ခြောက်လအတွင်း စီးပွားရေးတိုးတက်အောင်လုပ်မယ်ဆိုတဲ့ စကစကြွေးကြော်မှု တကယ်ဖြစ်နိုင်လာ

ကိုဗန်(တောင်ပေါ်မြေ)

စစ်ကောင်စီအုပ်စုကတော့ သူတို့ရဲ့ အာဏာသိမ်းမှုသက်တမ်းကို နောက်ထပ်(၆)လ တိုးတဲ့အပြင် တစ်နှစ်ခွဲကျော် ကာလအတွင်း ကျဆင်းသွားတဲ့ မြန်မာ့စီးပွားရေးကို လာမယ့် ခြောက်လအတွင်း တိုးတက်အောင် လုပ်မယ် လို့ ကြွေးကြော်ခဲ့တယ်။

ဘာတွေ လုပ်လဲ ကြည့်လိုက်တော့ ရုရှားကို ခယပြီး စီးပွားရေး ပူးပေါင်းဖို့ ပြောဆိုတာတွေ နဲ့ ငွေစက္ကူ ကျပ်ဘီလီယံ(၄၀၀) ရိုက်ထုတ်ပြီး အသီးသီးခွဲဝေရယူနေကြတာပဲ တွေ့ရပါတယ်။ စီးပွားရေးမျှော်မှန်းချက်‌တွေ ပီပီပြင်ပြင် မရှိလှသလို ၂၀၂၁ခုနှစ်အတွင်း နိုင်ငံစီးပွားရေး အနှုတ်(၁၈)ရာခိုင်နှုန်း ရောက်အောင် ဖန်တီးခဲ့တဲ့ ဆိုးကျိုးကို မြန်မာပြည်သူ‌ တွေဟာ လာမယ့် ၂၀၂၅ ခုနှစ်အထိ ကျောကော့အောင် ခံရမယ် လို့ ဆိုနေချိန်မှာ စစ်ကောင်စီကတော့ အကောင်းမြင်နေတာပါ။

၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကာလအတွင်းမှာတောင် စီးပွားရေးခြေလှမ်းအသစ်တွေ တိုးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးပြီး ငွေလည်ပတ်မှု အားကောင်းခဲ့သေးပေမယ့် စစ်ကောင်စီကတော့ တစ်နှစ်ခွဲကျော်အတွင်း မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ် တစ်ခုကျော် တည်ဆောက်ခဲ့တဲ့ နိုင်ငံစီးပွားရေးကို ရိုက်ချိုးပစ်ခဲ့တာပဲ။

ဒီလို အောက်ဆုံးထိ ရောက်အောင် ဖန်တီးခဲ့ကြတဲ့ အာဏာသိမ်းစစ်ကောင်စီ အုပ်စုဟာ နိုင်ငံစီးပွားရေးကို တိုးတက်အောင်ဖန်တီးမယ် လို့ ပြောနေတာဟာ ယုံစရာ မရှိ ဖြစ်နေတာပါ။ စစ်ကောင်စီအုပ်စုဟာ အာဏာသိမ်းပြီးချိန်ကစလို့ ရုရှားကိုသာ ဖက်လှယ်တကင်း ပြုလုပ်နေပြီး နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအထိ မှီခိုဖို့ ကြိုးစားနေတာကတော့ အသိသာ ထင်ရှားဆုံးပါ။

တချိန်လုံး ထောက်ပံကူညီ၊ရင်းနှီးမြှုပ်နှံမှုတွေ တိုးပြနေတဲ့ တရုတ်တောင် ဒုတိယအဆင့်ရောက်သွားတဲ့ အထိ ခယခဲ့ပေမယ့် လက်ရှိအခြေအနေထိ ရုရှားဆီက ဘာမှ မရောက်လာသေးတာ တွေ့ရတယ်။

ရုရှားကတော့ မြန်မာဟာ သူတို့အတွက် လက်နက်ဝယ်ပေးနေတဲ့ မဟာမိက်အဖြစ် သတ်မှတ်ထားတာကလွဲပြီး တခြား ပါဝင်ပါက်သက်မှုတွေ မရှိသလောက် နည်းပေမယ့် စစ်ကောင်စီကတော့ ရုရှားအားနဲ့ သံမဏီစက်ရုံ၊လျှပ်စစ်ရထား၊ကားတွေ၊ရင်းနှီးမြှုပ်နှံမှုတွေ၊ခရီးသွားကဏ္ဍတွေ အထိ ပေါင်းပြီး ဖန်တီးနိုင်ဖို့ ကြိုးစားနေကြတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံတွေက ဒါဏ်ခတ်အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ကြတာမို့ စစ်ကောင်စီဟာ ရုရှားဘက်ကို ပိုယိမ်းသွားတာလို့တောင် တရုတ်က စွပ်စွဲထားပါသေးတယ်။

297339852_1462005950941781_8849927660449323345_n

သို့သော် သေချာတာကတော့ ရုရှားဟာ တရုတ်လောက်တောင် စစ်ကောင်စီရဲ့ စီးပွားရေးမျော်မှန်းချက်ကို ဖြည့်ပေးနိုင်ဖွယ် ရှိမနေတာ တွေ့ရတယ်။ ရုရှားက မြန်မာကို ဆက်ဆံရေးတိုးမြင့်နေရခြင်း အကြောင်းတခုက စစ်လက်နက်ရောင်းဝယ်ရေးအပြင် ဉရောပက ပိတ်ဆို့အရေးယူမှုကြောင့် သူ့နိုင်ငံ အဓိက ထွက်ကုန်ဖြစ်တဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ဈေးကွက် ရှာဖွေနိုင်ရေးပဲ ဖြစ်ပါတယ်။ ဒီအတွက် ရုရှားဆီက လောင်စာဆီတွေကို ဝယ်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ကြွေးကြော်ထားပြီး ရုရှားရဲ့ ဘဏ် ငွေကြေး စနစ်နဲ့ ပူးပေါင်းမယ် လို့တောင် ဆိုပါတယ်။

ဒါကလည်း ယခင် စင်္ကာပူနဲ့ မလေးရှားတို့ကနေ တင်သွင်းနေတဲ့ လောင်စာဆီဈေးနှုန်းထက် ကိုက်ပါမလားဆိုတာ မေးခွန်း ဖြစ်နေသလို ၂၀၂၂ခုနှစ် ဩဂုက်လကုန်ပိုင်းမှာ စက်သုံးဆီဈေးတွေ တရိပ်ရိပ်တက်ပြနေတာပါ။

နိုင်ငံရဲ့ အဓိက သုံးကုန်ဖြစ်တဲ့ စက်သုံးဆီဈေးတွေ တရိပ်ရိပ်တက်နေတာဟာ နိုင်ငံစီးပွားရေးတိုးတက်စေမယ့် အခြေအနေ ဟုတ်မနေတာတော့ သေချာပါတယ်။ စစ်ကောင်စီဟာ ရုရှားနဲ့ ပူးပေါင်းပြီး ခရီးသွားလာရေးကို မြင့်တင်မယ် ပြောဆိုနေပေမယ့် ရုရှားက ခရီးသွားတွေ မြန်မာကို လာရောက်ဖို့ဆိုတာ ဘာနဲ့ ဆွဲဆောင်မှာလဲ ဆိုတာပါပဲ။ တရုတ်ကို ဆွဲဆောင်ရင်တောင် သိန်းကဏန်းအထိ တိုးလာနိုင်ပေမယ့် ရုရှားကနေ မြန်မာကို လာတဲ့ ခရီးသွားအရေအတွက်ဟာ ခရီးသွားကဏ္ဍ အရှိန်အဟုန်ကောင်းတုန်းကတောင် သောင်းကဏန်းမပြည့်ပါ။

ရုရှားဆီက ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ ဆွဲဆောင်နေပေမယ့် ရုရှားကိုယ်တိုင်က ယူကရိန်းကို ကျုးကျော်စစ်ဆင်နွဲနေတာကြောင့် ဘဏ္ဍာရေးအင်အားချိနဲ့နေသလို နိုင်ငံတွင်းက စီးပွားရေးသမား‌ တွေကိုကအစ ကန့်သတ်နေချိန်မှာ ပြည်တွင်းစစ်ဖြစ်နေပြီး တရုတ်ဩဇာလွမ်းမိုးမှုအားကောင်းတဲ့ မြန်မာမှာ လာဖို့က ဖိအားများလွန်းပါတယ်။

ရုရှားဟာ မြန်မာကို စစ်လက်နက်ရယ် ရေနံနဲ့ လောင်စာဆီတို့ကို ရောင်းချဖို့သာ ဦးစားပေးဖြစ်ပြီး မဟာမိတ်ဖွဲ့ထားခြင်းက သူတို့အတွက် ဈေးကွက်ရရှိဖို့အတွက်သာ ဖြစ်တယ်။ မြန်မာကို လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ဆိုတာ သူတို့ အကျိုးအမြတ်ရှိနေမှသာ လာကြမှာပါ။ေ သချာတာကတော့ စစ်ကောင်စီအုပ်စု အာဏာသိမ်းပြီးကာလအတွင်းမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ရုရှားရင်းနှီးမြှုပ်နှံမှုတို့ကို ချိန်ထိုးကြည့်ရင် သိသာပါတယ်။

စစ်ကောင်စီဟာ ငွေစက္ကူအသစ်တွေ အလွန်အကျွံရိုက်ထုတ်ပြီး နိုင်ငံခြားငွေကြေးတွေကို စီးပွားရေးသမားတွေ၊ပြည်သူတွေဆီက လိုက်သိမ်းဆည်းတာတွေ လုပ်တဲ့အတွက်ငွေကြေးလည်ပတ်မှု ကမောက်ကမ ဖြစ်သွားပါတယ်။

အာဏာမသိမ်းမှီကာလတုန်းက အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ကျပ်(၁၃၀၀)ဝန်းကျင်ရှိရာကနေ ယနေ့ကာလမှာတော့ တစ်ဒေါ်လာကို ကျပ်(၂၉၀၀)ဝန်းကျင်အထိ ရောက်ရှိသွားခဲ့ပါတယ်။
စက်သုံးဆီဈေးနှုန်းကလည်း တစ်လီတာကို ကျပ်(၆၀၀)ဝန်းကျင်ရှိရာကနေ ယနေ့ဆို တစ်လီတာကျပ်(၂၄၅၀)ကျော် ရောက်ရှိနေခဲ့တာပါ။ ကုန်ဈေးနှုန်းတွေကလည်း ဆထက်တိုး မြင့်တက်လာခဲ့ပြီး လုပ်ကိုင်မှု အလွဲတွေ၊ပညာရှင်တွေကို ဖယ်ထုက်ပြီး ဖားယားနေသူ‌တွေကို လုပ်ကိုင်ခိုင်းမှု‌တွေကြောင့် စီးပွားရေးကျဆင်းတဲ့အပြင် စီးပွားရေးလည်ပတ်ဖို့ ယန္တရားတွေအကုန် ဖြိုလဲဖျက်ဆီးသွားခဲ့တယ်။
ငွေကြေးလည်ပတ်မှု၊ဘဏ်တွေအပေါ် ယုံကြည်မှု၊ ငွေကြေးဖောင်းပွမှုကို ထိန်းထားမှု၊ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်မှု၊ပြည်တွင်းစီးပွားရေးအားကောင်းအောင် ဖန်တီးမှုနဲ့ ပို့ကုန်အားကောင်းစေတဲ့ အရာတွေ အကုန်လုံးကို တစ်နှစ်ခွဲအတွင်း ဖြိုချခံလိုက်ရတာပါ။

ရောမမြို့ကို တစ်ရက်ထဲနဲ့ အပြီးတည်ဆောက်ခဲ့တာ မဟုတ်သလို မြန်မာစီးပွားရေးကို လည်ပတ်စေတဲ့ ဒေါက်တိုင်တွေကိုလည်း တစ်ရက်၊တစ်နှစ်အတွင်း တည်ဆောက်ခဲ့တာ မဟုက်ပါဘူး။အချိန်တွေ အကြာကြီး တည်ဆောက်ယူခဲ့ရသမျကို အကုန်သုညဘဝ ဖြစ်သွားစေတာပါ။

အကုန် ပြာပုံဘဝရောက်အောင် ဆွဲ‌ချသွားပြီး မြန်မာ့စီးပွားရေးကို တိုးတက်အောင် လုပ်မယ် ဆိုတဲ့ စစ်ကောင်စီ စကားဟာ သုညကနေ (၁)ဖြစ်အောင် ဖန်တီးမှာလား။ နဂိုတုန်းက ရှိရင်းစွဲအခြေအနေမျိုးတောင် မဖြစ်သေးတဲ့ အခြေအနေကို တိုးတက်အောင်လုပ်ပေးတယ် လို့ ဆိုမှာလား မေးစရာပါ။

တချို့ စစ်ကောင်စီထောက်ခံအားပေးသူ‌တွေကလည်း အာဏာမသိမ်းမှီကာလက အခြေအနေကို မယဉ်ပြပဲ သုည ဖြစ်နေတဲ့ အခြေအနေကနေ (၁)ဖြစ်လာတာကို တိုးတက်နေပါတယ် လို့ ပြောဆိုနေကြတာ အံဩစရာပါ။

စစ်ကောင်စီကတော့ ငွေကြေးဖောင်းပွတာကို ဂရုမမှုတဲ့အပြင် ငွေကျပ်ဘီလီယံ(၄၀၀)ကို ရိုက်ထုတ်ကာ ‌ဂုဏ်ယူနေကြတာ တွေ့ရတယ်။ ဩဂုတ်လအတွင်းမှာပဲ ဗဟိုဘဏ် ဉက္ကဌနဲ့ ဒုဉက္ကဌ နှစ်ယောက်ကို ရာထူးကနေ ထုတ်ပယ်လိုက်သလို စီးပွားရေးကဏ္ဍမှာလည်း အပြောင်းအလဲ တချို့ လုပ်ကြတာ ဖော်ပြပေမယ့် လက်တွေ့မြေပြင်မှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားနဲ့ ဆွေမျိုးတစု ကောင်းစားရေး၊ကြီးပွားရေး စီမံကိန်းတွေသာ တွေ့ရတယ်။ တိုင်းပြည်ဘဏ္ဍာကို အမြတ်ထုတ်ကြအုန်းမယ့် လူတစ်စုဟာ ယခင် ၈၈ တုန်းကကော ၂၀၂၁ အာဏာသိမ်းတဲ့ အခြေအနေမှာတောင် တူတူပဲဆိုတာ တွေ့ရတယ်။

၂၀၂၁ခုနှစ်က ကျဆင်းသွားခဲ့တဲ့ စီးပွားရေးအကျိုးဆက်တွေကို ဆက်ခံစားရဖို့ ရှိနေတဲ့ အပြင် နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ စစ်ပွဲတွေကြောင့် အဓိက စီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍတောင် ကျဆင်းသွားပါတယ်။

တောင်သူအများစုဟာ အကြွေးတင်နေကြသလို စိုက်ပျိုးရေးသွင်းအားစုတွေ ဈေးမြင့်တက်တာ၊ဈေးကွက် မရှိတာ၊ ငွေကြေးဖောင်းပွတာ နဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေကြောင့် ပြိုလဲနေကြတာ တွေ့ရပါမယ်။ အများစုဟာ ၂၀၂၃ခုနှစ်မှာ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်း ကျဆင်းသွားမှာဖြစ်တဲ့အပြင် လူတွေ ကုန်ဈေးနှုန်းမြင့်တာကြောင့် သုံးစွဲနိုင်မှုကလည်း ကျဆင်းသွားပါတယ်။

နိုင်ငံစီးပွားရေးတိုးတက်မှု ရှိ၊ မရှိ ဘာနဲ့ တိုင်းမလဲဆိုရင် ပြည်သူတွေ သုံးစွဲနိုင်စွမ်း ရှိ၊ မရှိ တိုင်းတာက အထင်ရှားဆုံးပါ။ ကုန်ဈေးနှုန်းတွေ မြင့်တက်တဲ့အပြင် အလုပ်လက်မဲ့ ဖြစ်တာ ပိုများလာပြီး ဝင်ငွေလျော့ကျလာမှုကလည်း သိသာတဲ့ အခြေအနေပါ။ ထုတ်လုပ်ရေး၊သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ စက်သုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်တာတွေကြောင့်လည်း ကဏ္ဍစုံ ထိခိုက်မှု ရှိလာနေပြီ ဖြစ်တယ်။

မြန်မာဟာ သီရီလင်္ကာအခြေအနေထက်တောင် ဆိုးဝါးတဲ့ စီးပွားရေးကျဆင်းမှုကို ကြုံနေရတာဖြစ်ပြီး တဖြည်းဖြည်း ရွံနွံထဲ နှစ်မြုပ်လာနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ တာဝန်ယူမှု တာဝန်ခံမှု မရှိပဲ ကိုယ့်ကျိုးစီးပွားသာ ရှာဖွေကြတဲ့ စစ်ကောင်စီအုပ်စုရဲ့ အပေါ်ဆုံးကနေ အောက်ခြေထိ လူတွေရဲ့ လုပ်ရပ်ပေါင်းစုံကြောင့်လည်း ပြည်သူတွေ ခါးသီးတဲ့ စီးပွားရေးကျဆင်းဒါဏ်ကို ခံနေရတာပါ။
စစ်ကောင်စီသာ အာဏာမသိမ်းခဲ့ရင် မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကျော်လွန်ပြီးနောက် အဖွံဖြိုးဆုံး၊အတိုးတက်ဆုံး အာရှနိုင်ငံတခု အဖြစ် ပေါ်ထွက်လာမယ် လို့ ခန့်မှန်းထားကြတာ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံ‌တွေကတောင် အားကျရတဲ့ အခြေအနေမှာ ရှိခဲ့တာပါ။

ဒါကို အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်း ပျက်ဆီးသွားသလို လူတွေရဲ့ ဘဝဟာလည်း အနာဂါတ်မဲ့တဲ့ အခြေအနေမျိုး ရောက်ရှိလာနေတာပါ။ ဒီလို အဆိုးရွှားဆုံး အခြေအနေအပြင် အာဆီယံနိုင်ငံတွေထဲမှာတောင် အောက်ဆုံးအဆင့်ထိ ထိုးကျသွားခဲ့တာကို စစ်ကောင်စီအုပ်စုက သူတို့နဲ့ မဆိုင်ဘူးဆိုတဲ့ အကြောင်းပြချက် ပေါင်းစုံ ပေးနေတုန်းပါပဲ။
မည်သို့ဆိုစေ သမိုင်းဆိုးကတော့ တွင်ပြီးရင်း တွင်နေပြီ ဖြစ်ပါတယ်။ သေချာတာ တခုက လက်ရှိ မြန်မာ့စီးပွားရေးကို ဆွဲတင်ဖို့ နည်းလမ်း စစ်ကောင်စီအုပ်စုမှာ မရှိသလို နိုင်ငံအတွက် အလုပ်လုပ်ပေးကြမယ့် ပညာရှင်တွေလည်း မရှိကြပါဘူး။ လာပူးပေါင်းနေသူ အများစုကလည်း ကိုယ်ကောင်းစားရေးနဲ့ ဆွေမျိုးကောင်းစားရေးဝါဒတွေနဲ့ လာကြတာမို့ နိုင်ငံတိုးတက်ရေးထက် သူတို့ အကျိုးတိုးတက်ရေးကိုသာ ဖန်တီးကြတာပါ။
ဆိုတော့ စစ်ကောင်စီရဲ့ ခြောက်လအတွင်း စီးပွားရေးတိုးတက်ဖို့ ဆိုတာ ပြာမှုန်လိုပါပဲ။ အသေချာဆုံးတစ်ခုကတော့ တစ်နှစ်ခွဲကျော် ပျက်ဆီးသွားတဲ့ စီးပွားရေးဆုပ်ကပ်ရဲ့ အဆိုးဝါးဆုံး အခြေအနေကို လာမယ့် ခြောက်လအတွင်း သိသိသာသာ တွေ့မြင်ရဖွယ် ရှိနေတာပါပဲ။
စစ်ကောင်စီအုပ်စုရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ ဒါဏ်ဟာ လာမယ့် ၂၀၂၅ ခုနှစ်အထိ သယ်ဆောင်သွားမှာ ဖြစ်တာ အဲကာလတွေအထိ မြန်မာ့စီးပွားရေးနာလန်ထူဖို့ဆိုတာ မျော်လင့်ချက် ဝေဝါးနေဆဲပဲ ဖြစ်ပါကြောင်း ဆိုပါ‌ရစေတော့။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်