ကွဲပြားမှုကြားက ခံစားချက်တူ စစ်နွံ နစ်နေသူ စစ်ရှောင်များ

နမ္မတူမြို့ပေါ်က ဒီ စစ်ရှောင်စခန်းလေးခုဟာ နှစ်တွေကြာလာတဲ့အမျှ ထောက်ပံ့ကူညီမှုတွေလျာ့ပါးလာနေပါတယ်။ လုပ်ကိုင်စားသောက်နိုင်ဖို့ တောင်ယာတွေ ရရှိဖို့အတွက်နမ္မတူစစ်ရှောင်ကူညီရေးကော်မတီက ရှမ်းပြည်နယ်အစိုးရတာဝန်ရှိတဲ့
အဖွဲ့အစည်းအသီးသီးနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၈)ရက်မှာပင် ဆွးနွေးမှုတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

နမ္မတူစစ်ရှောင်ကူညီရေးကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က“ဒီနေရာကနေသွားရင် နာရီဝက်လောက်ကြာသွားတဲ့ရွာလေးတစ်ရွာမှာ မြေနေရာတွေအခုတိုင်းထွာပြီးပါပြီ။ ဒါပေမယ့် အဲ့ဒါကို အထက်ကိုတင်ပြအုံးမယ်။ သူတို့က ချပေးလာမှ
အိမ်ထောင်စုတစ်ခုအတွက် မြေနေရာဘယ် လောက်ဆိုတာ ချပေးနိုင်မှာပါ”လို့ပြောပါတယ်။

 

နမ္မတူမြို့ KBC စစ်ရှောင်စခန်းကို ဖေဖော်ဝါရီလ(၁၀)ရက်နေ့က တွေ့ရစဉ်

မိုင်းတပ်ရွာ နဲ့ကြူ ဆာ့ရွာအနီးက စိုက်ပျိုးနိုင်တဲ့ မြေတွေကို စစ်ရှောင်တွေအတွက်ချထားပေးနိုင်ဖို့ ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။ စစ်ရှောင်ပြည်သူတွေကတော့ မိသားတစ်စုအတွက် အနည်းဆုံး တောင်ယာ ၅ ဧကလောက်ချထားပေးစေချင်တဲ့ ဆန္ဒရှိနေကြပါတယ်။

နမ္မတူမြို့တဝိုက်မှာ KBC(Kachin Baptist Convention-ကချင်နှစ်ခြင်းအဖွဲ့ချုပ်)စစ်ဘေးရှောင်စခန်း၊ လီဆူစစ်ဘေးရှောင်စခန်း၊ ကြူဆော့စစ်ဘေးရှောင်စခန်းနဲ့ပန်သပြေစခန်းရယ်လို့ ရှိပါတယ်။

ကချင်တွေအတွက် KBC စခန်းမှာ အိမ်ထောင်စု(၃၈)စု လူဦးရေ (၁၄၇)ဦး၊ လီဆူတွေအတွက်လီဆူစခန်းမှာ အိမ်ထောင်စု(၂၉)စု လူဦးရေ(၁၅၁)ဦး၊ ရှမ်းတွေအတွက် ကြူဆော့စခန်းမှာ အိမ်ထောင်စု (၆၀) လူဦးရေ (၂၇၁)ဦး နဲ့ ပလောင်တွေအတွက် ပန်သပြေစခန်းမှာ
လူဦးရေ ၁၀၀ တို့ ရှိနေပါတယ်။

ရှမ်းလူမျိုးစစ်ဘေးရှောင်တွေနေထိုင်ရာ နမ္မတူမြို့ ကြူဆော့စခန်းအားတွေ့ရစဉ်

ကွဲပြားမှုကြားက ခံစားချက်တူ စစ်နွံ နစ်နေသူ စစ်ရှောင်များ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့က စစ်ရှောင်စခန်းတွေမှာနေနေရတဲ့ ကချင်၊ လီဆူ၊ရှမ်းနဲ့ တအာင်းတိုင်းရင်းသား ၇၀၀ နီးပါးဟာ ခြောက်နှစ်ကျော်ပြီဖြစ်ပေမယ့်နေအိမ်မပြန်နိုင်သေးဘဲ ဖြစ်နေရပါတယ်။

၎င်းတို့ရဲ့ အကြီးဆုံးမျှော်လင့်ချက်ဟာ စားဝတ်နေရေးပြေလည်ဖို့ တောင်ယာလုပ်ပိုင်ခွင့်နဲ့၎င်းတို့ မူလအိမ်ယာနဲ့ တောင်ယာတွေ မဆုံးရှုံးရေးပင်ဖြစ်ပါတယ်။

 

 

၂၀၁၂ ခုနှစ်အတွင်းက နမ္မတူမြို့နယ်နဲ့ မန်တုံမြို့အကြား မန်စံရွာမှာ ဖြစ်ခဲ့တဲ့ တပ်မတော်နဲ့ကချင်လွတ်မြောက် ရေး တပ်ဖွဲ့(KIA)တို့အကြား တိုက်ပွဲတွေကြောင့် ကချင်တွေဟာမန်တုံမြို့ကချင် ဘုရားကျောင်းဝန်းတွင် စတင်ခိုလှုံခဲ့ရပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ
KBC စစ်ရှောင် စခန်းသို့ ပြောင်းရွှေ့လာကြတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ(၁၃)ရက်မှာ နမ္မတူမြို့နယ် ပန်ကန်းကျေးရွာမှာ တပ်မတော် နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တိုက်ပွဲနဲ့ ၂၀၁၅ ခုနှစ်အတွင်းက ၎င်းတို့ရွာအနီးမှာ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် တအာင်းတိုင်းရင်းသား ၁၀၀ ကျော်ဟာ ပန်သပြေရွာသို့
လာရောက် ခိုလှုံနေခဲ့ရပါတယ်။

ဒါပြင် ကြူဆော့စစ်ရှောင်စခန်းမှာတော့ RCSS/SSA နဲ့ TNLA တို့ တိုက်ပွဲတွေကြောင့်၂၀၁၇ ခုနှစ် ဖဖော်ဝါရီ ၁၀ရက်နေ့မှာ ကြူဆော့စခန်းကိုပြောင်းရွှေ့လာကြတာဖြစ်ပါတယ်။ ဒီစခန်းမှာ ရှမ်းရွာ ၉ ရွာက ဒေသခံတွေ ရှိနေပါတယ်။လီဆူတိုင်းရင်းသားတွေကတော့ ၂၀၁၆ခုနှစ်ဇူလိုင်လအတွင်းက RCSS/SSA နဲ့ TNLA တို့တိုက်ပွဲတွေကြောင့် လီဆူကုန်းရပ်ကွက် စစ်ရှောင်စခန်းမှာ ခိုလှုံခဲ့ရတာဖြစ်ပါတယ်။
တိမ်းရှောင်လာသူတွေအထဲ မိသားစုစားဝတ်နေရေးအတွက် လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေက တခြားမြို့တွေမှာ အလုပ်လုပ်နေကြရပြီး တချို့ကတော့ တရုတ်နိုင်ငံကိုသွားရောက် အလုပ်လုပ်နေကြပါတယ်။

ဒါပြင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှာ နမ္မတူမြို့နယ် မန်ဝါရွာနားမှာ RCSS/SSA နဲ့ SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် မန်ဝါရွာသားတွေဟာ နမ္မတူမြို့ ပုတ်ပါရုံဘုန်းတော်ကြီးကျောင်းမှာ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ လာရောက်ခိုလုံကြပါတယ်။ မန်ဝါစစ်ဘေးရှောင်တွေဟာ အိမ်ခြေ (၂၁)အိမ် နဲ့ လူဦးရေ(၆၈)ယောက်ထွက်ပြေးလာကြတာပါ။ သူတို့ဟာ ၂၀၁၉ ဇန်နဝါရီလ (၂)ရက်မှာ တိုက်ပွဲဖြစ်လို့ ပုတ်ပါရုံဘုန်းတော်ကြီးကျောင်းမှာ လာခိုလုံခဲ့ဖူးတယ်။ နယ်မြေအေးချမ်းတယ်ဆိုလို့ ဇန်နဝါရီ(၁၆)ရက်မှာ ရွာကိုပြန်သွားပြီး အခု ထပ်မံထွက်ပြေးလာကြခြင်းဖြစ်တယ်။

KBC စခန်းတာဝန်ခံ ဒေါ်ရွယ်ဆန်းက “ကျမတို့စွန့်ခွာလာတဲ့ရွာက စခန်းနဲ့ဆို အသွားအပြန်ကားခ လေးသောင်းလောက်ကုန်တော့ တောင်ယာသွားမလုပ်နိုင်ဘူး။ လမ်းကကြမ်းတယ်။ခြေလျင်လျှောက်ဖို့ကြ တော့ မိုင်းအန္တရာယ်လည်းရှိတယ်။ ဒါကြောင့် ဒီနှစ်မှာဆို
ကိုယ်ပိုင်လုပ်ငန်းလုပ်ပြီးဝမ်းစာရှာဖွေနိုင်ဖို့အရင်းအနှီးအထောက်အပံ့တွေလိုတယ်”လို့ပြောပါတယ်။

ဒီစခန်းတွေထဲက ကလေးငယ်တွေ ပညာဆက်သင်ရေးနဲ့ လက်မှုပညာတွေ တက်မြောက်သင်ယူလိုကြတယ်လို့လည်း ဆိုပါတယ်။

ကျန်းမာရေးအတွက်တော့ စခန်းကနေ ၁၅ မိနစ်ခန့်သွားရတဲ့ နမ္မတူမြို့နယ်ဆေးရုံကိုသွားရောက်ကုသရတယ်လို့ ဆိုပါတယ်။

ကြူဆော့ရွာရှမ်းစခန်းမှာ KG ကနေ ဆယ်တန်းထိ ကျောင်းသူ၊ ကျောင်းသား ၇၄ယောက်ရှိပြီးKBC စခန်းမှာ ကျောင်းသူ၊သား ၆၃ ဦးနဲ့ လီဆူစခန်းမှာ ကျောင်းသူ၊သား ၄၅ ဦးပညာသင်နေကြပါတယ်။ စခန်းတွေနဲမနီးမဝေးက ကျေင်းတွေကို သွားတက်ရတာဖြစ်ပါတယ်။
စစ်ရှောင်သူတွေဟာ ကိုယ့်အိမ်ကိုယ့်ယာမှာပြန်လည်နေထိုင်နိုင်ဖို့ကတော့လက်နက်ကိုင်ပဋိပက္ခရှိနေသေးတာမို့ မပြန်နိုင်ဘဲ ဖြစ်နေပါတယ်။ဒီလိုအချိန်မှာ အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ မြေလွတ်၊မြေလပ်၊ မြေရိုင်းဥပဒေအရမြေယာမူဝါဒတွေ ပြောင်းလဲလာ တဲ့အတွက် ၎င်းတို့ရဲ့ မူလ တောင်ယာတွေနဲ့ အိမ်ယာတွေဆုံးရှုံးရမှာကိုလည်း စိုးရိမ်လျှက်ရှိတယ်လို့ KBC စခန်းတာဝန်ခံ ဒေါ်ရွယ်ဆန်းက ပြောပါတယ်။

“လုံခြုံရေး ပေးနိုင်မယ်ဆိုရင်တော့ ပြန်ချင်ကြတယ်။ NGO တွေ၊အရပ်ဘက်အဖွဲ့တွေက ရွာမှာရေကန်ဆောက်ပေးမယ်ပြောပေမယ့် လုံခြုံရေးအတွက် ဘယ်သူမှ အာမခံချက်မပေးနိုင်ဘူး။စိတ်ပိုင်းရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတကယ်ရှိရင် ဘယ်ချိန်မဆိုပြန်ချင်တယ်။ အခု ကျွန်မတို့တောင်ယာတွေကို မလုပ်ကိုင်တဲ့အတွက် မြေလွတ်လို့သတ်မှတ်ထားလာတယ်ဆိုတော့ ကျွန်မတို့လည်း
ဝေခွဲမရဖြစ်နေတယ်။ကျွန်မတို့တွေက မိရိုးဖလာလုပ်လာတာဆိုတော့ အစိုးရဆီမှာ (မြေ)ဂရမ်လည်း မလုပ်ထားဘူးလေ’’ဟု ဒေါ်ရွယ်ဆန်းက ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်