ကိုဗစ်ကာလစီးပွားရေးကုစားမှုအစီအစဉ်နဲ့ ကလေးမြို့နယ် ကျေးရွာ (၁၂)ရွာတွင် သိန်း နှစ်သောင်းကျော်ကူညီ

ကိုဗစ်ကာလစီးပွားရေးကုစားမှု အစီအစဉ်နဲ့ ကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ (၆)ရွာထံ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအတွက် သိန်း (၁၆,၀၀၀)၊ Cash For Work စီမံချက်နဲ့ ကျေးရွာ (၆)ရွာတွင် သိန်း (၆၀၀) ထောက်ပံ့ကူညီနေတယ်လို့သတင်းရရှိပါတယ်။

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအကောင်အထည်ဖော်မယ့် ကျေးရွာတွေကတော့ သာစည်အုပ်စုမှ ရှားတောရွာက သိန်း (၃၀၀)၊ ရေရှင်ကျေးရွာက သိန်း (၃၀၀)၊ နန်းဗဟိရ်ကျေးရွာက သိန်း (၃၀၀)၊ ဆင်ရွာက သိန်း (၃၀၀)၊ ကျောင်းတိုက်အုပ်စုမှ ညောင်တောကျေးရွာက သိန်း (၂၀၀) တင်သားအုပ်စုမှ မင်းလှကျေးရွာက သိန်း (၂၀၀) စသည်တို့ဖြစ်ပါတယ်။

တစ်ရွာမှာ အိမ်ခြေ ၅၀ နဲ့ ၁၀၀ ကြားကို သိန်း ၂၀၀၊ အိမ်ခြေ ၁၀၁ နဲ့အထက်ကို သိန်း ၃၀၀၊ အိမ်ခြေ ၅၀ အောက်ကို သိန်း ၁၀၀ ထုတ်ပေးပါတယ်။
ကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လ/ထ ညွှန်ကြားရေးမှူး ဦးငူလ်ဆွင်းခိုင်က “ကျေးရွာမတည်ငွေက ကိုဗစ်ကာလမှာ အလုပ်အကိုင်ပျက်နေတဲ့၊ စီးပွားရေးပျက်နေတဲ့ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ ကုန်ထုတ်လုပ်ငန်း ပြန်လည်ထူထောင်နိုင်ရေး ရည်ရွယ်ပါတယ်။ ရွာမှာ မိတ်ဆက်ရှင်းလင်းပွဲလုပ်ပြီးပြီ။ ကျေးရွာကော်မတီဖွဲ့ပြီးပြီ။ ကော်မတီတွေကို ကျနော်တို့ ကျေးလက်ရုံးကိုခေါ်ပြီး သင်တန်းလည်းပို့ချပြီးပြီ။ အခုရွာမှာလျှောက်လွှာခေါ်မယ်။ မြို့နယ်က စိစစ်ပြီးအတည်ပြုပေးမယ်။ ကျေးရွာတစ်ခုချင်းကို ကျေးရွာဘဏ်စာရင်းဖွင့်မယ်။ ကျေးရွာကော်မတီက ငွေကိုထိန်းသိမ်းမယ်။ အတိုးက တစ်လကို ပြား ၅၀ ကောက်မယ်။ နောက်နှစ်မှာတော့ ကော်မတီရဲ့သဘောအတိုင်း ၁ ကျပ်ခွဲအထိသတ်မှတ်လို့ရတယ်။ ကော်မတီရဲ့သက်တမ်းကတော့ ၅ နှစ်ပါ။ အတိုးကို စုပြီးကျေးရွာအပိုင်ဖြစ်မှာ။ ရွာမှာ ပြဿနာမဖြစ်ရင်တော့ ရွာကို အတိုးကော၊ အရင်းပါပေးထားမှာဖြစ်တယ်” လို့ပြောပါတယ်။

ကျေးရွမတည်ရန်ပုံငွေစီမံကိန်းကို တစ်နိုင်ငံလုံး ကျေးရွာ (၁၇၀၀) တွင်ဆောင်ရွက်နေပါတယ်။

ကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လ/ထ ညွှန်ကြားရေးမှူး ဦးငူလ်ဆွင်းခိုင် (Photo: Salai Lal Nun Uk/Zalen)

Cash for Work စီမံချက်ကတော့ ရွာတစ်ရွာတွင် သိန်း (၁၀၀) ထုတ်ပေးပြီး ကျေးရွာရဲ့လိုအပ်ချက်မှာလုပ်အငန်းအကောင်အထည်ဖော်ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ယင်းစီမံကိန်းအကောင်အထည်ဖော်တဲ့ကျေးရွာတွေကတော့ ကျော်ရွာ၊ ခုံတိုးမြို့သာအုပ်စု ဘိုကုန်း နဲ့ ရန်ကြီးအောင်၊ ခုံသာကျေးရွာအုပ်စု ကြံစက်ကန်း၊ စော်ဘွားရေရှင်အုပ်စု ဖက်ယားရေရှင်ကျေးရွာ၊ နတ်ကြီးကုန်း အုပ်စု နန်းဇလိန် ကျေးရွာ တို့ဖြစ်ပါတယ်။

ဦးငူလ်ဆွင်းခိုင်က “တစ်ရွာလျှင် သိန်း ၁၀၀ မတည်ပေးတော့ ရွာမှာလုပ်ချင်တဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့အရာလုပ်ကြတယ်။ ဒီစီမံကိန်းက ၁၉-၂၀ ဘဏ္ဍာနှစ်မှာပြီးအောင်ဆောင်ရွက်မယ်ဆိုတော့ ၂ လကျော်ကျော်ပဲအချိန်ရတော့တယ်။ ရွာကကော်မတီဖွဲ့ပြီး အကောင်ထည်ဖော်။ ခုလည်း ရှေ့ပြေးအနေနဲ့ ဘိုကုန်းရွာမှာ စနေပါပြီ။ ကျန် ၅ ရွာလည်း ဘဏ်စာရင်းဖွင့်ပြီးမှ ဆက်ဆောင်ရွက်မယ်။ အများဆုံးက ကျေးရွာတွင်း လမ်းခင်းကြတယ်။ မြေသားလမ်းဖြစ်ဖြစ်၊ ကွန်ဂရစ်လမ်းဖြစ်ဖြစ်၊ ရွာတွင်းရေမြောင်းဖြစ်ဖြစ်လုပ်ကြတယ်။ ရွေးချယ်တာက ကျနော်တို့ ဌာနတစ်ခုထဲမဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်စီမံကော်မတီတွေနဲ့ အစည်းအဝေးထိုင်ပြီးရွေးတာ” လို့ပြောပါတယ်။

Cash for Work စီမံကိန်းဟာ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ် (၃၇)မြို့နယ်မှ ကျေးရွာ (၃၅၁)ရွာ၊ ချင်းပြည်နယ် (၈)မြို့နယ်မှ ကျေးရွာ (၁၅၅) ရွာ၊ တစ်နိုင်ငံလုံးအနေနဲ့ ကျေးရွာ (၃၅၀၀) တွင် ဆောင်ရွက်နေပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်