ဝေဖန်ခြင်း မခံနိုင်က နိုင်ငံရေး မလုပ်တာ ကောင်းတယ်

ဝေဖန်ခြင်း မခံနိုင်က နိုင်ငံရေး မလုပ်တာ ကောင်းတယ်
Salai Ngun Cung Lian

အာရစ်စတိုတယ် က “Critisim is something we can avoid easily by saying nothing, doing nothing, and being nothing” လို့ ပြော ခဲ့ပါတယ်။ မြန်မာလို ဆီလျှော်အောင် ဘာသာပြန်ရမယ် ဆိုရင်တော့ ဝေဖန်ခြင်း မခံရအာင်၊ ဝေဖန်ခြင်းကို ရှောင်ရှားနိုင်အောင် နည်းလမ်းများများ ရှိပါတယ်။ နှုတ်ပိတ်ထား၊ ဘာမှ မလုပ်နဲ့၊ ဖြစ်တည်ခြင်း လည်းမရှိစေနဲ့။

ဘယ်လို နိုင်ငံရေးစနစ် ဖြစ်ဖြစ် ရန်သူဆိုတာ ရှိပြီးသား။ အမျိုးသား နိုင်ငံရေး ပဲလုပ်လုပ်၊ ပါတီ နိုင်ငံရေးပဲ လုပ်လုပ်၊ တသီးပုဂ္ဂလ နိုင်ငံရေး ပဲလုပ်လုပ် ထောက်ခံသူ နဲ့ ဆန့်ကျင်သူ နှစ်ဘက်ကြားမှာ လုပ်ကိုင်ရတဲ့အလုပ်။ ကိုယ့်လက်ကို ကျစ်ကျစ်ပါအောင်ဆုတ်ပြီး ပြုံးပြတိုင်း ထောက်ခံသူ လို့ မထင်လိုက်ပါနဲ့။ စိတ်ထဲက တတ်သမျှ ကျိန်ဆဲနည်းအားလုံးနဲ့ ဆဲနေတာ ဖြစ်နိုင်တယ်။

အမျိုးသား နိုင်ငံရေး ဆိုတာက နက်နဲသလို အန္တရာယ်ကလည်း ကြီးသမို့ သိပ်ပြီး စိတ်မဝင်စားသလို ကြောက်လည်း ကြောက်တယ်။ ညာဘက် နဲ့ ဘယ်ဘက် တစ်ဘက်ဘက်ကို ရောက်လေ ကြောက်စရာ ပိုကောင်းလေ ပါပဲ။ ဒါပေမယ် ဒီလို နက်နဲ ခက်ခဲတဲ့ နိုင်ငံရေးကို နားမလည်တဲ့ ပြည်သူ အများစု သည်းခြေကြိုက် နိုင်ငံရေး စနစ်တစ်ခု လို့ပဲ မှတ်ယူပါတယ်။

ပါတီ နိုင်ငံရေး ဆိုတော့လည်း ပညာတတ် ခေါင်းဆောင်များက မူကို ချပြီး လူကို စည်းရုံးရ၊ ခေါင်းဆောင်မယ့်သူများကို ညှစ်ထုတ်ရ၊ အဓိက ဦးတည်ချက်က မဲများများရပြီး အစိုးရသူ ဖြစ်ဖို့။ ဒီတော့ မူ ဆိုတာကလည်း မရှင်းတတ်ရင်ဖြင့် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်တတ်တယ်။ မူတို့၊ ဝါဒတို့၊ ပေါ်လစီတို့ စတဲ့အရာကို အများဆုံး နားလည်တာကလည်း လူလတ်တန်းစား ပညာတတ်၊ လောက်လောက်ငင၊ နေနိုင်ထိုင်နိုင်စားနိုင် သူများ ဖြစ်လေတော့ စည်းရုံးရတာ ခက်ပြန်ရော။

အမျိုးသား နိုင်ငံရေး ပဲ လုပ်လုပ်၊ ပါတီ နိုင်ငံရေး ပဲ လုပ်လုပ်၊ ဘယ်လို နိုင်ငံရေး ပဲ လုပ်လုပ် ဂုဏ်ပြုတာနဲ့ ကဲ့ရဲ့တာ နှစ်ခုတော့ ရင်ဆိုင်ရမယ်။ ပုဂ္ဂိုလ်ရေး ကြောင့်လည်း ဖြစ်နိုင်တယ်။ အကျင့်စာရိတ္တကြောင့်လည်း ဖြစ်နိုင်တယ်။ ယုံကြည်လက်ခံတဲ့ ဘာသာတရားကြောင့်လည်း ဖြစ်နိုင်တယ်။ ကျဉ်းမြောင်းတဲ့ မျိုးနွယ်စုတို့၊ ဒေသတို့ ကြောင့်လည်း ဖြစ်နိုင်တယ်။ အခြား ကိစ္စများကြောင့်လည်း ဖြစ်နိုင်တယ်။

နိုင်ငံရေးမှာ အဓိက ပထမ က မဲများများရဖို့ ပါပဲ။ မဲ မလိုချင်တဲ့ နိုင်ငံရေး သမားကို တစ်ခါမှ မကြားဘူးခဲ့ပါ။ မြင်လည်းမမြင်ခဲ့ပါ။ စာအုပ်မှာလည်း မဖတ်ခဲ့ပါ။ သူဌေးမဲလည်းလိုတယ်။ ပညာတတ်မဲလည်း လိုတယ်။ ဆင်းရဲသား မဲလည်းလိုတယ်။ နေနိုင်ထိုင်နိုင် အလယ်အလတ် လူတန်းစား မဲလည်း လိုတယ်။ အထက်တန်းလွှာက မဲလည်းလိုတယ်။ လူဦးရေ အများဆုံး ဖြစ်တဲ့ ဆင်းရဲသား လက်လုပ်လက်စား မဲများလည်း လိုတယ်။ ဒါကြောင့် မဲရရှိရေး စည်းရုံးရေးလုပ်ငန်းများ အပင်ပန်းခံလုပ်ကြသကိုး။

နိုင်ငံရေး သမားနဲ့ မတူတဲ့ အခြားအုပ်စု တစ်စုက တော့ နိုးကြား တက်ကြွှလှုပ်ရှားသူ (Activists) များ ဖြစ်ကြပါတယ်။ (Activists) များက ပြည်သူ့ထံက (မဲ) မလိုကြပါဘူး။ အစိုးရ တစ်ခု လက်ထက်က ဖြစ်နေတဲ့ ပြသနာများ၊ ဒုက္ခများ၊ အာနိဋ္ဌာရုံများကို ကြုံတိုင်း ဖြစ်ဖြစ်၊ ပေါ်လာတိုင်း ဖြစ်ဖြစ် ထောက်ပြ၊ အပြစ်တင်၊ ရှုံ့ချ၊ ကဲ့ရဲ့၊ လှောင်ပြောင် နိုင်ဖို့ စင်လေး တစ်စင် နဲ့ လက်ခုတ်တီးပေးမယ့် လူအုပ်ပဲ လိုတာပါ။

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအချို့ မှာ စနစ်ဟောင်းမှာ နိုးကြား တက်ကြွှလှုပ်ရှားသူ (Activists) များအချို့ က စနစ်သစ် ပြောင်းပြီးနောက် သက်ရောက်မှု ဖြစ်စေတဲ့ လုပ်ငန်းလုပ်လိုပေမယ့် အနယ်မထိုင် နိုင်ဖြစ်ပြီး၊ နေရာ ဟောင်းမှာ တဝဲဝဲ လည်နေတတ်ကြတယ်။

ဒီလိုဖြစ်လာတာနဲ့ ပဋိက္ခ များ စတင်လာပါတော့တယ်။ မဲလိုချင်တဲ့ နိုင်ငံရေး သမားအချို့ကလည်း လက်ခုတ်သံလိုချင်တဲ့ ဆန္ဒကို မထားခဲ့နိုင်၊ လက်ခုတ်သံကြား ကြည်နူးနေတဲ့ တက်ကြွှလှုပ်ရှားသူများကလည်း လက်ခုတ်တီး ပေးတဲ့ စာရင်းဇယားများ လိုက်ကောက်နေ ဖြစ်လာပါတယ်။

တက်ကြွှလှုပ်ရှားသူများကို ဆဲဆိုမယ့် လူနည်းပါတယ်။ ဘာလို့လဲ ဆိုတော့ ပြည်သူများက ဆဲလိုတဲ့ သူများကို ဦးဆောင် ဆဲပေးနေလို့ပါ။ ဒါမေယ့် နိုင်ငံရေး သမားများကိုတော့ ဆဲဆိုမယ့်လူ များပါတယ်။ ဘာလို့လည်း ဆိုတော့ လူတိုင်းမှာ တန်းတူ ရရှိထားတဲ့ အသဲကြားက မဲတစ်ပြားကို (၅) နှစ်တာအထိ ပေးကမ်းရမှာ ဖြစ်လို့ပါ။ ပေးထားတဲ့ မဲပြားကိုလည်း ပြန်လည် ရုတ်သိမ်းဖို့ ဆိုင်းငံ့ထားပြန်တော့ မဲပေးမှားခဲ့ရင်လည်း ခံဖို့ပဲ ရှိတာကိုး။ ဒါကြောင့် တန်ဘိုး ကြီးမားလှတဲ့ မဲပြား တစ်ခုနဲ့ ထိုက်တန်တဲ့ ဝေဖန်ခြင်း၊ စမ်းသပ်ခြင်း၊ ကဲ့ရဲ့ခြင်း စတဲ့ ကိစ္စများကို မဖြစ်ဖြစ်အောင် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

တစ်လော တုန်းက နိုင်ငံရေး ပါတီ ဥက္ကဋ္ဌကြီး တစ်ပါးက ”ငါတို့ ပါတီ ခေါင်းဆောင်များကို ဝေဖန် ပုတ်ခတ် သိက္ခာချ နေတဲ့ သူများဟာ ငါတို့ အမျိုးသား သစ္စာဖောက်များ” ဆိုပြီး ပြောခဲ့တာ သိရှိရပါတယ်။ သူ့မှာ ပြောလိုရာ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒီပါတီ ခေါင်းဆောင်များ ဝေဖန်၊ ပုတ်ခတ်၊ ဆိုးကြောင်းများ ပြောတာနဲ့ အမျိုးသား သစ္စာဖောက် ဖြစ်ရမယ် ဆိုရင်တော့ ကျနော်လည်း စာရင်း ဝင်ပြီးသား ဖြစ်လေပြီ။ အော်… ဒုက္ခ… ဒုက္ခ………. ကျနော့်ကို မချစ်သော အမျိုးသမီးများ၊ ကျနော့်ကိုအတင်းတုတ်သော အမျိုးသမီးများ၊ ကျနော့်ကို ကောက်ကျစ် စဉ်းလည်းကြောင်း ပြောသည့် အမျိုးသမီးများ၊ မလိမ်မာကြောင်း ဝေဖန်သည့် အမျိုးသမီး အားလုံးသည် American ဘန်း စကားဖြင့် ပြောရလျှင် (Hustlers) များ ဖြစ်ကြသည်လို့ တောင် ပြောရမလို ဖြစ်နေပြီ။

အဲဒီ ပါတီ ခေါင်းဆောင် တစ်ယောက်ကို ရည်ညွှန်းပြီး ဒီစာကို ရေးသားခြင်း မဟုတ်ပါ။ မည်သူမဆို ဝေဖန်ခြင်း၊ ကဲ့ရဲ့ခြင်း၊ စမ်းသပ်ခြင်းများ မခံနိုင်ရင်တော့ အမျိုးသား နိုင်ငံရေး ဖြစ်ဖြစ်၊ ပါတီ နိုင်ငံရေး ဖြစ်ဖြစ်၊ တသီးပုဂ္ဂလ နိုင်ငံရေး ဖြစ်ဖြစ် မလုပ်တာ ကောင်းပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင်ဖြင့် မိမိ ယုံကြည်တဲ့ ဘာသာတရားအရိပ်အောက် ခိုတာ အသင့်တော်ဆုံးလို့ ထင်ပါတယ်။ ဒါတောင်မှ လုံးဝ ဝေဖန်ခြင်း၊ ကဲ့ရဲ့ခြင်း၊ စော်ကားခြင်း လုံးဝ ကင်းမယ်လို့ မယူဆသင့်ပါ။

နိဂုံး အဖြစ် “William Authur Ward” အဆိုအမိန့် တစ်ခုနဲ့ အနားယူလိုပါတယ်။ “Flatter me, and I may not believe you. Criticise me, and I may not like you. Ignore me, and I may not forgive you. Encourage me, and I will not forget you…. Love me and I may be forced to love you.”

ခင်ဗျားက ချီးကျူးလိုက်တိုင်း ကျုပ်ယုံကြည်မှာ မဟုတ်….
ကျုပ်ကို ဝေဖန်တိုင်း လည်း ခင်ဗျားကို ကြိုက်မှာ မဟုတ်…..
ကျုပ်ကို ဥပက္ခော ပြုလိုက်ရင်လည်း ခင်ဗျားကို သည်းခံမှာ မဟုတ်….
(ဒါပေမယ့်)ကျုပ်ကို အားပေးတဲ့သူ ခင်ဗျားကို ကျုပ်ဘယ်တော့မှ မယ့်မည် မဟုတ်….
ကျုပ်ကို ခင်ဗျား ချစ်ခင်မြတ်နိုးရင်ဖြင့်၊ ခင်ဗျားကို အတင်းအကျပ် ချစ်ခင်မြတ်နိုးအောင် ခိုင်းမှာ ဖြစ်ပါတယ်။

နိုင်ငံရေး လုပ်ချင်တယ် ဆိုရင်….
မဲဆန္ဒရှင်များကို အားပေးပါ၊
မဲဆန္ဒရှင်များကို လေးစားပါ၊
မဲဆန္ဒရှင်များကို ချစ်ခင်ပါ၊
မဲဆန္ဒရှင်များကို နားလည်ပါ။
မဲဆန္ဒရှင်များကို ကိုယ်ချင်းစာပါ။

 

နောက်ဆုံးရသတင်း