ချင်း(၅၃)မျိုးပြင်ဆင်ဘာပြဿနာတွေကြုံနိုင်လဲ၊ ဘယ်လိုပြင်ရမလဲ

ချင်း(၅၃)မျိုးပြင်ဆင်ဘာပြဿနာတွေကြုံနိုင်လဲ၊ ဘယ်လိုပြင်ရမလဲ

Ro Sang

ယနေ့(စက်တင်ဘာ ၁၀ရက်)ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးပူဂင်ကမ်းလျန်က “မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ချင်းပြည်နယ်တစ်ခုတည်း၌ တိုင်းရင်းသားလူမျိုး (၅၃)မျိုးဟု ဖော်ပြထားခြင်းကို မြေပြင်ကွင်းဆင်း စိစစ်၍ ပြန်လည်သုံးသပ်ရန် အစီအစဉ် ရှိ/မရှိ”ဆိုသောမေးခွန်းကိုမေးမြန်းထားပါသည်။

ပူဂင်ကမ်းလျန်က အောက်ပါအကြောင်းပြချက်များဖြင့် ရှင်းလင်းဖော်ပြပေသည်။
🔸 ချင်း ၅၃ မျိုး စာရင်းမှားယွင်းကြောင်း
🔸 ၄၃၁ နာဂက သီးသန့်ဖြစ်ပြီဖြစ်ကြောင်း
🔸 ၄၀၂ မေသေ (ခ)ကသည်းလူမျိုးများမှာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကလူတွေဖြစ်ကြောင်း
🔸 ဇိုမီးက ၁/၄ ရှိပေမဲ့ ၅၃ မျိုးစာရင်းမှာ မပါဘူး
🔸 ကသည်းတွေက ဘင်္ဂလီလိုဖြစ်လာမည်
🔸 ၅၃ မျိုးကိုမပြင်နိုင်ဘူးဆိုလျှင် ချင်းပြည်တွင်ကြီးမားသောအန္တရာယ်ကျနိုင်မည်။(Zalen)

ကသည်းအရေးပြဿနာဖြစ်လာနိုင်သလား

❎မဖြစ်နိုင်ပါ။
❎လုံးဝမဖြစ်နိုင်ပါဟုသာ ဆိုချင်ပါသည်
ပူဂင်ကမ်းလျန် ဖောြ်ပသော ချင်း(၅၃)မျိုးပါ မေထေး(ကသည်း) လူမျိုးများသည် မဏိပူရဖက်မှလူမျိုးများကိုဆိုလိုခြင်းမဟုတ်ဘဲ {မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ မြစ်သား} အရပ်များတွင် ရှေးကတည်းက နေထိုင်လျက်ရှိသော မေထး(ကသည်း)များဖြစ်လေသည်။

ချင်းအုပ်စုအတွင်း ကသည်းနှင့်နာဂမျိုးနွယ်များပါဝင်ရခြင်းမှာ ရှေးဟောင်းမြန်မာသမိုင်းနှင့် မြန်မာတို့၏ ၁၀၁ ပါးလူမျိုးအမြင်ကြောင့်ဖြစ်သည်ဟုယူဆရပါသည်။ အနောက်ဖက်တောင်တန်းနေ တိုင်းရင်းသားများအားလုံးအား (ခိရဋတိုင်း) ချင်းအမည်ဖြင့်ခြုံကာခေါ်သောကြောင့် ယခင်ကတည်းက ကသည်းချင်း၊ နာဂချင်း၊ ချင်းယဉ်၊ ချင်းရိုင်း၊ ချင်းလင်း စသည်ဖြင့် အမည်ပေါက်သည်။

၂၀၁၅ ခန့်က ချင်းမျိုးနွယ်စုအတွင်းမှ ကသည်းအမည်ကို ဖျက်လိုသူများရှိဖူးသော်လည်း ထိုသို့ ဖျက်ပါက မန္တလေးတိုင်းအတွင်းရှိလူနည်းစု ကသည်းများ နိုင်ငံသားဖြစ်ခြင်းအတွက် ထိခိုက်မည်ကို မြင်မိသောကြောင့် မဖျက်ရန်အဆိုပြုရဖူးလေသည်။

တွန်းဇံနယ်နှင့် တမူးနယ်များမှ ကိုယ်စားလှယ်များက မြန်မာဖက်သို့ ခိုးဝင်အောင်းလာသော ကသည်းတော်လှန်ရေးသမားများ၊ မှောင်ခိုများအား စိုးရွံ့သောကြောင့် အပြင်းအထန်ကန့်ကွက်လေသည်။ ထိုသူများ၏ အန္တရာယ်ကိုကြောက်ရွံ့ခြင်းဖြစ်လေသည်။

ဖြစ်မလာနိုင်သောအကြောင်းများ

(၁) မြန်မာနိုင်ငံ၏ ၁၉၈၂ နိုင်ငံသားဥပဒေသည် အခိုင်အခန့်ရှိသောကြောင့် အိန္ဒိယနိုင်ငံဖက်မှ မည်သည့် ကသည်းမျှ အလုံးအရင်းလိုက် ဝင်ရောက်မည်မဟုတ်ချေ။ လူမျိုးစု လက်နက်ကိုင်များ လှုပ်ရှားမှုကြောင် အိန္ဒိယ-မြန်မာနယ်နိမိတ်စည်းရိုးကိုပင် သူတို့ဖက်မှပင် ခတ်ရပေသည်။

(၂) ကသည်းလူမျိုးအထုအထည်မှာ အင်ဖာလ် လွင်ပြင်တွင်သာနေထိုင်သည်။ ပတ်ပတ်လည်တောင်တန်းလျောက်တွင် ထာဒို-ကူကီး၊ ဇိုမီး၊ နာဂများက ဝန်းရံနေသောကြောင့် မြေပြန့် ကသည်းများ တောင်တန်းတွင်နေထိုင်ရန်သော်လည်းကောင်း၊မြေဝယ် ရန်သော်လည်းကောင်း ခက်ခဲပေသည်။ ကသည်းများက ကဘော်ဒသသို့ အလုံးအရင်း ပြောင်းရွှေ့ရန်အကြောင်းမရှိပေ။ အနည်းအကျဉ်းသောသူများသာရှိပေသည်။ အမျိုးသားရေးအဆင့်မဟုတ်ပေ။ ထိုထက် အောက်သားများအား ရွာတည်ပေးကာ အင်အားဖြည့်ခြင်းက ပိုအရေးကြီးလေသည်မဟုတ်လော။

(၃) ခိုးဝင်လာသော အနည်းအကျဉ်းမှာ ပြဿနာမဟုတ်လောက်ပေ။ မြန်မာ့ လဝက နှင့် ကာကွယ်ရေးအပြည့်ရှိသော စစ်ကိုင်းတိုင်းအနောက်ပိုင်းတွင် လက်လွတ်စပယ်မဖြစ်နိုင်ပေ။ အချိန်မရွေးကိုင်တွယ်နိုင်သော အနေအထားတွင်ရှိပေသည်။ နယ်စပ်စောင့်တပ်များလည်းရှိပေသည်။

(၄) တွန်းဇံ၊ တမူးနယ်များတွင် ဝင်ရောက် ချယ်လှယ်သူများမှာ အမှန်က လူမျိုးတူ၊ ဘာသာစကားတူ အိန္ဒိယဖက်မှ ထာဒို-ကူကီးနွယ်များ၊ ဇိုမီးနွယ်များသာဖြစ်ပေသည်။ ထိုသူများပင်လျှင် အမှန်က နိုင်ငံသားဖြစ်ခွင့်မရကြပေ။

ချင်းလူမျိုးတိုင်း နှစ်နိုင်ငံတွင် လူမျိုးအမည်တူများရှိကြောင်း မမေ့သင့်ပေ။ ထာဒို-ကူကီး၊ ဇိုမီး၊ မီဇိုး(လူရှိုင်း)၊ လိုင်မီး၊ မရာ တောက်လျောက်ရှိပေသည်။ မြန်မာနိုင်ငံသားဖြစ်ချင်တိုင်းမဖြစ်ရပါ။

ဆိုရသော် ချင်း (၅၃) မျိုးစာရင်းတွင် လူရှိုင်းမျိုးနွယ်ပါသောကြောင့် အိန္ဒိယ လူရှိုင်း ၈ သိန်းခန့် မြန်မာနိုင်ငံသားဖြစ်၍မရပါ။ အိန္ဒိယ နာဂ ၁၀ သိန်းကျော် နာမည်တူသောကြောင့် မြန်မာနာဂ မဖြစ်နိုင်ပါ။

(၅) ကသည်းနှင့် ဘင်္ဂလီကိစ္စလည်းမတူညီပါ။ အကြောင်းမှာ ဘင်္ဂလီပြဿနာသည် သမိုင်းနှင့် ချီကာရှုပ်ထွေးသောပြဿနာဖြစ်သည်။ ၎င်းတို့မှာ ပြည်တွင်း၌ သန်းချီသောလူဦးရေရှိပြီး အမျိုးတူ သန်းပေါင်း (၁၆၄) ကျော်သော ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၏ ပယောဂမကင်းကြောင်းလည်းယူဆရသည်။ ကသည်းတို့မှာ ထိုကဲ့သို့မဟုတ်ပေ။ လူဦးရေ ၁၂ သိန်းကျော်သာရှိသောကသည်းမှာ မီဇိုရမ်၊ ချင်းပြည်၊ မဏိပူရရှိ ချင်းအနွယ်အားလုံးထက်ပင် နည်းပေသည်။

ကသည္းလူမ်ဳိး လံုမမ်ား

လိုအပ်သောဖြေရှင်းမှု

နယ်စပ်အရေးဖြေရှင်းရန် (နစက) ရှိလေသည်။ (လဝက) လည်းရှိသည်။ မှုခင်းများအတွက် (ရဲ) ရှိသည်။ ကာကွယ်ရေးအတွက် (တပ်မတော်)ရှိလေသည်။ တရားဥပဒေစိုးမိုးမှုသာရှိပါက ဒေသခံများ စိုးရွံ့သောမူးယစ်ဆေးဝါးမှောင်ခိုကိစ္စများ၊ ခိုဝင်သူများအရေးများ၊ စိုက်ပျိုးရေးသမားများအရေးကို ကောင်းစွာ ကိုင်တွယ်နိုင်ပေလိမ့်မည်။

အဘယ့်ကြောင့်ချင်း(၅၃)မျိုး စာရင်းအားပြင်ဆင်လို သနည်း

ပူဂင်ကမ်းလျန် တင်ပြရာတွင် မှန်ကန်သည့်အချက်တစ်ခုမှာ ချင်း ၅၃ မျိုးစာရင်းသည် မြေပြင်သုတေသနလုပ်ပြီး သတ်မှတ်ထားခြင်းမဟုတ်သည့်အပြင် ရှေးခေတ်နောက်ကျပြီဖြစ်သောအမည်များအား အမှားမှားအယွင်းယွင်းဖော်ပြထားသည့်အတွက် ချင်းလူမျိုးများအကြား ရှုပ်ထွေးမှုတွေဖြစ်ပွားရပါသည်။
ထို့နောက် CNACC ချင်းအမျိုးသားသန်ခေါင်စာရင်းဆိုင်ရာ အထောက်အကူပြုကော်မတီက ၂၀၁၄ မှ ၂၀၁၇ အထိ တောက်လျောက်လေ့လာကြိုးပမ်းခဲ့သောခရီးတလျောက်တွင် အချက်နှစ်ချက်အားတွေ့ ရပါသည်။

(၁) ချင်း ၅၃ မျိုးစာရင်းကို ပြင်ဆင်ဖြည့်စွက်လိုခြင်း
(၂) အုပ်စုကြီးအမည်များတည်ဆောက်ခြင်း

ထို့ကြောင့် ၂၀၁၃ ခု ဒုတိယအကြိမ် ချင်းအမျိုးသားညီလာခံတွင် ထို ချင်းအမျိုးသား ၅၃ မျိုးကိစ္စအား အကြိတ်အနယ်ဆွေးနွေးကြရာ ပြင်လည်းခက်၊ အုပ်စုဖွဲ့ရန်လည်းခက်သောကြောင့် “ချင်း” အမည်ကိုသာ အသုံးပြုရန်သဘောတူခဲ့ကြ ပေသည်။ကျန်မျိုးနွယ်အမည်၊ အုပ်စုအမည်များအားလည်း လိုအပ်သောနေရာတွင် အသုံးပြုရန်သဘောတူကြပေသည်။

ပြင်ဆင်လျှင် ကြုံရမည့်ရလာဒ်

ချင်း ၅၃ မျိုးစာရင်းအား ပြင်ဆင်ရန်ကြိုးစားရာတွင် စာလုံးအမှန်ပြင်ခြင်း၊ နေရာအမည်များဖယ်ခြင်းများပြုလုပ်ခြင်းများ၊ မျိုးနွယ်စုများကို အဆင့်ညှိခြင်းများကိုဆောင်ရွက်ကြည့်ခဲ့ကြပါသည်။

🔺ပထမကြုံတွေ့ရသည်မှာ ချင်း(၅၃)မျိုးကိုပြင်ဆင်ခွင့်ရသည်နှင့်တပြိုင်နက် ဖြည့်စွက်လိုသော ချင်းအနွယ်များ ဆယ်ဂဏန်းမျှပေါ်ပေါက်လာပေသည်။ မျိုးနွယ်တစ်ခုတွင်း၌ပင် အစိတ်စိတ်အမွှာမွှာဖြစ်လာသည်။ ချင်းမျိုးနွယ် ရာဂဏန်းဖြစ်လာသည်။

🔺ဒုတိယအနေဖြင့် အုပ်စုကြီးများ(Zomi,Laimi, Cho,Khumi,Asho) စုလိုက်သောအခါ အုပ်စုအတွင်း မညီညွတ်မှုနှင့် မကျေနပ်မှုများပေါ်ပေါက်လာသည်။ ထို့အပြင် အုပ်စုအမည်ကို သုံးကာ ချင်းအတွင်းမှ ခွဲထွက်လိုသောသဘောများကို ဖော်ပြလာသည်။ အချို့ကအုပ်စုင်မျိုးနွယ်ငယ်များကို ဝါးမျိုလိုသောသဘောရှိသည်။

🔺တတိယမှာ သန်းခေါင်စာရင်းအပေါ်အမြတ်ထုတ်လိုခြင်းကိုတွေ့ရသည်။ ၂၀၀၈ ခြေ၊ဥ တွင် လူဦးရေအသင့်အတင့်ရှိသောတိုင်းရင်းသားများအား ရေးရာဝန်ကြီးပေးခြင်း၊ကိုယ်ပိုင်အုပ်ချုပ်ရေးပေးခြင်း(ဥပမာ-နာဂ) များရှိပါသည်။ ထိုအခွင့်အရေးအား လိုချင်သောကြောင့် ကူကီးလှုပ်ရှားမှု၊ ဇိုမီးလှုပ်ရှားမှု၊ ခူမီးလှုပ်ရှားမှုများဖြစ်ထွန်းလာခြင်းဖြစ်သည်။

ကသည္းလံုမငယ္မ်ား

ဇိုမီးတို့၏နိုင်ငံရေးပန်းတိုင်

ထို့ကြောင့် ပူဂင်ကမ်းလျန်က
💥”နာဂ”ခွဲထုတ်ခြင်းကိုသက်သေထူပြသည်။(ပြောင်းလို့ရသည်ဆိုသည့်အချက်။ ပြောင်းလဲပြင်ဆင်လို့မရပါဆိုပါက ရှေ့နောက်မညီသောလုပ်ဆောင်ချက်ဖြစ်ကြောင်းပြ)။💥ကသည်းကိစ္စရှေ့တန်းတင်ကာ ကြောက်စရာကောင်းကြောင်းဗန်းပြလာသည်။
💥နောက်ဆုံးတွင် ဇိုမီးလူဦးရေများကြောင်း ဖော်ပြပြီး ဇိုမီးတိုင်းရင်းသားဖြစ်ခွင့်သီးသန့် တောင်းဆိုပေသည်။
♻အဓိက ရည်ရွယ်ချက်ဖြစ်သော ဇိုမီးအမည်ပြင်ဆင်နိုင်ရေးမှာ တိုင်းရင်းသားဝန်ကြီးရရှိရေး(သို့မဟုတ်) ကိုယ်ပိုင် အထူးဒေသရရှိရေးပင်ဖြစ်သည်။
ချင်းတစ်မျိုးသားလုံးကို ဦးဆောင်ရမည့်မျိုးနွယ်ကြီးက မိမိအကျိုးသာရှေ့ရှုနေခြင်းပေတည်း။

ချင်းအုပ်စုအတွက်အကောင်းဆုံးအဖြေ

🔯”နာဂ” ဆိုရာတွင် နာဂတစ်မျိုးတည်းသာဖော်ပြပါသည်။ စကားမတူညီသော “နာဂ” များရှိသည်။ အမည်သတ်မှတ်မူကွဲလွဲသော “နာဂ” များရှိသည်။ သို့သော် အမျိုးသားအမည် “နာဂ”အား ဘုံထိန်းသိမ်းထားနိုင်သောကြောင့် နိုင်ငံရေးအမျိုးသားရေးတွင် အကျိုးအမြတ်ရရှိလေသည်။ နာဂ သည် ချင်းအတွက် အကောင်းဆုံးနမူနာပေတည်း။

🔯ချင်းသည်လည်း ချင်းတစ်မျိုးဟုသာ သန်းခေါင်စာရင်းဌာနမှ ကောက်ခံလျှင် ယခုရှုပ်ထွေးမှုများရှိမည်မဟုတ်ပေ။ ချင်း၅၃ မျိုးစာရင်းသည် မိမိ မျိုးနွယ်စုများအတွင်း၊ မိသားစုအသုံးပြုခြင်း၌သာထားရှိသင့်သည်။ ဘာသာစကားကွဲပြားမှု၌သာရှိသည်။

🔯မှတ်ပုံတင်တစ်မျိုးသာရှိသည်ကို အတည်ယူသင့်သည်။လူမျိုးရပ်တည်မှု Identity တွင်တစ်မျိုးတည်းဖြစ်လေသည်။ မှတ်ပုံတင်ကို စစ်ကြည့်ပါလျှင် “ချင်း”တစ်မျိုးသာရှိပေသည်။ ဇိုမီးများ၏မှတ်ပုံတင်လည်း ချင်း၊ ကူကီးများ၏ မှတ်ပုံတင်တွင်လည်း ချင်း၊ အရှိုများ၏မှတ်ပုံတင်တွင်လည်း ချင်းသာဖြစ်သည်။ အနည်းငယ်သော ခူမီးများသာ ခူမီး၊ ခမီ အဖြစ် ထည့်သွင်းလေသည်။ ၎င်းမှာလည်း မသိနားမလည်သော ဝန်ထမ်းများက လုပ်ဆောင်ခြင်းသာဖြစ်ပေသည်။

အကြံပြုချက်

နောက်နောင် သန်းခေါင်စာရင်းကောက်ခံပါက ချင်းလူမျိုး (၅၃) မျိုး အမည်ပေါက်ဖြင့်ဆက်လက် ကောက်ခံပါက မဆုံးနိုင်သော ပြဿနာကို သယ်ဆောင်နေပေလိမ့်မည်။ (၅၃) မျိုးအား ပြင်ဆင်သည်ဖြစ်စေ၊ အသိအမှတ်ပြုသည်ဖြစ်စေ၊ ၎င်းမှာ အဖြေမဟုတ်ပေ။

အကောင်းဆုံးအဖြေမှာ ချင်းမှတ်ပုံတင်ကိုင်ဆောင်သောသူများအားလုံး၊ ချင်းအမည်အောက်မှ အနွယ်အမည်များအားလုံးအား ချင်းအမည်ဖြင့် သန်ခေါင်စာရင်းကောက်ခံပါက အကောင်းဆုံးဖြစ်ပေတော့သည်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်