ပလက်ဝမြို့နယ် အခြေအနေကို ပြန်လည်သုံးသပ်ပြီးထုတ်ပြန်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆို

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ တိုင်းဒေသကြီး ၁ ခုနဲ့ ပြည်နယ် ၅ ခုတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေအနေနဲ့ ယင်းစာရင်းတွင်မပါဝင်တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အခြေအနေကို ပြန်လည်သုံးသပ်ပြီး ထုတ်ပြန်ဖို့ရှိတယ်လို့ ဒီကနေ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က “အမ်းနဲ့ ပတ်သက်ပြီးတော့လည်းပဲ သက်ဆိုင်ရာက သဘောထား မှတ်ချက်တွေပေးထားပါတယ်။ အဲ့ဒီအပေါ်မှာလည်းပဲ ကြည့်ပြီးတော့ ကျနော်တို့ ကြေငြာခြင်းဖြစ်တယ်၊ ပြန်လည်ပြီးတော့ သုံးသပ်မယ်။ ပလက်ဝမြို့နယ်ကတော့ နောက်ထပ် ထပ်ကြေငြာစရာရှိတယ်၊ စီစစ်စရာရှိတယ်။ စီစစ်စရာရှိတာကို ဆက်ပြီး စီစစ်နေတယ်။ ပလက်ဝနဲ့ ပတ်သက်ပြီးတော့လည်း ထပ်ပြီး ကြေငြာစရာရှိပါတယ်။ မကျင်းပနိုင်တော့ ရွှေ့ဆိုင်းတဲ့ ကိစ္စတွေကတော့ ၂၀၁၅ ခုနှစ်ကလည်းပဲ ဒီနည်းလမ်းအတိုင်းပါပဲ” လို့ပြောပါတယ်။

ဆက်လက်ပြီး ဦးမြင့်နိုင်က “ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန စတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီက သဘောထား မှတ်ချက်တွေကို တောင်းခံရယူခဲ့ပါတယ်။ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ တင်ပြချက်တွေ၊ ဒါတွေကို စုပေါင်းပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မိမိသဘောနဲ့ မိမိ ဆုံးဖြတ်နေတာ မဟုတ်ဘူး” လို့ပြောပါတယ်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းထဲက နယ်မြေတချို့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတဲ့အတွက်ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ သောကြာနေ့ကပဲ လက်ရှိရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးလို့ ထုတ်ပြန်လိုက်တဲ့ မြို့နယ်တွေမှာ ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ တခြား မြို့နယ် ၄ မြို့နယ်က ရပ်ကွက်ကျေးရွာ အုပ်စု ၁၅၂ အုပ်စု၊ ကချင်ပြည်နယ်က မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာ အုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်ရှိ ကျေးရွာအုပ်စု ၅၃ အုပ်စု ပါဝင်နေပါတယ်။ နောက်ပြီး ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ်နဲ့ တခြားမြို့နယ် ၁၇ ခုမှ ရပ်ကွက်ကျေးရွာ အုပ်စု ၁၅၁ အုပ်စုနဲ့ မွန်ပြည်နယ်က ကျေးရွာအုပ်စု ၁ စုနဲ့ ပဲခူးတိုင်းက မြို့နယ် ၂ ခုက ကျေးရွာ အုပ်စု ၄၂ အုပ်စု စတာတွေ ပါဝင်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြန်သုံးသပ်ပြင်ဆင်ပေးဖို့ တိုင်းရင်းသား ၅ ပါတီဖြစ်တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မွန်ညီညွှတ်ရေးပါတီနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့တို့က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုထားပါတယ်။

ရွေးကောက်ပွဲကျင်းပခြင်းမပြုမယ့် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်နဲ့ ကွမ်းလုံမြို့နယ်တို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး နယ်မြေအေးချမ်းလျက်ရှိတယ်လို့ လားရှိုးခရိုင်ရွေးကောက်ပွဲအရာရှိက ရှမ်းပြည်နယ် (မြောက်ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးထံ အောက်တိုဘာ (၁၉)ရက်နေ့စွဲဖြစ် တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ ကချင်၊ ကရင်၊ မွန်ပြည်နယ်တွေနဲ့ ပဲခူးတိုင်းအတွင်းက မြို့ ၇ မြို့နဲ့ ကျေးရွာအုပ်စု ၆၀၀ လောက်အပြင် ရှမ်းပြည်နယ်ဘက်က မြို့နယ် ၇ ခုနဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသေတြမှာ လုံခြုံရေး စိတ်မချရတာကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်တွေကို ဖျက်ခဲ့ရဖူးပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်