသလို ခံစားရတယ်။

မေး= ဒဏ်ရာတွေကော ရသေးလာ။

ဖြေ= ဒူအရွက်မှာ ဒဏ်ရာရခဲ့တယ်။ တောင်အဆင်း အတက်တွေက အရမ်းမတ်တော့ ဒူးထိခဲ့တယ်။ ကျနော်တို့သွားတဲ့အချိန်က အရမ်းကံကောင်းတယ် ရာသီဥတုကောင်းလို့ သိပ်အခက်အခဲမရှိခဲ့ဘူး။

မေး= တောင်မတက်ခင် ဒီလောက်ခက်ခဲမယ်လို့ထင်ထားလာ

ဖြေ= ဒီလောက်ခက်ခဲမယ်လို့ မထင်ထားဘူး။ ကိုယ်က အားကစားလည်းလုပ်တော့ ရမှာပါဆိုတဲ့စိတ်ရှိတယ်။ တကယ်တမ်းကျတော့ ပထမရက်မှာကို ပင်ပန်းတဲ့ဒဏ်က မခံနိုင်ဘူး။ တောင်ထိပ်ရောက်ရမယ်ဆိုတဲ့စိတ်နဲ့ပဲ ရောက်ဖြစ်ခဲ့တယ်။ ဒူးဒဏ်ရာရတော့ပြန်ဆင်း ရမလာဆိုပြီအတွေးဝင်သေးတယ်။ မနက်ပိုင်းမှာ နည်းနည်းပြန်သက်သာတော့ ပြန်လျှောက်တယ်။ ပြန်နာလဲ ခြေတစ်ဘက်အားပြုပြီလျှောက်ခဲ့တယ်။

မေး= ချင်းအမျိုးသားအလံ သွားစိုက်ဖို့ ဘယ်လိုစိတ်ကူးရခဲ့တာလဲ။ တော်ရုံဆို အလံယူသွားဖို့အတွေးမျိုးရဖို့ မလွယ်ဘူးလေ။

ဖြေ= ကိုယ့်အမျိုးသားအလံကို စိုက်ထူချင်တယ်။ ဒါမျိုးခရီးစဉ်ကရှားပါးတယ်။ သွားဖို့မလွယ်ဘူး။ ပြီးတော့ ဒီလိုရေခဲတောင်တက်ပြီ ချင်းအလံ စိုက်ထူတယ်ဆိုတာ သိပ်မကြားဖူးဘူး။ ကိုယ်လဲချင်းဖြစ်တော့ ကိုယ့်အလံတော့ ဒီလိုဒေသမျိုးမှာ စိုက်ထူချင်လို့ပါ။ ချင်းအလံကို စိုက်ထူဖို့ကအရင်ကတည်းကတွေးပြီးသား။ ချင်းအလံ ယူသွားဖို့လုပ်ခိုင်းတာ မမှီလိုက်ဘူး။ တစ်ပတ်ကြာရမယ်ဟာကို လေးရက်လောက်လိုမှ ဆိုင်မှာသွားပြောတော့ မရဘူးတဲ့။ ခေါင်းစားသွားတယ်။ တံဆိပ်ရိုက်ဆိုင်အားလုံးသွားတယ်မရခဲ့ဘူး။

အစတော့ မြစ်ကြီးနားမြို့ထဲက ချင်းဘုရားကျောင်းတွေ၊ ချင်းလူမှုရေးအဖွဲ့တွေဆီ ချင်းအလံသွားရှာတာမရှိကြဘူး။ နောက်ဆုံး သူငယ်ချင်းဆိုင်မှာ အကူအညီတောင်းပြီး လုပ်ခိုင်းရတယ်။ (၁၂)နာရီလေယာဉ်ထွက်ရမှာကို (၁၁)နာရီခွဲလောက်မှ အလံရသွားတယ်။ ဒါကြောင့် အလံက ကြယ်တစ်လုံးပိုသွားတယ်။ အောက်ချင်းငှက်ရုပ်လည်း အရောင်များသွားတယ်။ ဒါပေမယ့် ပြင်မရတော့ အဲ့လိုပဲယူသွားလိုက်တယ်။ အခုလို ချင်းအလံကို တောင်ထိပ်မှာ သွားစိုက်ထူခွင့်ရတာ ဂုဏ်ယူပါတယ်။ နောက် မြန်မာပြည်ရဲ့ အမြင့်ဆုံးတောင် ခါခါဘိုရာဇီတောင်ထိပ်ကိုလည်း တက်နိုင်အောင် ကြိုးစားမယ်။

 

 

 

နောက်ဆုံးရသတင်း