စစ်ကောင်စီရဲ့ လူမူကွန်ယက်မီဒီယာ တခု ဖန်တီးမယ်ဆိုတဲ့ အပြော အလုပ်ဖြစ်မှာလား

Aung MyoTtun

အာဏာသိမ်း စစ်ကောင်စီက Facebook ကို ပိက်သိမ်းပြီး တခြားလူမှုကွန်ယက် မီဒီယာတခုကို တည်ဆောက်မယ်လို့ ပြောတဲ့ အကြောင်း သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။

မြန်မာနိုင်ငံလူဦးရေ(၂၈)သန်းကျော် အသုံးပြုနေတယ် ဆိုတဲ့ Facebook ဟာ လူသုံးအများဆုံး Social Media တခု ဖြစ်ပြီး သုံးစွဲမှု သတ်တမ်းက (၁၅)နှစ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။ဒီလို ဆိုရှယ်မီဒီယာတစ်ခုကို ပိတ်သိမ်းပြီး တခြားမီဒီယာကို သုံးမယ်ဆိုတဲ့ စစ်ကောင်စီအယူအဆဟာ နံရံကြီးကို ထိုင်စောင့်တွန်းနေတာနဲ့ တူနေပါတယ်။

မြန်မာနိုင်ငံက သုံးစွဲကြတဲ့ Social Media များ

မြန်မာနိုင်ငံမှာ Facebook အပြင် အခြား လူမူကွန်ယက်တွေကိုလည်း သုံးစွဲမှု ရှိပါတယ်။ ဥပမာ Gmail ဆိုရင် Email တဖြစ်လဲ သုံးစွဲကြတာ များပြီး အထူးသဖြင့် ကုမ္ပဏီဝန်ထမ်းတွေ ကျောင်းသားတွေ က အသုံးများပါတယ်။ Linkedin ကျတော့ ပညာတက်အသိုင်းအဝိုင်းနဲ့ ရာထူးမြင့် Level တွေကြားမှာ ခေါတ်စားပြီး အလုပ်ရှာဖွေတာ၊ပညာရပ်တွေ ဖလှယ်တာမျိုးအတွက် သုံးကြပါတယ်။ သုံးစွဲသူ(၆)သိန်းကျော် ရှိပါတယ်။

Youtube ကျတော့ ကမ္ဘာမှာ သတ်တမ်းရင့် Social Media တခုဖြစ်ပေမယ့် မြန်မာတွေ အသုံးပြုမှု နည်းပါတယ်။သူကို စွန့်ဦးတီထွင်သူတွေနဲ့ သီချင်းနားထောင်လိုသူတွေလောက်သာ အသုံးများကြပြီး နောက်ပိုင်း ငွေရှာနိုင်တယ်ဆိုတဲ့ အချက်ကြောင့် လူငယ်ထုကြား ပိုရေပန်းစားလာတာပါ။ We Chat ကျတော့ တရုတ်နဲ့ နီးစပ်တဲ့ သူတွေ အသုံးများပြီး နောက်ပိုင်းမှာ စီးပွားရေးသမားတွေ၊ကုန်သယ်လုပ်ငန်းတွေနဲ့ နယ်စပ်က လူတွေ သုံးကြပါတယ်။

Twitter ကျတော့လည်း စာတင်တာ အကန့်အသတ်ရှိမှု၊ စာအပြန်အလှန် Comment ပေးတာ မြင်သာတဲ့ ပုံစံရယ်၊အနောက်တိုင်း သုံးစွဲမှုကို လိုက်နေသူတွေလောက်သာ သုံးကြတာမို့ မြန်မာမှာ သုံးသူ အင်မတန်နည်းပါတယ်။တချိန်တုန်းက မြန်မာရဲ့ လူကြိုက်အများဆုံး Social media ဖြစ်ခဲ့ဖူးတဲ့ Viber ကလည်း အခုတော့ နန်းကျဘုရင်လို ဖြစ်နေပြီ။ Chat တာကိုသာ ဦးစားပေးပြီး ဝေမျနိုင်စွမ်းကလည်း အကန့်အသတ်မို့ နောက်ပိုင်း သုံးစွဲမှု ကျဆင်းနေတာပါ။

အမျိုးသမီးတွေ အသုံးများတဲ့ instagram ကလည်း အနုပညာစိတ်ဝင်စားသူတွေနဲ့ ပုံတင်ရတာ ကြိုက်တဲ့ အမျိုးသမီးငယ်တွေသာ အသုံးများပြီး ချမ်းသာသူတွေ ကြွားဝါရာ နယ်မြေဖြစ်တဲ့ အပြင် ပုံနဲ့ ရုပ်သံတိုလောက်သာ တင်ခွင့်ရတာမို့ မြန်မာနိုင်ငံက လူချမ်းသာနဲ့ ပညာတက်အသိုင်းအဝိုင်းလောက်ကသာ သုံးကြပါတယ်။ သုံးစွဲသူ(၁.၆)သန်းကျော် ရှိပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့ နောက်မှာ စစ်ကောင်စီထောက်ခံသူတွေနဲ့ အမျိုးသားအစွန်းရောက်သမားတွေကို Facebook က ဘန်းတာတွေကြောင့် ရုရှားထုတ် VK ကို ပြောင်းသုံးဖို့ ဆွဲဆောင်ခဲ့ကြပါသေးတယ်။ သို့သော်လည်း စစ်ကောင်စီထောက်ခံသူတွေ ဆော်သြမှုကြောင့် သုံးသူနည်းပြီး နောက်ပိုင်း အဖော်အခွျှက်လိုင်း ကူးသွားပြီး မြန်မာမှာ အပြာရုပ်ရှင်ကြည့်ဖို့ App အဖြစ်သာ ကျန်ရစ်ခဲ့ပါတယ်။ အဲကာလတွေတုန်းက စစ်ကောင်စီနဲ့ ထောက်ခံသူတွေဟာ အပြင်းအထန်ဆော်သြခဲ့ကြပြီး Facebook ကို ပိက်ခဲ့ပေမယ် မြန်မာပြည်သူတွေဟာ မရွှေ့သွားတာ သတိပြုမိရမှာပါ။

နောက်ပိုင်း Facebook ကို စစ်ကောင်စီပိက်ထားတာကြောင့် ဒီမိုကရေစီသမားတွေက Telegram ကို သုံးဖို့ ဆော်သြရာကနေ မြန်မာနိုင်ငံမှာ သုံးသူ မြင့်တက်သွားခဲ့ပါတယ်။ မြန်မာပြည်သူတွေ ကြားထဲမှာလည်း လူကြိုက်များတဲ့ Social Media တခု ဖြစ်လာပြီး သတင်းတင်ဆက်တာ၊ရုပ်ရှင်၊ဓါတ်ပုံတွေ တင်နိုင်တဲ့ အချက်ကြောင့် Facebook ပိတ်တဲ့ ကာလတွေ အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးခဲ့ကြတယ်။

နောက်တော့ VK ကို သုံးဖို့ ဆော်သြခဲ့တဲ့ စစ်ကောင်စီ ထောက်ခံသူတွေနဲ့ အမျိုးသားအစွန်းရောက်အုပ်စုတွေလည်း Telegram ကို သုံးလာကြပြီး အခုဆို ဒီမိုကရေစီအင်အားစုတွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်သူတွေကို ဖမ်းဆီးဖို့အထိတောင် အသုံးချလာနေကြပါတယ်။

vkontakte-russia-gdpr-800x450

၂၀၂၀ ခုနှစ်ကစလို့ မြန်မာမှာ ခေတ်စားလာတဲ့ တရုတ်ထုတ် Tiktok app ကလည်း လူငယ်တွေကြား သုံးစွဲမှု မြင့်လာခဲ့ပါတယ်။ တရုတ်နယ်စပ်ကနေ သုံးစွဲတာ ကျယ်ပြန့်လာတဲ့ တရုတ် Social Media app ဟာ အကဝါသနာပါသူတွေ ၊ဖန်တီးရတာ ကြိုက်သူတွေ နဲ့ လူငယ်တွေ အကြိုက်တွေ့တာ များလာပါတယ်။ ထိုapp ပေါ်မှာ အမုန်းစကား ပွားတာတွေကိုလည်း တွေ့ရပြီးနောက် တရုတ်က ဘန်းတာတွေ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီထောက်ခံသူတွေ တင်တဲ့ ဗီဒီယိုဖိုင်အများစုမှာလည်းဖြုတ်ချခံခဲ့ရပါတယ်။ စစ်တပ်ထောက်ခံသူ တွေရဲ့ အကောင့်အများစုဟာလည်း မကြာခဏ ပိတ်သိမ်းခံရပြီး နောက်ပိုင်း တင်တာ လျော့ကျသွားပါတယ်။

သို့သော်လည်း နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ စစ်ကောင်စီကို ဆန်ကျင့်တိုက်ခိုက်တဲ့ အဖွဲ့တွေရဲ့ ဗီဒီယိုတင်ဆက်တာတွေကတော့ ရှိနေဆဲ ဖြစ်ပြီး အများစုကတော့ တရုတ်လက်ခံနေတဲ့ အခြေအနေမှာ ရှိနေတာမို့ စစ်ကောင်စီ ထောက်ခံသူတွေကို တရုတ်ကတောင် လက်မခံတဲ့ သဘော တွေ့ရပါတယ်။

စစ်ကောင်စီ လုပ်ဆောင်ချက် တကယ်ကော ဖြစ်နိုင်ပါမလား

စစ်ကောင်စီကတော့ မြန်မာနိုင်ငံမှာ သုံးစွဲမှု အများဆုံးနဲ့ နိုင်ငံရေး Trand တခုကိုတောင် ပြောင်းလဲစေနိုင်တဲ့ Facebook ကို ပိတ်ပစ်ဖို့ ဆန္ဒှရှိနေတာ တွေ့ရတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ လူတွေဟာ Facebook နဲ့ အသားကျနေတာ ဆယ်စုနှစ် တခုနီးပါး ရှိနေပြီ ဖြစ်ပြီး အသက်ကြီးငယ်မရွှေး အသုံးပြုနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ Facebook ကို ယှဉ်ပြိုင်နိုင်ဖို့ တခြား Social Media တွေ ကြိုးစားခဲ့ဖူးပါတယ်။သို့သော်လည်း Facebook လောက်တော့ အသုံးပြုသူတွေအကျွမ်းတဝင်  မဖြစ်လှပဲ ကျန်ခဲ့တာ များပါတယ်။

စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်းပြီးနောက် အင်တာနတ်တွေ ဖြတ်ချသလို Facebook ကိုလည်း ပိတ်ခဲ့တာ လက်ရှိအချိန်ထိပါ။ နောက်ပိုင်းမှာ စစ်တပ်ပိုင် အင်တာနတ်ဝန်ဆောင်မှုတွေနဲ့ Wifi တွေကနေ Facebook သုံးစွဲခွင့် ပြုခဲ့ပါတယ်။ ဘာကြောင့်ဆို မြန်မာနိုင်ငံမှာ Facebook သုံးစွဲမှု မရှိရင် အင်တာနက်သုံးတာ ကျဆင်းသွားတာမို့ စစ်ကောင်စီလက်အောက်ခံ အင်တာနက်ကုမ္ပဏီတွေနဲ့ အကျိုးစီးပွားတွေ အများကြီး အထိနာပါတယ်။ နောက်ပိုင်း ပြည်သူတွေဟာ တဆင့် နည်းပညာအဆင့်မြင့်တာကို နားလည်လာတဲ့အတွက် စစ်ကောင်စီက ပိတ်ထားပေမယ့် တခြားနည်းလမ်းတွေနဲ့ ရှာကြံအသုံးပြုခဲ့ကြပါတယ်။

(၁၅)နှစ်မက အသုံးပြုတာ ကြာလာပြီ ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ အရင်းနှီးဆုံး Social Media ဖြစ်တဲ့ Facebook ကို စစ်ကောင်စီလက်အောက်ခံတွေနဲ့ ထောက်ခံသူတွေတောင် မသုံးရ မနေနိုင်တဲ့ အခြေအနေဖြစ်နေပြီး စစ်ကောင်စီက ပိတ်ထားသည့်တိုင် ခိုးသုံးနေကြပါတယ်။ သို့သော်လည်း Facebook ကတော့ စစ်ကောင်စီနဲ့ လက်အောက်ခံ ထောက်ခံသူတွေကို အသေအချာစောင့်ကြည့်ပြီး ဖယ်ရှားမူတွေ လုပ်ခဲ့တာမို့ စစ်ကောင်စီက အမြင်မကြည် ဖြစ်နေတာပါ။

သူတို့ကို ဖယ်ရှားခံရတဲ့ အတွက် မကြည်ဖြစ်ရတာက Facebook မှာ သူတို့ အုပ်စုရဲ့ ဆောင်ရွက်ချက်တွေ မအောင်မမြင် ဖြစ်ရသလို Page တွေ အကောင့်တွေ အများအပြား ဖယ်ရှားတာ ခံလိုက်ရာမို့ စစ်ကောင်စီဟာ တခြား Social media အသစ်ကို ဖန်တီးချင်နေတာပါ။

Facebook ကို ယှဉ်ပြိုင်ကြည့်ခြင်း

282013214_126493570022020_3734675582225905705_n

Facebook ကို ယှဉ်ပြိုင်ဖို့ ပြည်တွင်းမှာ အစားထိုး Social media တွေကို ပြီးခဲ့တဲ့ (၁၀)စုနှစ်အတွင်း ဖန်တီးကြပေမယ့် မအောင်မြင်သေးပါဘူး။ အဓိကအချက် Data Base တွေ မလုံလောက်တာ၊သုံးစွဲသူ များလာရင် နှေးကွေးသွားတာ၊Log in ဝင်မရ ဖြစ်တာ၊ ကိုယ်ရေးအချက်အလတ်တွေ မလုံခြုံတာ စတဲ့ အခြေအနေတွေကြောင့်ပဲ ကျဆုံးသွားတာ များပါတယ်။

စစ်ကောင်စီ အာဏာမသိမ်းခင်ကတည်းက လွတ်လပ်တဲ့ လူငယ်အုပ်စုတွေ ဖန်တီးခဲ့ကြပေမယ့် နည်းပညာ လိုအပ်ချက်တွေကြောင့် မအောင်မြင်ခဲ့ကြတာပါ။

ပြီးတော့ Facebook လောက်လည်း လူသုံး မများတာမို့  မအောင်မြင်ခြင်းဖြစ်ပြီး အဲတာကပဲ ကျဆုံးစေတာမို့ စစ်ကောင်စီရဲ့ ကြိုးပမ်းချက်ဟာ အောင်မြင်ဖို့ အခွင့်အလမ်းနည်းပါတယ်။ Social Media ရဲ့ အရေးကြီးဆုံး အချက်က လွတ်လပ်မှု ဖြစ်ပြီး အရာရာကို ထိန်းချုပ်ချင်နေတဲ့ စစ်ကောင်စီရဲ့ မူဝါဒတွေနဲ့ မကိုက်ပါဘူး။ နောက်တချက်က မြန်မာနိုင်ငံမှာ စစ်တပ်အတွေးဟာ ခေတ်နောက်ကျလွန်းတာမို့ နည်းပညာရှေ့ပြေး Social media ကို တည်ဆောက်နိုင်ဖို့  မဖြစ်နိုင်ပါ။

ပညာရှင်တွေ ကုမ္ပဏီတွေကို ခေါ်ဖန်တီးမယ် ဆိုပေမယ့်လည်း အဆိုပါ ကုမ္ပဏီတွေ ပညာရှင်တွေဟာ ငွေရပေါက် တခုတည်းအတွက်သာ ဖန်တီးကြမှာ ဖြစ်ပြီး အသုံးပြုလို့ကောင်းတဲ့ app မဖြစ်လာနိုင်ပါဘူး။ စစ်ကောင်စီဟာ သူ့အားကိုးရာနိုင်ငံတွေ ဖြစ်တဲ့ ရုရှားက VK app၊ တရုတ်က Wechat ပုံစံမျိုး ဖန်တီးချင်ပေမယ့် သူတို့ကိုယ်တိုင် လွတ်လပ်စွာဖန်တီးနိုင်တဲ့ အရည်အချင်း ရှိမနေမှုက App ဖြစ်ပေါ်လာသည့်တိုင် သုံးတာ နည်းပါးပါလိမ့်မယ်။

Social media တွေရဲ့ အောင်မြင်ရခြင်း အကြောင်းတခုက သုံးစွဲသူတွေကိုယ်တိုင်က ယုံကြည်ခြင်းပါပဲ။ စစ်ကောင်စီဟာ Social Media တခုကို အောင်မြင်စွာ ဖန်တီးနိုင်တယ်ထား။ သုံးစွဲသူတွေကို ဘယ်လိုခေါ်မှာလဲ။ VK ကို ပြောင်းသုံးဖို့ စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားအစွန်းရောက်တွေကနေတဆင့်လား၊ Facebook ကို လုံးဝ ပိတ်ချလိုက်ပြီး ငါတို့ App ပဲ ရှိတယ် ဒါပဲ သုံး ဆိုပြီး စစ်တပ်ထုံးစံအတိုင်း အမိန့်နဲ့ အတင်းအဓမ္မသုံးခိုင်းမှာလား? ဆိုက်ဘာလုံခြုံရေးဥပဒေကို အသုံးချပြီး အတင်းဖိနှိပ်သုံးခိုင်းမှာလား စတဲ့ မေးခွန်းပေါင်းစုံ ရှိပေမယ့် သေချာတာတခုကတော့ မြန်မာပြည်သူတွေဟာ စစ်ကောင်စီ ထုတ်တဲ့ Social Media ကို သုံးကြမှာ မဟုက်ပါဖူး။ ဘာကြောင့်ဆို စစ်ကောင်စီ၊စစ်တပ်နဲ့ စစ်ကောင်စီထောက်ခံသူတွေကို ရွှံမုန်းကြလို့ပဲ။

အင်တာနက်တွေ ပိတ်တဲ့ ကာလတွေမှာတောင် မသုံးရ မနေနိုင်တဲ့ Facebook ကို မသုံးပဲ နေခဲ့ကြသလို အချင်းချင်း အပြန်အလှန်သတင်းမျဝေတဲ့ ပုံစံနဲ့သာ နေခဲ့ကြတာပါ။နောက်ဆုံး မဖြစ်မနေ သုံးရမယ်ဆိုရင်တောင် မြန်မာပြည်သူတွေဟာ Facebook အစား တရုတ်ထုက် Wechat ၊Tiktok နဲ့ ရုရှားထုတ် VK တွေကို သုံးကြမှာပါ။ Social media app တွေ ဘယ်လို သွားတယ် ဆိုတာတောင် နားမလည်တဲ့ စစ်ကောင်စီဟာ Facebook ကို ပိတ်ပြီး သူတို့ ထုတ်တာ သုံးရမယ် ဆိုတဲ့ နည်းက နှစ်ပေါင်းများစွာ နည်းပညာနဲ့ အသားကျလာတဲ့ မြန်မာပြည်သူတွေကို မဆွဲဆောင်နိုင်ပါဘူး။

တကယ်တမ်း ပြောရရင် စစ်ကောင်စီထုတ်မယ်ဆိုတဲ့ Social media ကို သူတို့ထောက်ခံသူတွေကတောင် ကြိုက်ကြမှာ မဟုက်ပါဘူး။ ဂျင်းတွေ များမယ့် အခြေအနေ၊သူတို့ ထောက်ခံနေတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်နိုင်မှု အခြေအနေရယ်နဲ့ မြန်မာပြည်သူတွေရဲ့ ရွှံရှာမုန်းတီးမှုတွေက စစ်ကောင်စီဖန်တီးမှုကို ပြိုလဲစေမှာပါ။

အတင်းအကြပ်လုပ်ရအောင်လည်း မြန်မာပြည်သူတွေဟာ မြောက်ကိုရီးယားလို နှစ်ပေါင်းများစွာ အကျဉ်းကျနေသူတွေ မဟုက်ပဲ ဆယ်စုနှစ်တခုအတွင်း ကမ္ဘာကြီးကို ခဏတာ မြင်တွေ့ခဲ့ကြဖူးသူတွေပါ။ ဒါကြောင့် စစ်ကောင်စီရဲ့ မတရားမှုကို သိနေကြသလို သူတော်ကောင်းယောင်ဆောင်နေမှုကိုလည်း ခွင့်လွှက်ပေးကြဖို့ မရှိပါ။

စစ်ကောင်စီဖန်တီးမှုတိုင်းဟာ ကျိန်စာတွေမို့ ပြည်သူတွေ မလိုလားတော့

စစ်တပ်ဟာ နှစ်ပေါင်း(၆၀)အတွင်း မြန်မာပြည်သူတွေရဲ့ သဘောထား ဆန္ဒကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့ကြပြီး ပြည်သူတွေကိုလည်း အကြိမ်ကြိမ် ရက်စက်သတ်ဖြတ်ခဲ့ကြသူတွေပါ။

ပြည်သူအများစုဟာ နိုင်ငံတောင် တရုတ်လက်အောက် ဖြစ်ဖြစ် ဘယ်သူလက်အောက်ဖြစ်ဖြစ် ရောက်ပါစေ စစ်တပ်လက်အောက်တော့ မနေဘူး လို့ ဆိုညည်းရတဲ့ အထိ ပြောရတဲ့ စစ်တပ်ရဲ့ အကျင့်စရိုက်ကြောင့် ပြည်သူတွေက အမြစ်ဖြိုချဖို့ ကြိုးပမ်းနေချိန်မှာ စစ်ကောင်စီရဲ့ Facebook ကို ပိတ်ပင်ပြီး အစားထိုး သူတို့ ထုတ် Social Media ကို သုံးခိုင်းမယ့် အပြောဟာ ပြည်သူတွေရဲ့ ရပ်တည်မှုကို လှောင်နေသလိုပါပဲ။

လက်ရှိ စစ်ကောင်စီနဲ့ ၎င်းကို ထောက်ခံတဲ့ အုပ်စုတွေရဲ့ ရက်စက်ကြမ်းကြုပ်ပြီး ပြည်သူကို ဖိနှိပ်နေတဲ့ အခြေအနေမျိုးမှာ အရည်အသွေးမရှိ၊နည်းပညာထက် ထိန်းချုပ်မှုတွေ ပိုများမယ့် စစ်ကောင်စီထုတ်တဲ့ Social Media ကို မြန်မာပြည်သူတွေ သုံးမှာလား ဆိုတာက အဖြေတောင် မလိုတာ သေချာပါတယ်။

မည်သို့ဆိုစေ တရားမျတမှု နဲ့ ဒီမိုကရေစီအရေးတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေရဲ့ ရပ်တည်မှုကို ပြိုလဲစေနိုင်လောက်အောင် စစ်ကောင်စီက ဖန်တီးနိုင်မှာလား ဆိုတဲ့ မေးခွန်းက ပြောစရာ မလိုအောင် အဖြေရှင်းနေပြီးသား ဖြစ်ပါကြောင်း ဆိုပါရစေ။

 

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်