မြွှေတောင် သတ္တုခိုးထုတ်သူကို ZRO ကသတိပေးစာနဲ့ ကျည်ဆန်တစ်ထောင့်ပေးပို့

မြွှေတောင် သတ္တုခိုးထုတ်သူကို ZRO ကသတိပေးစာနဲ့ ကျည်ဆန်တစ်ထောင့်ပေးပို့

တီးတိန်မြို့နယ် မြွေတောင်ရှိ ခရိုမိုက်သတ္တုခိုးထုတ်သူ ဦးသန်းဆောင်ကို ZRO (Zomi Revolutionary Army) က ဇွန်လ (၁၃)ရက်တွင် သတိပေးစာနဲ့ ကျည်ဆန်တစ်ထောင့်ပို့လိုက်တယ်လို့သတင်းရရှိပါတယ်။

၎င်းသတိပေးထားထဲတွင် သင်သည် ဇိုမီးလူမျိုးတို့၏ ဘိုးဘွားပိုင် မြွေတောင်ဒေသမှ အဖိုးတန် သတ္တုရတနာများကို ကြိမ်ဖန်များစွာတရားမဝင် ခိုးယူတူးဖော်နေကြောင်း ခိုင်လုံစွာသတင်းရရှိပါသည်။ ထို့ကြောင့် နောက်နောင်တွင် ထပ်မံပြိး မိမိတို့ ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း)၏ မျက်ကွယ်တွင် ထပ်မံကျူးလွန်ပါက တော်လှန်ရေးလုပ်ထုံး လုပ်နည်းအတိုင်းအရေးယူမည်ဖြစ်ကြောင်း ပထမဆုံးအကြိမ်နှင့် နောက်ဆုံး အကြိမ်အဖြင့် ပြင်းထန်စါာ သတိပေးလိုက်သည် လို့ဖော်ပြထားပါတယ်။

ဦးသန်းဆောင်ဟာ ကလေးမြို့နယ် ညောင်ကုန်းကျေးရွာမှာ နေထိုင်တဲ့သူဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြွှေတောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့ ညှိုနှိုင်းစည်းရုံရေးမှူး ကိုမန်ဇခုပ်က “ဦးသန်းဆောင် သတ္တုခိုးထုတ်တဲ့နေရာက မြွှေတောင် နတ်ဥယျာဉ်ချောင်းအနီးမှာပါ။ ၂၀၁၅ မတိုင်ခင်တုန်းကတော့ လူတော်တော်များများက တစ်ပိုင်တစ်နိုင် လက်နဲ့တူးပြီး လူနဲ့သယ်ကြတယ်။ ဒါပေမယ့် ၂၀၁၈ ကစပြီး ဦးသန်းဆောင်က စက်ကြီးနဲ့လမ်းတွေဖောက်ပြီး သတ္တုတွေခိုးထုတ်နေတယ်။ ကျနော်တို့အဖွဲ့ကလည်း သူ့ကို ဆက်မထုတ်ဖို့သတိပေးထားတယ်။ သူက သတ္တုတူးဖို့ လူ ၁၅ ယောက်ကနေ ၂၀ဦးကို နေ့စား တစ်နေ့ ခုနစ်ထောင်နဲ့ ထမင်းကျွေးပြီး တူးခိုင်းနေတယ်။ အရင်တစ်ခေါက် ကလေးမြို့အလွန်မှာ ၁၂ ဘီးကားနဲ့ သတ္တုဖမ်းမိတာလည်း သူ့ပစ္စည်းတွေပဲ။ သူက မန္တလေးကိုပို့နေတာ။ အခုလို သတိပေးတာကောင်းပဲမယ့် တကယ့်အမြစ်ပျက်ချင်တယ်ဆိုရင် ဝယ်တဲ့ကုမ္မဏီကိုစုံစမ်းပြီး သတိပေးရင်ပိုကောင်းမယ်။ အခုက ဝယ်တဲ့သူရှိလို့ သူက ထုတ်နေတာ။ ဝယ်တဲ့သူရှိတော့ သူမထုတ်ရင်လည်း တခြားလူတစ်ယောက်က ဆက်ထုတ်နေမှာပဲ” လို့ပြောပါတယ်။

မြွေတောင်နဲ့ဖားတောင်ရှိ သတ္တုတွေကို တရုတ် ကုမ္မဏီတစ်ခုက ၂၀၁၂ ဝန်းကျင်တွင် တူးဖော်ဖို့စီစဉ်ပေးမယ့် ဒေသခံတွေကန့်ကွက်တာကြောင့် အစီအစဉ်ရပ်တန့်သွားပါတယ်။