ငွေကြေးဈေးကွက် ဂယက် ဘာကြောင့် ထတာလဲ?

ကိုဗန်(တောင်ပေါ်မြေ)

လက်ရှိကာလအတွင်း မြန်မာ‌ကျပ်ငွေတန်ဖိုးကျဆင်းနေတာဟာ ကြောက်ခမန်းလိလိ ဖြစ်လာနေပါတယ်။
ငွေကြေးဖောင်းပွမှုအပြင် ကျပ်ငွေတန်ဖိုးလျော့ကျလာမှုက ဘဏ္ဍာရေးနဲ့ ငွေကြေးကဏ္ဍအပေါ်မှာ ကြီးမားစွာ အကျိုးသက်ရောက်နေပါတယ်။ စစ်ကောင်စီအုပ်စုဟာ ဘဏ္ဍာရေးလည်ပတ်ဖို့ ကြိုးစားနေပေမယ့်လည်း စီမံခန့်ခွဲမှုအလွဲတွေ၊မလိုအပ်ပဲ အလွန်အကျွံကန့်သတ်ထိန်းချုပ်မှုတွေ၊ဈေးကွက်ထဲက လူတွေကို ဖမ်းဆီးဖို့ ကြိုးစားနေတာတွေဟာ ကျပ်ငွေတန်ဖိုးကို ကျဆင်းလာစေတဲ့ အချက်တွေ ဖြစ်လာပါတယ်။

ငွေစက္ကူ(ကျပ်)အပေါ် ပြည်သူက ယုံကြည်မှု မရှိတာ၊ ဗဟိုဘဏ်ရဲ့ လုပ်ဆောင်နိုင်မှုအပေါ် ယုံကြည်မှု မရှိတာ၊စစ်ကောင်စီအုပ်စုအပေါ် ပြည်သူတွေ မယုံကြည်ကြတာ စတဲ့ အချက်(၃)ခုက အဓိက ကျနေတာပါ။

စစ်ကောင်စီဟာ ကမောက်ကမ ဖြစ်နေတဲ့ စီးပွားရေးနဲ့ ငွေကြေး၊ဘဏ်ကဏ္ဍကို ထိန်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် အမှားတွေ ဆက်တိုက်ကျုးလွန်ခဲ့တာကြောင့် ဈေးကွက်က ပြိုဆင်းသွားခဲ့ပြီး အထိနာခဲ့ကြတာပါ။

အထင်ရှားဆုံး ဉပမာက ၂၀၂၁ခုနှစ်က ဘဏ်တွေမှာ ပြည်သူ‌တွေက ငွေကြေးထုက်ယူမှု အ‌ပေါ် စစ်ကောင်စီရဲ့ ထိန်းချုပ်ဖို့ ကြိုးစားမှု၊ပညာရှင်မဆန်ပဲ အဓမ္မဆန်ဆန်ပြုမှုခဲ့ပြီး ပြည်သူပိုင်ငွေကြေးတွေ ထုတ်မရအောင် ဆောင်ရွက်ခဲ့သလို ယုံလို့ မရဘူးဆိုတဲ့ သတင်းအချက်အလက်ကိုသာ ပေးခဲ့တာပါ။
မနှစ်က ဘဏ်တွေ ပြိုလဲမတတ် ထိခိုက်ခဲ့ရတဲ့ အခြေအနေမျိုးကိုဆို NLD အစိုးရလက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စကားထွက်ပြောရုံနဲ့ ပြီးပါတယ်။ ဘာကြောင့်ဆို ပြည်သူက သူတို့ ရွှေးကောက်တင်မြောက်ထားတဲ့ အစိုးရကို ယုံကြည်ကြတဲ့ အတွက်ကြောင့်ပါ။

မသမာသူ စီးပွားရေးသမားတွေတောင် သမာအာဇီဝကျတဲ့ စီးပွားရေးလောကထဲကို ပြန်ဝင်ကြရတဲ့အထိ ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့တာ စီးပွားရေးသီအို‌ရီတွေ၊ စီမံခန့်ခွဲမှုတွေကြောင့်တင် မဟုတ်ဘူးဆိုတာ စစ်ကောင်စီ သိဖို့ လိုတယ်။ အရာရာကို သေနတ်ပြောင်းထိုးပြီး စေခိုင်းလို့ မရသလို အာဏာနဲ့ ခိုင်းတုန်းတော့ လုပ်ပေးကြမှာ ဖြစ်ပေမယ့် နောက်ကွယ်ရောက်တာနဲ့ ကိုယ်ကျိုးတွက်ပဲ ရုန်းကြမှာက သဘာဝပဲ။

၂၀၂၁ခုနှစ် အာဏာသိမ်းစဉ်ကနေ စလို့ လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ တလွဲအပြုအမှုတွေ၊စီမံခန့်ခွဲမှုအလွဲတွေ၊အထူးသဖြင့် ဗဟိုဘဏ်က လွှတ်လပ်စွာ ရှိနေရမယ့် ဈေးကွက်ကို အတင်းဝင်ထိန်းတဲ့ ကိစ္စတွေ၊ပြည်သူပိုင် နိုင်ငံခြားငွေကြေးတွေကို အတင်းသိမ်းယူတာတွေ၊ ရတာ အကုန်ယူပေမယ့် လိုအပ်ချိန်ကြ ပြန်မပေးနိုင်သလို ပြင်ပငွေဈေးကွက် ကြီးထွားလာအောင် ဖန်တီးမှုတွေက ကျပ်ငွေကို အလိုလို တန်ဖိုးကျသွားစေပါတယ်။

ငွေစက္ကူတန်ဖိုးဆိုတာ စီးပွားရေး၊ပိုင်ဆိုင်မှု၊ဓနဥစ္စာတွေသာမကပဲ နိုင်ငံတခုရဲ့ ပုံရိပ်ကောင်းမှသာ တန်ဖိုးတက်တာပါ။ ဒါကို အတင်းလိုက်ထိန်းချုပ်နေရင် အလိုလို တန်ဖိုးကျသွားမှာ ဖြစ်သလို မင်းမဲ့စရိုက်ဆန်ဆန်အာဏာသိမ်းမှုကလည်း ‌ငွေကြေးတခုရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ အကြောင်းတခုပါပဲ။ စစ်ကောင်စီက မလုပ်ဆောင်နိုင်တဲ့ အချက်တွေ၊အမှားတွေ ဆက်တိုက်ကျုးလွန်လာတော့ ပြည်တွင်းမှာ နိုင်ငံခြားငွေကြေးက ကျုံသွားပြီး ရှားပါးတဲ့ ဒါဏ်ခံလာရတာပဲ။

ဒီလိုမျိုးကို သာမန်ပြည်သူတွေ မသိနိုင်ပါဘူး။ပြည်တွင်းမှာ ငွေကြေးမည်မျှရှိတယ် ၊ဘယ်လောက်ဝင်တယ်၊ဘယ်လောက်ထွက်တယ် ဆိုတာ မြန်မာပြည်သူတွေ သိဖို့ မလွယ်ပါဘူး။သို့သော်လည်း သိနေကြသူတွေ ရှိပြီး သူတို့ကပဲ အချိန်နဲ့ တပြေးညီကစားကြတဲ့အခါ အကျိုးအမြတ်ကြီးထွားလာကြတာပါ။

စစ်ကောင်စီကတော့ ငွေကြေးကစားတာ၊လှုံဆော်တာတွေကြောင့် ငွေလဲလှယ်နှုန်းတွေ တက်တာ လို့ ဆိုနေတယ်။ တကယ်တမ်း ငွေဈေးတွေ တက်နေတာ ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းကပဲ။
မြန်မာမှာ စစ်တပ်က အာဏာအကြိမ်ကြိမ်သိမ်းဖူးပြီး ဘယ်လိုလုပ်တတ်တယ်ဆိုတဲ့ အတွေ့အကြုံ‌တွေက စီးပွားရေးသမားတွေ၊အတွေ့အကြုံရင့် လူကြီးပိုင်းတွေ သိနားလည်ပြီးသားပါ။ ဆိုတော့ ဘာဖြစ်ရင် ဘာဖြစ်လာမယ်ဆိုတာ မနှစ်ကတည်းက ခန့်မှန်းထားကြပြီးသားပါ။

ပြီးတော့ စစ်ကောင်စီအုပ်စု နားမလည်တာက ပြည်တွင်းငွေကြေးလည်ပတ်တဲ့ ပုံစံနဲ့ ဘဏ္ဍာရေးကဏ္ဍမှာရှိတဲ့ ငွေကြေးပမာဏတွေကိုပါ။ မြန်မာနိုင်ငံဟာ ငွေကြေးလည်ပတ်ရာမှာ သုံးဆအထိ မြင့်တင်နိုင်တယ် လို့ အရင်က ဆိုဖူးကြတယ်။ ဒီသဘောက ငွေကြေးနဲ့ ဘဏ္ဍာရေးဈေးကွက်မှာ ငွေကျပ်(၁၂၀)ရှိတယ် ဆိုရင် အမှန်တကယ်ရှိနေတဲ့ ငွေအမှောင့်က ကျပ်(၄၀)ဝန်းကျင်သာ ရှိပါတယ်။

ဒီကျပ်(၄၀)ကပဲ ငွေကြေးအဝင်အထွက်တွေ၊ဘဏ်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ကုန်သွယ်မှုတွေ ပြုလုပ်ပြီး လည်ပတ်နေတဲ့အတွက် တန်ဖိုးက (၁၂၀)ဖြစ်နေတာပါ။ ဒီတော့ လည်ပတ်နေတဲ့ ငွေကြေးထဲက ကျပ်(၄၀)ကို နှုတ်ယူပြီး သိမ်းလိုက်မယ်ဆိုရင် ‌လည်ပတ်နေတဲ့ ဈေးကွက်ကြီးက ရပ်သွားပါပြီ။
ဒီဥပမာဟာ လက်ရှိ နိုင်ငံခြားငွေကြေးလည်ပတ်နေမှုနဲ့လည်း သက်ဆိုင်တယ်။

စစ်ကောင်စီဟာ မနှစ်ကအထိ နိုင်ငံခြားငွေကြေးကို ရောင်းချတာမျိုးလုပ်ပေမယ့် ဒီနှစ်ဆန်းပိုင်းကစလို့ မရောင်းပေးနိုင်တော့တဲ့အပြင် ရှိနေတဲ့ ငွေကြေး‌တွေကိုပါ သိမ်းယူလိုက်တာပဲ။
ဆိုတော့ နဂိုလည်ပတ်နေတဲ့ ငွေကြေးထဲက အချို့က သိမ်းယူတာ ခံလိုက်ရတယ် ဆိုရင်ပဲ ဈေးကွက်က ကမောက်ကမ ဖြစ်နေပါပြီ။

ဗဟိုဘဏ် ဉက္ကဌ နဲ့ ဒုဥက္ကဌ တို့ နှစ်ဦးကို ယခုလအတွင်းမှာ ဖယ်ရှားလိုက်ပေမယ့် ဆေးမှီနိုင်တဲ့ အခြေအနေမှာ ရှိမနေတာ တွေ့ရတယ်။ လက်ရှိ တာဝန်ယူနေသူဟာလည်း ကြပ်တည်းပြီး ကျဆင်းသွားတဲ့ ငွေကြေးတန်ဖိုးနဲ့ ဖောင်းပွလာတဲ့ အခြေအနေကို တားဆီးနိုင်မှု ရှိမရှိကတော့ ဆက်စောင့်ကြည့်ရမှာပါ။

304940982_5589066484482524_5269206180942957288_n

မြန်မာဟာ သွင်းကုန်များတဲ့ နိုင်ငံတခုပါ။ စက်သုံးဆီနဲ့ စားအုန်းဆီ နှစ်မျိုးတင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ(၃)ဘီလီယံလောက် သုံးတယ်။ ဆိုတော့ စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်၊လုပ်ငန်းတွေ အပြိုင်အဆိုင်ထွက်ကြ၊အလုပ်အကိုင်ပေါင်းသန်းချီဆုံးရှုံး၊ပြည်ပပို့ကုန်‌လျော့ကျပြီး စီးပွားရေးက ကျဆင်းသွားတာမို့ နိုင်ငံခြားငွေကြေးတွေဟာ ပြည်တွင်းကို စီးမဝင်လာတာကြာပြီ။ တစ်နှစ်ကျော်ပြီမို့ အရန်ငွေကြေးလည်း နည်းပါးလာချိန် ပြည်ပကြွေးမြီကလည်း ဆပ်နေရတာ မနည်းလှ။

ဒီလိုအချိန်မှာ စစ်ကောင်စီဟာ စီးပွားရေးတွေက လမ်းဖွင့်ပေးရမယ့်အစား တင်းကြပ်စွာကိုင်တွယ်နေပြီး အမိန့်၊ဩဇာတွေ သုံးပြီး ထိန်းချုပ်နေသလို စီမံခန့်ခွဲမှုအလွဲတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့တယ်။

ဒီအကျိုးဆက်ဟာ လက်ရှိကာလမှာ စတင်ခံစားလာရတာဖြစ်ပြီး ဆက်တိုက်ဆိုသလို ထပ်ကြုံရဖို့ပဲ ရှိနေပါတယ်။ စစ်ကောင်စီအုပ်စုရဲ့ လွဲမှားမှုတွေအပေါ် အခြေခံပြီး ငွေကြေးကစားတာလည်း ရှိနိုင်ပေမယ့် အများစုကတော့ ပိုင်ဆိုင်မှု ခိုင်မာတဲ့ နိုင်ငံခြားငွေကြေးတွေ၊ပြည်ပကို စီးထွက်တာတွေ၊ရွှေ၊အိမ်ခြံမြေကဏ္ဍလိုထဲကိုပဲ ရောက်ကုန်ကြတာပါ။ဒီကာလမှာ ဘယ်သူမှ စီးပွားရေး၊ရင်းနှီးမြှုပ်နှံမှု မလုပ်ရဲကြသလို ပိုင်ဆိုင်တာ‌တွေကိုတောင် ပြည်တွင်းမှာ မထားပဲ ပြည်ပရွှေ့နေကြတာပါ။

လက်ရှိ စစ်ကောင်စီ အာဏာသိမ်းတဲ့ ကာလအတွင်း ပြည်တွင်းက ပိုင်ဆိုင်မှုတွေ၊ငွေကြေးတွေ ပြည်ပကို ဘယ်လောက်ထိ စီးထွက်သွားပြီလဲဆိုတာ စစ်ကောင်စီ၊ဗဟိုဘဏ်တွေအပြင် ဘယ်သူမှ မသိနိုင်ပါဘူး။ မြန်မာမှာ ပိုင်ဆိုင်မှု၊ငွေကြေးပမာဏတွေနဲ့ ပက်သက်ပြီး အတိအကျစာရင်းမရှိသလို မူးယစ်ဆေးဝါးနဲ့ တရားမဝင်ငွေကြေးတွေကလည်း များပါတယ်။

ဆို‌တော့ စစ်ကောင်စီအုပ်စုဟာ စမ်းတဝါးဝါးနဲ့ ဟိုထိန်း ဒီထိန်းလုပ်နေပေမယ့် ခုတ်ရာတခြား ရှရာတလွဲတွေ ဖြစ်ပြီး လုပ်ငန်းတွေရပ်တန့်စေတာ၊လူတွေ ရှောင်တိမ်းစေဖို့သာ ဖြစ်သွားစေပါတယ်။အဆိုးဆုံးက ပြည်သူတွေဟာ စစ်ကောင်စီကို မယုံကြည်ကြသလို လက်ခံမှုလည်း မရှိကြပါဖူး။

ပြည်သူလက်ခံမှု မရှိတဲ့ အုပ်ချုပ်မှုဟာ ဘာကိုမှ ဖန်တီးနိုင်စွမ်းမရှိသလို သေနတ်ကိုင်ပြီး ချိန်းခြောက်တဲ့ စနစ်ဟာ အရာရာအကုန်လုံးကို နှိမ့်ကျသွားစေပါတယ်။ စစ်ကောင်စီအုပ်စု သိထားရမှာက စီးပွားရေး၊ငွေကြေးကဏ္ဍနဲ့ ပက်သက်ရင် သူတို့ကို ထောက်ခံသူ‌တွေကတောင် စစ်ကောင်စီကို မယုံကြတာပါ။

ပြည်တွင်းက ထိပ်ခေါင်စီးပွားရေးသမားကြီးတွေ၊ခရိုနီ၊ခရိုနတ်တွေသာမက သာမန်စီးပွားရေးလုပ်ငန်းရှင်တွေကတောင် စစ်ကောင်စီက စီးပွားရေးကို တိုးတက်အောင်လုပ်နိုင်မယ်လို့ မျော်လင့်ကြပုံမရပဲ ဘာအခွင့်အရေးရမလဲ၊ဘာအကျိုးအမြတ်ရမလဲဆိုတာကိုပဲ မျှော်ကိုးကြကာ ပိုင်ဆိုင်မှုတွေကို တဆင့်ချင်း ပြည်ပကို ပထုတ်ဖို့ စဉ်းစားကြတာချည်းပါပဲ။

အဆိုးဆုံးက စစ်ကောင်စီအုပ်စုဟာ ပညာရှင်တွေ၊ပညာတတ်တွေနဲ့ တိုင်းပြည်အတွက် အမှန်တကယ်အလုပ်လုပ်နေသူ‌တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး NLD အစိုးရခေတ်တလျှောက်လုံးရနေတဲ့ လွှတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်လိုက်တဲ့အတွက် ဝေဖန်ပြောဆိုမှုတွေလည်း မရှိတော့ပါ။ အများစုဟာ ကိုယ့်ကျိုးတွက် သတင်းအချက်အလက်တွေကို ရှာဖွေနေကြပြီး တိုင်းပြည်တိုးတက်ဖို့ အကြံပေးသူတွေလည်း မရှိသလောက်ရှားပါးသွားပါတယ်။

ဒါတွေကလည်း စီးပွားရေးကျဆင်းတာကို တိုးတက်စေဖို့ ဖန်တီးနိုင်မှု မရှိတော့သလို စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေဟာလည်း မြေပြင်နဲ့ ကင်းကွာလာတာတွေ့ရမှာပါ။
ဒါကြောင့်လည်း လက်ရှိ ကျပ်ငွေတန်ဖိုးကျပြီး ငွေဈေး၊ရွှေဈေးတွေ မြင့်တက်လာတာဟာ မီဒီယာတွေ၊ငွေကြေးဈေးကစားသူတွေကြောင့်လို့ ပြောဆိုတဲ့ အထိ မှားယွင်းစွာ လုပ်ကိုင်တာတွေ တွေ့ရပါတယ်။

၂၀၂၁ခုနှစ် အာဏာမသိမ်းခင်ကာလတုန်းက ငွေလဲလှယ်မှုဟာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ကျပ်(၁၃၀၀)ဝန်းကျင်သာ ရှိခဲ့ပြီး ၂၀၂၂ခုနှစ် ဩဂုက်လကုန်ပိုင်းရောက်တဲ့အချိန်မှာ တစ်ဒေါ်လာကို ကျပ်(၃၁၀၀)အထိ ရောက်လာနေပါတယ်။ ငွေကြေးတန်ဖိုး (၂)ဆကျော် ဖောင်းပွသွားတာ တွေ့ရမှာပါ။

စီးပွားရေးတိုးတက်စေဖို့နဲ့ ပက်သက်ပြီး လုပ်ဆောင်နိုင်မှု မည်မည်ရရ တခုမှ မရှိတဲ့ အပြင် ရှိနှင့်ပြီးသား ဈေးကွက်တွေကိုပါ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့အတွက် တန်ဖိုးတွေဟာ ကျဆင်းပြီးရင်း ကျဆင်းနေတာပါ။

ပြည်သူ‌တွေကလည်း ယုံကြည်မှုနည်းပါးသွားသလို တိုင်းပြည်အခြေအနေကလည်း ပြိုလဲပြီးရင်း ပြိုလဲနေတာမို့ ကိုယ်ကျိုးသာ ကြည့်တဲ့ စီးပွားရေးသမားတွေအတွက် အမြတ်ထုတ်ဖို့ အကောင်းဆုံးအချိန် ဖြစ်လာတာ မဆန်းပါဘူး။

စစ်ကောင်စီအုပ်စုဟာ ဖမ်းဆီးမယ်၊ထိန်းချုပ်မယ် ဆိုတဲ့ မူဝါဒသာ ရှိနေ‌တာ ‌တွေ့ရပြီး လမ်းကြောင်းမှန်ပေါ် ဆွဲတင်တာမျိုးလည်း မရှိပါဘူး။ လက်ရှိ မြန်မာငွေကြေးတန်ဖိုးကျဆင်းမှုနဲ့ ဖောင်းပွရခြင်း အဓိကအချက်ဟာ စစ်ကောင်စီရဲ့စီမံခန့်ခွဲမှုအလွဲ ဆောင်ရွက်ချက်တွေကြောင့်ဖြစ်ပါတယ်။

စစ်ကောင်စီအုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့အုပ်စု သတင်းစာရှင်းပွဲမှာ သူတို့လက်ထက်မှာ ဖြစ်ခဲ့တာတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိတယ် လို့ ဆိုတာ ကြားဖူးပါတယ်။ လက်ရှိအဖြစ်အပျက်တွေမှာ တာဝန်မယူပဲ စီးပွားရေးသမားတွေကို လက်ညိုးထိုး ထိန်းချုပ်ဖို့ ကြိုးစားနေတာတွေ့ရပြီး ငွေကြေးပေါ်လစီတွေ ချမှတ်နိုင်တာမျိုးတောင် မရှိသေးတာမို့ စစ်ကောင်စီဟာ ဒီလမ်းကို တမင်ရွှေးနေတာလားလို့တောင် ထင်မိကြောင်းပါ။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်