ပလက်ဝနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ အထွေထွေအတွင်းရေးမှူးသစ် သိက္ခာတော်ရဆရာ စတီဗဲန်နဲ့တွ့ဆုံမေးမြန်းခြင်း

 

၂၀၁၆ ခုနှစ်တုန်းက ပြိုင်စိုစစ်ဘေးရှောင်စခန်းသို့ ထောက်ပံ့ရေးပစ္စည်းတွေပေးအပ်နေစဉ်။ လက်ရှိ ပြိုင်စုစစ်ရှောင်ပြည်သူတွေဟာ မူလနေရပ်သို့ပြန်သွားကြပေမယ့် ရွာအနီးနားမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေလို့ကြောက်လန့်နေကြပါတယ်။

 

ဝေလုကျော်ဖောင်ဒေးရှင်းနဲ့အတူ ပြိုင်စိုစစ်ရှောင်စခန်းမှာ သွားရောက်ခဲ့ကြစဉ်(၂၀၁၆)

 

ပလက်ဝမြို့နယ် ကျေးရွာတွေ ဟာ ကားလမ်းမပေါက်သေးတာကြောင့် အဓိက ကုလာတန်မြစ်ကြောင်းကိုပဲ သယ်ယူပို့ဆောင်ရေးအတွက် အားကိုးနေကြပါတယ်။

(Unicode)

ပလက်ဝနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ အထွေထွေအတွင်းရေးမှူးသစ် သိက္ခာတော်ရဆရာ စတီဗဲန်နဲ့တွ့ဆုံမေးမြန်းခြင်း

ပလက်ဝမြို့နယ်မှာ အေအေလက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ကြား ၂၀၁၅ ခုနှစ် မတ်လက စပြီး ယနေ့ထိတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ၂၀၁၈ နောက်ပိုင်းမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာတာကြောင့် တိုက်ပွဲရှောင်ပြည်သူတွေလည်း တိုးလာနေပါတယ်။ ပလက်ဝမြို့နယ် ထွေအုပ်ရုံးရဲ့ စာရင်းအရ ပလက်ဝမှာတိုက်ပွဲစဖြစ်ပွားတဲ့ချိန်ကနေ ဒီနေ့ထိ စစ်ရှောင်ကျေးရွာ (၁၁)ရွာရှိပြီး ၎င်းတို့ထဲမှာ ကျေးရွာ(၇)ရွာက မူလနေရပ်သို့ပြန်သွားကြပြီလို့ဖော်ပြထားပါတယ်။ တိုက်ပွဲရှောင် ကျေးရွာ (၁၁)ရွာရဲ့ လူဦးရေဟာ နှစ်ထောင်ကျော်သာရှိပါတယ်။ ဒါပေမယ့် အစိုးရစာရင်းထဲမှာမဝင်ဘဲ မိမိဆွေးမျိုးတွေဆီမှာခိုလုံတဲ့ စစ်ဘေးရှောင်တွေဟာ ကျေးရွာအများစုများရှိနေပါတယ်။

သိက္ခာတော်ရဆရာ စတီဗဲင်ဟာ ဘုရားအမှုတော်ဆောင်ရင်း တိုက်ပွဲစဖြစ်တဲ့ ၂၀၁၅ ခုနှစ်ကတည်းက မိမိတက်နိုင်တဲ့ဘက်ကနေ စစ်ဘေးရှောင်တွေကူညီနေတဲ့သူဖြစ်ပါတယ်။ အခုသူဟာ ပလက်ဝမြို့နယ်ထဲက လူ ရှစ်ထောင်ကျော်ရှိတဲ့ အသင်းတော်နယ်အဖွဲ့ရဲ့ အကြီးဆုံးတာဝန်ကို စတင်ထမ်းဆောင်နေပါပြီ။ ပလက်ဝမြို့နယ်မှာ တိုက်ပွဲဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သိက္ခာတော်ရဆရာ စတီဗဲန်ရဲ့ သဘောထားအမြင်ကို Zalen Media ကဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ပလက်ဝနှစ်ခြင်းခရစ်ယာန် နယ်အဖွဲ့ အထွေထွေအတွင်းရေးမှူးတာဝန်သစ် စတင်ထမ်းဆောင်နေပြီလို့သိရပါတယ်။ ဘယ်နေ့က တာဝန်ထမ်းဆောင်တာလဲ။ ဘယ်န နှစ်ထိလုပ်မလဲ။
ဖြေ- ၂၀၁၉ ခုနှစ် မတ် (၁၂) ကစပြီး တာဝန်ထမ်းဆောင်တယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ထိ သုံးနှစ်ပေါ့နော်။

မေး- ပလက်ဝနှစ်ခြင်းခရစ်ယာန် နယ်အဖွဲ့ က ဘယ်နခုနှစ်က စတင်ဖွဲ့ခဲ့တာလဲ။ အသင်းတော် ဘယ်နပါးပါဝင်ပြီးတော့ ဘယ်အဖွဲ့တွေနဲ့ချိတ်ဆက်လုပ်ဆောင်နေတာလဲ။
ဖြေ- ၁၉၆၉ ခုနှစ် မှာ နှစ်ခြင်းသာသနာ စပြီး ပလက်ဝမှာ အစပြုတယ်။ ၂၀၁၉ ခုနှစ် မတ်လမှာ နှစ် ၅၀ ပြည့်ကျေးဇူးတော်ချီးမွမ်းပွဲနဲ့ ရွေးကောက်ပွဲလုပ်တယ်။ နယ်အဖွဲ့စဖွဲ့စည်းတာကတော့ ၁၉၉၅ ခုနှစ်မှာပါ။ ယုံကြည်သူအသင်းသား ၈၆၁၁ ယောက်ရှိတယ်။ ဧရိယာ တပည့်စုတော်စု ၉၀ ရှိတယ်။ အိမ်ခြေပေါင်းက ၁၆၆၃ အိမ်ရှိတယ်။ သိက္ခာတော်ရ (၂၄)ပါး၊ သိ(၈)ပါး၊ အသင်းတော် တစ်ပါးရှိတယ်။ သာသနာဇုံနယ် ၄ ခုရှိတယ်။ အသင်းတော်က (၃၃)ပါးရှိတယ်။က္ခာတော်ရမရသေးတဲ့အမှုတော်ဆောင်က (၃၀)ပါးရှိတယ်။ သာသနာပြုတဲ့သူနဲ့ဆို အားလုံးစုစုပေါင်း အပါး ၁၀၀ ကျော်ရှိတယ်။ ကျနော်ကတော့(၇)ယောက်မြောက် အထွေထွေအတွင်းရေးမှူး ဖြစ်တယ်။ ဆက်သွယ်တဲ့အဖွဲ့အစည်းတွေကတော့ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(CBC) ရယ်၊ မြန်မာနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(MBC)ပေါ့။

မေး- ဆရာက အရင်ကတည်းက ပရဟိတတွေ၊ စစ်ဘေးရှောင်ကိစ္စတွေမှာလှုပ်ရှားခဲ့သူဖြစ်တယ်။ အခုကော အဲ့ဒါတွေ လုပ်ဆောင်နိုင်တော့မလား။ ပိုလုပ်ဆောင်နိုင်မလား။ နယ်အဖွဲ့ကရော စစ်ဘေးရှောင်တွေကူညီရေးအတွက် ဘတ်ဂျက်သီးသန့်ချပေးထားတာရှိလာ။
ဖြေ- ကျနော်လည်း ဒီရောက်တော့ ပိုပြီးတော့ စိတ်မကောင်းဖြစ်မိတယ်။ နယ်မှာရှိတဲ့ချိန်မှာတော့ သတင်းအချက်အလက်ဘာမှမရတဲ့ တောရွာတစ်နေရာမှာ ကျနော်လည်းအမှုတော်ဆောင်နေရတယ်။ ကိုယ့်အနီးနားမှာ စစ်မဖြစ်ရင် တခြားနေရာမှာစစ်ဖြစ်တာ သိပ်မသိရဘူး။ ဒီကိုရောက်တဲ့ခါမှာ ဟိုဘက်ဒီဘက်ဖြစ်တဲ့ဟာ ပိုပြီးသတိထားမိတယ်။ ပိုပြီးစိတ်မကောင်းဘူး။ အခုလည်း အသင်းတော်ဘက်ကနေ ကူညီစရာရှိရင်လည်း ကူညီနိုင်လိမ့်မယ်လို့ထင်တယ်။ တခြားသောအချိန်ပေးမှုတို့ ပရဟိတတို့တွက်အချိန်ပေးမှုတို့ကတော့ ကိုယ့်မှာလည်း တာဝန်ကြီးလာတော့ ဒီမှာလည်း သာသနာလုပ်ရတာ တော်တော်လေးအားစိုက်ပြီးတော့လုပ်ရတဲ့အခန်းကဏ္ဍမှာပါနေတယ်။ တစ်ဘက်မှာ ဒါကိုတော့ ပစ်ထားလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒုက္ခရောက်နေတဲ့သူတွေထဲမှာ ကိုယ့်အသင်းသားတွေလည်းရှိတယ်။ ဒီတွက်သီးသန့်အချိန်ပေးပြီးဇောက်ချလုပ်ဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူး။ အခုက နယ်အဖွဲ့မှာ ဘတ်ဂျက်ဟောင်းနဲ့သွားရတယ်ဆိုတော့ စစ်ဘေးရှောင်တွေတွက် သီးသန့်ဘတ်ဂျက်ရယ်လို့တော့မရှိသေးဘူး။ နောက်နှစ် ၂၀၂၀ လောက်မှာပဲ လိုအပ်ရင်ဆွေးနွေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

မေး- ပလက်ဝမှာ တိုက်ပွဲဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆရာ့အမြင်။ ဘာဖြစ်စေချင်တာလဲ။
ဖြေ- ကျနော်က စစ်ရေးသဘောတရားတော့ သိပ်ပြီးနားမလည်ဘူး။ သို့သော်လည်း ကျနော်တို့နားလည်တာက ပြည်သူတွေဒုက္ခရောက်နေတယ်။ အခု ပလက်ဝမြို့နယ်ရဲ့အနားအထားက ကျနော်တို့မြန်မာနိုင်ငံဟာ ဒီမိုကရေစီဖြစ်တယ် မဖြစ်ဘူးဆိုတာထက် လက်ရှိအခြေအနေက သမုဒ္ဒရာဝမ်းတစ်ထွာတွက် စားဖို့ ကောင်းကောင်းမွန်မွန်လုပ်နိုင်ဖို့ဆုတောင်းကြတယ်။ ကိုယ်လုပ်ထားတဲ့ဟာကိုတောင် ကောင်းကောင်းမစားရတော့ ပြည်သူတွေငတ်နေကြတယ်။ အထူးသဖြင့် ပြည်သူဘက်ကခံစားကြည့်ရင် စစ်ပွဲဆိုတာ ဘယ်သူ့တွက်မှအကျိုးမရှိဆိုတာ ကျနော်မြင်နိုင်တယ်။ ဒါပေမယ့် ဘာဖြစ်လို့ ဒီစစ်ပွဲက ဒီလောက်ကြာရှည်နေရတာလဲဆိုတဲ့ဟာတော့ နိုင်ငံရေးစကားဖြစ်သွားပြီ။ ကျနော်တို့ပလက်ဝပြည်သူဘက်ကတော့ အစိုးရအဖွဲ့အနေနဲ့ကော၊ အေအေလက်နက်ကိုင်အဖွဲ့အစည်းကကော ငြိမ်းချမ်းရေးစာပွဲဝိုင်းမှာဖြေရှင်းနိုင်ရင်တော့ ပြည်သူများတွက်အများကြီးအကျိုးရှိမယ်။ အခုက လက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေကြားမှာ ဒုက္ခရောက်တာပြည်သူတွေဖြစ်တယ်။ နှစ်ဖက် လက်နက်တွေအားကိုးစရာရှိတဲ့သူတွေကြားမှာ ပြည်သူက ဘာမှအားကိုးစရာမရှိဘူး။ ဟိုဘက်လည်းကြောက်နေရ၊ ဒီဘက်လည်းကြောက်နေရတဲ့အခြေနေမျိုးပေါ့။ သတင်းထဲမှာတွေ့သလို ဟိုဘက်လမ်းပြခေါ်ရင်လည်းလိုက်၊ ဒီဘက်ကလမ်းပြခေါ်ရင်လည်းလိုက် ကြားထဲမှာ မိုင်းလည်းထောင်ကြသေးတယ်။ သေရင်လည်း ဟိုဘက်လွဲချ၊ ဒီဘက်လွဲချနဲ့ ဒီလိုနဲ့သေတဲ့သူတွေလည်းမနည်းတော့ဘူး။ လမ်းပြခေါ်လို့ ပျောက်သွားတဲ့လူတွေလည်းရှိတယ်။ အဲ့လိုမျိုးကြားမှာ ပြည်သူတွေက ညမှာကောင်းကောင်းမအိပ်ရဘူး။ ကိုယ်စားရမယ့် ကိုယ်ကောင်းကောင်းမလုပ်ရဘူး။ ပြည်သူတစ်ယောက်အနေနဲ့ ဘာသာရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ တောင်းဆိုချင်တာ အမြန်ဆုံးငြိမ်းချမ်းရေးရဖို့ပဲ။ စစ်ဆင်ရေးကလည်း ကျနော်တို့နားမလည်နိုင်ဘူး။ မဖြစ်သင့်နေရာမှာသွားဖြစ်တယ်။ မဖြစ်သင့်တဲ့အချိန်တွေမှာဖြစ်တယ်။ ကြားထဲမှာပြည်သူတွေကိုပဲ စစ်လိုက်မေးလိုက်။ တခြားတစ်ဘက်ကလည်း သံသယဝင်လိုက် သစ္စာဖောက်နာမည်တွေတပ်ပြီးတော့မှ သတ်တယ်ဖြတ်တယ်ဆိုတာလည်း သတင်းရတော့ ပြည်သူက နေရင်းထိုင်ရင်းဘယ်တော့အသတ်ခံရမလဲ။ လမ်းခရီးသွားနေရင်တောင် ဘယ်သူက ဆွဲခေါ်သွားမလဲဆိုပြီး စိုးရိမ်တကြီး ဖြစ်နေတဲ့အနေအထားဖြစ်တယ်။ ကျနော်ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးမြန်မြန်ရပါစေလို့ နှစ်ဖက်လက်နက်ကိုင်တွေကို တိုက်တွန်းချင်တယ်။

မေး- စစ်ရှောင်ပြည်သူတွေ ဘာတွေခက်ခဲနေတာလဲ။ ဒါကို နယ်အဖွဲ့က ဆရာ့သက်တမ်းတွင်း ဘာတွေကူညီပေးနိုင်မလဲ။ အစိုးရကိုကော တွန်းအား ပိုပေးနိုင်မလာ။
ဖြေ- ဒီဘက်က အခက်အခဲကနေ အစိုးရလည်းအားနည်းသလို ကျနော်တို့ဘာသာရေးအဖွဲ့ကလည်းအားနည်းတယ်။ အထူးသဖြင့် CSO, NGO တွေအားနည်းတယ်။ စစ်ရှောင်စခန်းတွေလည်း ကောင်းကောင်းသတ်မှတ်ပြီးမှ မပြုစုနိုင်ဘူး။ ဟိုရွာမှာတိုက်ပွဲဖြစ်လို့ ဒီကလူတွေ တခြားရွာမှထွက်ပြေးဆိုတာမျိုး။ ဟိုရွာမှတစ်စု၊ ဒီရွာမှာတစ်စု ပြေးလွှားရင်း ရောက်တဲ့ရွာမှာအဆင်ပြေသလိုနေကြတယ်။ ဒါကြောင့် ဘယ်လိုမျိုးဒုက္ခကြုံနေတာလဲဆိုတာ သီးသန့်ကောက်ဖို့တော်တော်လေးခက်ခဲတယ်။ ဒါကြောင့် ပြည်သူတွေက ကိုယ့်ဒုက္ခကို ကိုယ်ခါးစည်းပြီးမှခံ။ နီးစပ်ရာဆွေမျိုးတွေဆီမှာရောက်သွား။ ဆွေမျိုးတွေက ကူညီနိုင်၊ မကူညီနိုင်ရင်လည်း ကိုယ့်ဟာကိုယ်ငတ်ခံ၊ ဒါပဲ။ စခန်းမရှိတော့ ကူညီမယ့်သူတွေလည်း မလာဘူး။ သူတို့ကလည်း ဘယ်နားမှာဘယ်လိုရှိမှန်းမမြင်နိုင်ဘူး။ မနှစ်ကလည်းတောင်ယာမလုပ်ရ ဒီနှစ်လည်းတောင်ယာမလုပ်ရ။ သူတို့က တောင်ယာလုပ်မှစားရမယ့်လူတွေ။ လောလောဆယ်အနေထားမှာတော့ စားဝတ်နေရေးအကြပ်အတည်းတော်တော်လေးဖြစ်နေတယ်။ နောက် သားသမီးတွေ ပညာရေးအခက်အခဲဖြစ်လာတယ်။

မေး- ပြန်လည်နေရာချထားတဲ့သူတွေက နေရပ်ဒေသမှာ အဆင်ပြေကြလား။ သူတို့ဘာတွေလုပ်အပ်လဲ။
ဖြေ- အထူးသဖြင့်တော့ ကြောက်လန့်နေကြတဲ့အနေအထားမျိုးမှာရှိတယ်။ ထွက်ပြေးမယ်ဆိုရင်လည်း အရင်တုန်းကတစ်ခေါက်ထွက်ပြေးပြီ။ သေနတ်သံကြားတိုင် ခင်ဗျားတို့ပြေးရမလာဆိုတဲ့အနေအထားမျိုး ကျနော်တို့လည်းအပြောမခံနိုင်တော့ဘူး။ ကြောက်ရင်လည်း ကိုယ့်ရွာထဲမှာမဖြစ်တဲ့ထိနေမယ်လို့ မနေ့က ပြိုင်စိုရွာသားတစ်ယောက်ကျနော့်ဆီမှာပြောသွားတယ်။ သေနတ်သံကတော့ ညတိုင်းကြားနေရတယ်တဲ့။ ထွက်ပြေးရင်ကောင်းမလာဆိုတဲ့အနေခြေအနေမှာရှိနေတယ်။ သူတို့ကတော့ ကြောက်တယ်။ ပြီးတော့ တောမှာဘာမှထွက်ရှာလို့မရဘူး။ အလုပ်လည်းဆင်းလို့မရဘူး။ စားဝတ်နေရေးလည်းခက်ခဲတယ်။ ဒါပေမယ့် ထွက်ပြေးရင်တောင် ဘယ်နားမှာမှအားကိုးမယ့်သူ၊ ကူညီမယ့်သူမရှိတော့ မထူးဘူးဆိုပြီး ရွာထဲမှာဒီတိုင်းပဲနေနေကြတယ်။

မေး- ပလက်ဝနယ်အဖွဲ့ကကော စစ်ရှောင်တွေဘယ်လောက်ကူညီခဲ့တာလဲ။
ဖြေ- ပြိုင်စိုစစ်ရှောင်တို့ကလည်း နယ်အဖွဲ့နဲ့ ပြည်ပရောက်ချင်းတွေပူးပေါင်းပြီး ကူညီခဲ့တာရှိတယ်။ ၂၀၁၈ မှာလည်းတက်နိုင်သလောက်ကူညီခဲ့တယ်။ နယ်အဖွဲ့လုပ်နိုင်တာတော့ ဆုတောင်းပေးတယ်။ ခွန်အားပေးတယ်။ သူတို့လိုအပ်တာတော့ မကာမိနိုင်ဘူး။ လိုအပ်တာ ဖြည့်စွက်ပေးတာလောက်ပဲ။ နှစ်တိုင်းလည်း မကူညီဖြစ်ဘူး။

မေး- ထပ်ပြီးဖြည့်စွက်စရာရှိရင်ပြောပေးပါအုံး။
ဖြေ- လူသားချင်းစာနာတဲ့အဖွဲ့အနေနဲ့ ပလက်ဝနယ်ကို ကူညီဖို့ ပံ့ပိုးဖို့ဆိုတာ စခန်းရှိမှကူညီမယ်၊ အစိုးရကနေတဆင့်ကူညီမယ်ဆိုရင် ပြည်သူတွေကတော့ ဒုက္ခရောက်ကုန်မယ်။ ဘာလို့လဲဆိုတော့ အစိုးရဘက်ကရော သတင်းအချက်အလက်အရလက်လှမ်းမမှီနိုင်တာအများကြီးရှိတယ်။ ပြောရရင်တော့ ပလက်ဝနယ်က စစ်ဘေးရှောင်ကိန်းဂဏန်းတောင်းတိတိကျကျမရနိုင်တဲ့အခြေအနေဖြစ်တယ်။ အဲ့ဒါကို ဒုက္ခမရောက်ဘူးဆိုသလိုမျိုးပေါ့။ ချင်းအသိုင်းအဝိုင်းဘက်ကလည်း သွေးဆူတဲ့ဘက်ကပဲ အမျိုးကိုချစ်တာထက် ညင်ညင်သာသာနဲ့ဘယ်လိုကူညီနိုင်မလဲဆိုတာစဉ်းစားစေချင်တယ်။ ခရစ်ယာန်ဘာသာအဖွဲ့အစည်းတွေအနေနဲ့လည်း ဒါဟာ ဘုရားပေးတာဝန်တစ်ခုလို့မှတ်ယူစေချင်တယ်။

မေး- ကျေးဇူးတင်ပါတယ်။
ဖြေ-ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်