မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေတွေအစိုးရက ဆိုင်းငံ့ထားဖို့လိုတယ်လို့ ဦးငိုင်ဆာခ့်ဆို

အစိုးရအနေနဲ့ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနဲ့နည်းဥပဒေကို အကောင်အထည်မဖော်ခင် ဆိုင်းငံ့ထားဖို့လိုတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာခ့်ကပြောပါတယ်။

မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဟာ ၂၀၁၉ ခုနှစ်မတ်လမှစပြီးအသက်ဝင်တော့မှာဖြစ်ပါတယ်။ ယင်းကြားကာလတွင် အစိုးရထံမှတ်ပုံတင်မရှိသေးတဲ့တောင်ယာများကို တောင်ယာလုပ်ကိုင်သူတွေ မှတ်ပုံတင်ရကြဖို့ကြေညာထားပါတယ်။

“အစိုးရအနေနဲ့ ဒီဥပဒေကို အကောင်အထည်မဖော်ခင်မှာ ဆိုင်းငံ့ထားရပါလိမ့်မယ်။ ဒီဟာက ထိလွယ်ရှလွယ်တဲ့ကိစ္စဖြစ်တယ်။ အင်မတန်မှ သိမ်မွေ့တဲ့ပြဿနာဖြစ်နေတယ်။ ဒါကြောင့် တိုင်းရင်းသားနယ်မြေတွေမှာ ဒါကို အကောင်အထည်မဖော်ပဲနဲ့ ရပ်ဆိုင်းကို ရပ်ဆိုင်းထားသင့်တယ်လို့ အကြံပြုချင်တယ်။ တောင်သူတွေဘက်က ဒီဟာကို အသက်ပေးပြီးကာကွယ်မှာပဲ။ ခုခံမှာပဲ။ ကာကွယ်ပုံကာကွယ်နည်းကလည်းလိုသေးတယ်။ တကယ်အကောင်အထည်ဖော်လာရင် စာမတတ်ပေမတတ်တောင်သူတွေဘက်က ကာကွယ်ပေးမယ့်အဖွဲ့တော့ လိုကိုးလိုနေပြီ။ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ဖို့ကြိုးပမ်းနေတဲ့ချိန်မှာ ဖက်ဒရယ်မဆန်သော၊ ဖက်ဒရယ်ပုံစံမဝင်သော လုပ်ဆောင်မှုတွေကို ရှောင်ကိုရှောင်ရပါလိမ့်မယ်။ ဒီဟာကို ဇွတ်အတင်းအကောင်အထည်ဖော်လာမယ်ဆိုရင် တိုင်းရင်းသားလူမျိုးတွေမှာ နာကြည်းမှုရှိမယ်။ ပထမမှာ နယ်မြေထိပါးတာခံရမယ်။ ချင်းလူမျိုးတွေမှာ နယ်မြေနဲ့ဘသားစုဆွေမျိုးတော်စပ်ပုံ တိုက်ရိုက်ဆက်စပ်မှုရှိတဲ့တွက်ကြောင့် ချင်းရဲ့ဖြစ်တည်ခြင်းနဲ့မြေယာပိုင်ဆိုင်မှုက ခွဲခြားလို့မရတဲ့ ခေါင်းနဲ့ပန်းလို့ဖြစ်နေတယ်”လို့ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာခ့်ကပြောပါတယ်။

တီးတိန်မြို့နယ် Aklui ရွာ(ဓာတ်ပုံ-Gin Kim Mang)

မြေလွှတ်၊မြေလပ် ဆိုတာ ယခင်က သီးစားခံယူလုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားသည့် သီးစားခံယူလုပ်ကိုင်သူမရှိသော စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်တဲ့ မြေနှင့် နိုင်ငံတော်က သီးသန့်လျာထားသတ်မှတ်သည့် မြေများကို ဆိုသည်လို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာပါပါတယ်။

မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈ ခုနှစ်) ပုဒ်မ၃၀-ကတွင် အောက်ပါမြေအမျိုးအစားများကို စီမံခန့်ခွဲခြင်းသည် ဒီဥပဒေနှင့် သက်ဆိုင်ခြင်းမရှိစေရ- (ခ)ဒေသခံတိုင်းရင်းသားများ၏ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သတ်မှတ်မြေများ၊ ဟုဖော်ပြထားပါတယ်။

ဦးငိုင်ဆောခ့်က “မြေလွတ်မြေလပ် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်က ဟိုးဘိုးဘေးကတည်းက ချင်းလူမျိုးတွေပိုင်ဆိုင်တဲ့မြေတွေလည်း အကျူံးဝင်နေတယ်။ ဒါကြောင့် ပုဒ်မ ၃၀-က ရဲ့အကျိုးကိုမခံစားနိုင်တော့ဘူး။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်က ဟိုဘက်အကာအကွယ်ပေးတဲ့ကိစ္စကို ထိခိုက်သွားတယ်။  ဆိုတော့ ဒီဟာကို လုံးလုံးကိုပြင်ဆင်ဖို့လိုပါ့မယ်။ မြေလွတ်မြေလပ်ဆိုတဲ့အဓိပ္ပာယ်မှာ ခြွင်းချက်ပြုပေးရလိမ့်မယ်။ တိုင်းရင်းသားဒေသတွေမှာ ရိုးရာအရပိုင်ဆိုင်သောတဲ့ဒေသသည် မြေလွတ်မြေလပ်မှာမပါဝင်စေရဆိုပြီး အတိအလင်းပြဌာန်းပေးရမယ်။ ဒါမှသာ အငြင်းပွားမှုတွေရှင်းမယ်။ ပြီးတော့ ပုဒ်မ ၃၀-က ကို ဒီထက်တိကျတဲ့စကားလုံးနဲ့ အကာအကွယ်ရေးရမယ် ဆိုတဲ့စကားကိုထည့်ကိုထည့်ရမယ်။ နိုးမဟုတ်ရင် မသက်ဆိုင်စေရဆိုတဲ့ စကားလုံးတော့ သတ်မှတ်သောမြေများဆိုတာက ဘယ်သူက သတ်မှတ်ပေးသလဲဆိုတဲ့အငြင်းပွားမှုတွေဟာ အာဏာပိုင်နဲ့ပြည်သူလူထုနဲ့အငြင်းပွားတဲ့ခါ ပြည်သူလူထုအမြဲတမ်းနစ်နာပြီးတော့ လုပ်ပိုင်ခွင့်ရှိတဲ့သူက စိတ်ကြိုက်ဖန်တီးခွင့်ရတဲ့အနေအထားမျိုးရောက်သွားနိုင်တယ်”လို့ပြောပါတယ်။