ကုမ္ပဏီကလျော်ကြေးမပေးနိုင်ရင် အစိုးရကတရားစွဲမယ်လို့ပြောထားတဲ့ ဟားခါးမြို့တွင်း ရေပေးဝေရေးစီမံကိန်းလျော်ကြေးကို ကုမ္ပဏီဘက်က ခုထိမပေးနိုင်သေး

ချင်းပြည်နယ်အစိုးရက ၂ နှစ်ကျော်ကြာစောင့်ဆိုင်းထားတဲ့ ဟားခါး ရေပေးဝေရေးစီမံကိန်းလျော်ကြေး သန်း ၂ ထောင်ကို ကုမ္ပဏီဘက်က ခုထိ လျော်ကြေးမပေးနိုင်သေးဘူးလို့ စည်ပင်ဝန်ကြီးဦးစိုးထက်ထံသတင်းရရှိပါတယ်။

ဟားခါးမြို့တွင်း ရေပေးဝေရေးစီမံကိန်းကို ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၆-၁၇ ဘတ်ဂျက်တွင် ရန်ပုံငွေ ကျပ်သန်း (၂၉၀၀) ထည့်သွင်းလျာထားပြီး ၂၀၁၆ ခုနှစ်ကစပြီး K&DL ကုမ္မဏီ နဲ့ မိုးကုတ်ရွှေရည်ကုမ္မဏီတို့က တာဝန်ယူတည်ဆောက်ခဲ့ပါတယ်။

ယင်းစီမံကိန်းကို ၂၀၁၇ ခုနှစ် မတ်လကုန်တွင်အားလုံးပြီးစီးရမယ်လို့သတ်မှတ်ထားသော်လည်း တတိယအကြိမ်ထိ လုပ်ငန်းသက်တမ်းတိုးရန်တောင်းဆိုပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင်လုပ်ငန်းမပြီးဆုံးပါက ဒဏ်ကြေး ၂ ဆပေးဆောင်ရန် ပြည်နယ်အစိုးရကသဘောတူဆုံးဖြတ်ခဲ့ကြတယ်။

K&DL ကုမ္မဏီ နဲ့ မိုးကုတ်ရွှေရည်ကုမ္မဏီတို့က စီမံကိန်းနောက်ကျဒဏ်ကြေး ၇၃,၈၅၄,၇၅၁ ဒသမ ၈၀ ကျပ် နဲ့ စာရင်းစစ်မှတွေ့ရှိတဲ့ ပိုထုတ်ငွေ ကျပ် သန်း ၂၂၂၇ ဒသမ ၇၆၃ ကို ပြန်လည်ပေးသွင်းရန် ပြည်နယ်အစိုးရက ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်တွင် ဒုတိယအကြိမ်အကြောင်းကြားထားပါတယ်။

ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးထက်က “ကုမ္ပဏီဘက်က လျော်ကြေးမပေးသေးဘူး။ စောင့်ဆိုင်းဆဲကာလဖြစ်နေဆဲပေါ့။ လျော်ကြေးပေးမယ်လို့ ညှို့နှိုင်း တဲ့ချိန်မှာပြောပါတယ်။ နောက်ဆုံးအရေးယူမယ်လို့စကားကုန်ပြီးပြောလိုက်တာ။ ဒါပေမယ့် လုပ်ငန်းလုပ်တဲ့ချိန်မှာ win-win ပေါ့နော်။ ဒီဘက်ကလည်း အဆင်ပြေသလို ဟိုဘက်ကလည်းအဆင်ပြေအောင် ညှို့နှိုင်းလုပ်ရတဲ့ ဒီမိုကရေစီခေတ်ဆိုတော့လေးနော်။ တစ်ဖက်ပိတ်ပြီးတော့ လုပ်လို့လည်းမရဘူး။ အစိုးရဆိုပြီးတော့လည်း အတင်းအနိုင်ယူလို့လည်း မသင့်တော်ဘူးပေါ့နော်။ ဒါကြောင့် မျှမျှတတစဉ်းစားပေးတဲ့တွက် အချိန်တအားပေးရတာပေါ့။ သူတို့နဲ့ တွေ့တာ အကြိမ်ပေါင်းများပြီ။ ကိုဗစ်ကာမှာ ငွေကြေးအခက်အခဲလည်းဖြစ်တယ်။ ဒီကိစ္စကို ဒီအစိုးရလက်ထက်မှာပြီးမှာ။ ရွေးကောက်ပွဲအပြီးမှာ လက်စသတ်မှာ” လို့ပြောပါတယ်။

ဝန်ကြီးဦးစိုးထက်က ပိုထုတ်ငွေ ကျပ်သန်း ၂၀၀၀ ကျော်ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၂ ရက်နောက်ဆုံးမပေးသွင်းပါက ပြည်နယ်အစိုးရက တရားစွဲမယ်လို့မနှစ်တုန်းက Zalen media ထံပြောထားပါတယ်။

ဝန်ကြီး ဦးစိုးထက်က “လုပ်ငန်းတန်ဖိုးထက်ပိုက်ဆံပိုထုတ်လို့ အခုအနည်းဆုံး သန်း ၂၀၀၀ ကျော်ကုမ္မဏီကနိုင်ငံတော်ကို ပြန်သွင်းရမယ်။ အဲ့ဒီငွေနဲ့ လုပ်ငန်းပြန်လုပ်ကြမယ်။ ပြန်မပေးနိုင်ရင်တော့ အစိုးရက ကုမ္မဏီကိုတရားစွဲမယ်။ သူတို့က မြေပြင်မှာ ၈၀ တန်ဆိုရင် ၁၀၀ တန်နဲ့တင်ထားတယ်လေ” လို့ပြောပါတယ်။

၂၀၁၉ ခုနှစ် ဇွန်လ ၂၈ နေ့မှာကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးဗန်ထောင်းက ဟားခါးမြို့ သောက်သုံးရေဖြန့်ဝေရေးနဲ့ပတ်သက်ပြီး မေးမြန်းထားတာဖြစ်ပါတယ်။

ဟားခါးမြို့တွင်းရေပေးဝေရေးစီမံကိန်းကို ပြည်နယ်စည်ပင်က ဆက်လက်တာဝန်ယူဆောင်ရွက်နေပါတယ်။ ဟားခါးမြို့ဟာ နွေရာသီမှာ ရေထွက်နည်းပါးလို့ နှစ်စဉ် သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်ကြပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်