၂၀၁၉ ဘောလုံးရာသီအတွက် အမျိုးသားအကောင်းဆုံး ကစားသမားဆု ဒေးဗစ်ထန်းက ရရှိ

မြန်မာနိုင်ငံ ဘောလုံးလောကတွင် ၂၀၁၉ ဘောလုံးရာသီအတွက် အမျိုးသားအကောင်းဆုံး ကစားသမားဆုကို ဒေးဗစ်ထန်းက ရရှိပါတယ်။

ယင်းဆုကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) နဲ့ မြန်မာနေရှင်နယ်လိဂ် ကော်မတီတို့ ပူးပေါင်းကျင်းပတဲ့ တစ်နှစ်တာ အကောင်းဆုံးဆုများနဲ့ ချန်ပီယံဆုချီးမြှင့်ပေးအပ်တဲ့ ဒီဇင်ဘာလ (၂၇)ရက်ညက ပေးအပ်တာဖြစ်ပါတယ်။

ဒေးဗစ်ထန်းက “ကိုယ်လုပ်တဲ့အလုပ်ကို တန်ဖိုးထားတယ်။ ဒီအလုပ်နဲ့ အသက်မွေးလို့ ဒီအလုပ်ကို လေးစားတယ်။ သေချာလုပ်တယ်၊ ကြိုးစားတယ်။ ဘာသာတရား မမေ့ဘူး။ တော်တယ် တတ်တယ်လို့တော့ မရှိပါဘူး။ အမြဲ ကြိုးစားနေပါတယ်။ ကစားသမားတိုင်းက တိုက်စစ် ကစားချင်တာ များတယ်။ ဒါပေမဲ့ ကျနော်က နည်းပြ ကစားခိုင်းတဲ့ နေရာမှာပဲ ကြိုးစားကစားတယ်။ ၂ နေရာတော့ သေချာ ကစားနိုင်တယ်၊ ညာနောက်ခံလူ၊ ညာအစွန် အလယ်တန်းလူပေါ့။ ၃ နေရာလောက် ကစားနိုင်ရင်တော့ အရမ်းကောင်းသွားပြီ။ အကောင်းဆုံးဆုရတော့ ပျော်တာပေါ့။ ကျနော့်အဖေကို ဒီအကြောင်း အရင်ဆုံးပြောချင်တာ။ ကျေးဇူးတင်ရမယ့်သူတွေက အများကြီးပဲ” လို့ပြောပါတယ်။

ဒေးဗစ်ထန်းဟာ လက်ရှိ ရှမ်းယူနိုက်တက်အသင်းတွင်ကစားပြီး မြန်မာ့လက်ရွေးစင်တစ်ဦးလည်းဖြစ်ပါတယ်။

အကောင်းဆုံး နည်းပြဆုကို ရှမ်းယူနိုက်တက်အသင်းမှ နည်းပြ ဦးအောင်နိုင် ကလည်းကောင်း၊ အမျိုးသမီးလူငယ်အကောင်းဆုံး ကစားသမားဆု ကို ဖြူဖြူဝင်း ကလည်းကောင်း၊ အမျိုးသားလူငယ်အကောင်းဆုံး ကစားသမားဆု ကို Chainat Hornbill/မြန်မာယူ-၂၂မှ မြတ်ကောင်းခန့် ကလည်းကောင်း၊ အမျိုးသမီးအကောင်းဆုံး ကစားသမားဆု ကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း မှ ရီရီဦး ကလည်းကောင်းအသီးသီး ဆုရရှိကြပါတယ်။