နှစ်ဝက်ကျော်ပိတ်ထားတဲ့ တမူးနယ်စပ်ဂိတ်ကို ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ ပြန်ဖွင့်ပေးဖို့ ဒေသခံတွေလိုလား

တမူးမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒီနှစ်မတ်လကစတင်ပိတ်ထားပြီး ဒေသခံပြည်သူတွေရဲ့ အဓိကဝမ်းစာရှာဖွေတဲ့နေရာဖြစ်တာကြောင့် ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်နဲ့အညီပြန်လည်ဖွင့်လှစ်ပေးဖို့ ဒေသခံတွေလိုလားကြကြောင်းသတင်းရရှိပါတယ်။

တမူးနယ်စပ်ဂိတ်ဟာ နှစ်စဉ် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ သန်း ၅၀ မှ သန်း ၁၀၀ ကြားရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း အတွင်းရေး ဦးခင်မောင်တင်က “နယ်စပ်ပိတ်တာ မတ်လက ပိတ်တယ်။ ခုဆိုတော့ ၈ လဝန်းကျင်ရှိတယ်။ ပိတ်တာလည်းကြာပြီဆိုတော့ နံပါတ်တစ်ကတော့ ကုန်သည်တွေပေါ့။ ကျနော်တို့လုပ်ငန်းတွေက အကုန်လုံးရပ်တန့်သွားတယ်။ များသောအားဖြင့် လယ်ယာထွက်ကုန်တွေပဲ ပို့ကြတာပေါ့။ ပဲတို့ဆို ပိုးတွေကျတော့ ပျက်ဆီးကုန်တာပေါ့။ ကွမ်းသီးတွေလည်း အရည်အသွေးကျပြီး တန်ဖိုးကျသွားတာပေါ့။ နောက်ပြီး ဒီမှာက အကြွေးစနစ်နဲ့ရောင်းဝယ်ကြတော့ အကြွေးရစရာတွေလည်း ကျန်တာပေါ့။ ကျနော်တို့ဖြစ်စေချင်တာကတော့ ကုန်သည်တွေအနေနဲ့လည်း စီးပွားကူးသန်းဝန်ကြီးအထိတင်ပြထားတာပေါ့။ ကျန်းမာရေးစည်းကမ်းနဲ့အညီ ကုန်သည်မှုတွေလုပ်နိုင်အောင် တင်ပြထားတာပေါ့။ ဒါပေမယ့် ခုချိန်ထိ ခွင့်မပြုသေးဘူးပေါ့။ နောက်တစ်ခုက နန်းဖာလုံဈေးနဲ့ပတ်သက်ပြီး စားကုန်သောက်ကုန် အဝတ်အထည်တွေအမျိုးမျိုးပေါ့။ တချို့က ရက်လွန်သွားတော့ ပျက်စီးကုန်တယ်။ ဒီဘက်က ကုန်သည်တွေက ဆုံးရှုံးမှုအနေနဲ့ တန်ဖိုးများပါတယ်။ နယ်စပ်မှာက အိန္ဒိယဘက်ကလည်း ဖမ်းတယ်။ မြန်မာဘက်ကလည်း ဖမ်းတယ်။ တချို့ကျလည်း မနေနိုင်တော့ ခိုးပြီးပို့လို့ အဖမ်းခံ ထောင်ကျကြတာပေါ့။ ဖြစ်နိုင်ရင်တော့ ကိုဗစ်ကာကွယ်မှုနည်းလမ်းနဲ့အညီ လုပ်လို့ရတဲ့နည်းလမ်းတွေရှိတယ်။ ထိုင်းဘက်မှာလည်းလုပ်နေတာပဲ။ တရုတ်ဘက်မှာလည်း လုပ်နေတာပဲ။ ဒီလိုပုံစံမျိုးနဲ့ ကုန်သွယ်မှုတွေလုပ်နိုင်ရင်တော့ ခုသာခံသာတော့ရှိမှာပေါ့ဗျာ။ အရင်လိုတော့မဖြစ်ရင်တော့ ဆုံးရှုံးသက်သာမယ်။ အကြွေးတွေပြန်ရမယ်။ အဲ့လိုဆို ပိုပြီးကောင်းမယ်လို့ထင်တယ်” လို့ပြောပါတယ်။

နယ်စပ်ဂိတ်ဟာ တမူးမြို့တွင်နေထိုင်တဲ့ ပြည်သူ ၆၀ ရာခိုင်နှုန်းကျော်က မှီခိုနေကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ကိုဗစ်ရောဂါကြောင့် သေဆုံးမှု ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်တာကြောင့် နယ်စပ်ဂိတ်ကို အကန့်အသတ်ဖြင့် ဖွင့်လှစ်ကုန်သွယ်ခွင့်အား ခွင့်မပြုနိုင်သေးပါကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တမူးမြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းရဲ့ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ကိုအောင်သူချမ်းက “နယ်စပ်ကုန်သွယ်ရေးကိုဒေသခံတွေက အဓိက အားထားနေရတာပါ။ တရားဝင်မဖွင့်ရင် တရားမဝင်ကုန်သွယ်ကြမှာ။ ဖမ်းတာဆီးတာတွေ ဖြစ်လာရင် ပြည်သူတွေပဲဆုံးရှူံးမှုတွေ ဖြစ်လာမှာ။ ဒီတိုင်းကြီး ကြာနေရင်တော့မကောင်းဘူး။ တခုခုတော့စဉ်းစားစီစဉ်သင့်တယ်” လို့ပြောပါတယ်။

ဒါ့ပြင် အိန္ဒိယ နဲ့ မြန်မာနိုင်ငံသား ကုန်သည်တွေအဓိက ရောင်းဝယ်ဖောက်ကားတဲ့ နန်းဖာလုံဈေးလည်းပိတ်ထားပါတယ်။ လက်ရှိ တမူးမြို့တွင် ကိုဗစ်လူနာ ၉ ဦးရှိပါတယ်။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်