ဘာကြောင့် ချင်း၊ စစ်ကိုင်းကိုဖြတ်ပြီး အိန္ဒိယကို မူးယစ်ဆေးဝါးဖြန့်ချီသည့် လမ်းကြောင်း အားကောင်းလာတာလဲ?

ကိုဗန်(တောင်ပေါ်မြေ)
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းချိန်မှ စပြီး ပြည်တွင်းစစ်ဖြစ်ပွားနေမှု၊ စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှု၊ကြိုးနီစနစ်ကြီးထွားလာမှု နှင့် လမ်းကြောင်းများကို ငွေကြေးပေးရုံဖြင့် သယ်ယူနိုင်သည့် အချက်များကြောင့် မူးယစ်ဆေးဝါး ကုန်သွယ်မှုသည် စံချိန်တင်တိုးပွားလာနေသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသယ်ယူသည့် လမ်းကြောင်းများမှာ ရှမ်းပြည်နယ်မှ ထုတ်လုပ်ပြီး ထိုင်း၊မလေးရှား၊ ဘင်္ဂလားဒခ်ျ တို့ကဲ့သို့ နိုင်ငံများကို ရန်ကုန်၊တာချီလိတ်၊မြဝတီ၊ထားဝယ် လမ်းကြောင်းများမှ တဆင့် တင်ပို့နေကြသည်။

အိန္ဒိယကို မူးယစ်ဆေး တင်ပို့ရန် ချင်းနှင့် စစ်ကိုင်းကို ဖြတ်ကျော်မှု ပိုများပြားလာ

ထူးထူးခြားခြားအနေနှင့် စစ်ကိုင်းနှင့် ချင်းပြည်နယ်ကို ဖြတ်ကာ အိန္ဒိယကို မူးယစ်ဆေးဝါး သယ်ယူရောင်းချမှုသည်လည်း တဟုန်ထိုး တိုးမြင့်လာနေကြောင်း သတင်းများက ဖော်ပြနေသည်။
ရှေးယခင်က အိန္ဒိယကို မြန်မာနယ်စပ်မှ တဆင့် မူးယစ်ဆေးဝါးတင်သွင်းရောင်းချမှုမှာ အနည်းငယ်သာ ဖြစ်သော်လည်း လက်ရှိကာလတွင် ပြည်တွင်းစစ်ဖြစ်ပွားမှု၊စစ်‌ဆေးနိုင်မှု အားနည်းခြင်းတို့ကြောင့် စစ်ကိုင်း နှင့် ချင်းဒေသတို့ကို ဖြတ်ကျော်ကာ မူးယစ်ဆေးဝါးသယ်ယူရောင်းချမှုသည် အာဏာသိမ်းကာလအတွင်း ပိုများပြားလာနေသည်။

နယ်စပ်ရှိ အိန္ဒိယမြို့များတွင် ဘိန်းဖြူနှင့် ‌စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိမှု မြင့်တက်လာနေပြီး မြန်မာပြည်တွင်းတွင်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏဆိုသလို ဖမ်းဆီးရမိမှု တိုးလာနေသည်။

သို့သော်လည်း မန္တလေး-မူဆယ် လမ်းမကြီး ကွက်ခိုင်အနီးရှိ X-ray စက်နှင့် တောင်ကြီး-ရန်ကုန် ကားလမ်းရှိ ကလောအဆင်း X-ray စက်ကဲ့သို့ စစ်ဆေးနိုင်မှု မရှိသည့်အတွက် မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် ပိုလွယ်ကူနေသည်။

ထိုသို့ စက်များရှိသည်တိုင် ရှမ်းပြည်နယ်ထွက် မူးယစ်ဆေးဝါးအများအပြားသည် တနိုင်ငံလုံးကိုသာမက နိုင်ငံတကာကိုပါ ဖြန့်ချီနိုင်သည့်အထိ အားကောင်းလာပြီး ထုတ်လုပ်မှုမှာလည်း တိုးတက်လာနေသည်။

နိုင်ငံနေရာအချို့တွင် ရှောင်တခင် X-ray စက်များဖြင့် စစ်ဆေးမှုလည်း ပြုလုပ်နေသော်လည်း စစ်ကိုင်းနှင့် ချင်းဒေသတွင် ထိုသို့ စစ်ဆေးမှု မပြုလုပ်နိုင်ကြသလို မူးယစ်ဆေးဝါး လမ်းကြောင်းများကို ဖော်ထုတ်စစ်ဆေးနိုင်သည့် အခြေအနေရှိမနေခြင်းကြောင့် မူးယစ်ကုန်သည်များအတွက် ပိုလွယ်ကူသည့် လမ်းကြောင်း ဖြစ်လာသည်။

ဘိန်းဖြူအပါအဝင် စိတ်ကြွမူးယစ်ဆေး အများအပြားသည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စိုက်ပျိုးထုတ်လုပ်နေပြီး စစ်ဆေးမှုပေါင်းစုံကို ကျော်ဖြတ်လာနိုင်သည့် မူးယစ်ဆေးဝါးအများစုသည် စစ်ကိုင်းနှင့် ချင်းဒေသကို ဖြတ်ကျော်ရန် ပိုလွယ်ကူနေသည်။

စစ်ကိုင်းနှင့် ချင်းဒေသကို ပြည်တွင်းသုံးစွဲရန် စိတ်ကြွဆေးပြားနှင့် နယ်စပ်မှ တင်ပို့ရန် ဘိန်းဖြူကဲ့သို့ မူးယစ်ဆေးများသည် တခြားတိုင်းနှင့် ပြည်နယ်ဒေသများထက် ပိုလွယ်ကူစွာ သွားနေသည် ဟု ယူဆရသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ပီနံအိတ်ဖြူ ငါးလုံး ရှာဖွေ ဖမ်းဆီးရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ စက်တင်ဘာလ (၇)ရက်တွင် ထုတ်ပြန်ထားသည် ဟု သတင်းများက ဖော်ပြနေသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးဝါးအမျအပြားဝင်ရောက်နေပြီး အထူးသဖြင့် ဘိန်းဖြူဝင်ရောက်နေသည်။

မြန်မာပြည်ဘက်ခြမ်းတွင် စစ်ကိုင်တိုင်း ကလေးမြို့နယ်နှင့် ချင်းပြည်နယ် မြောက်ပိုင်းဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ဖြန့်ချီနေကြသည့် ကုန်သည်ကြီးများ ရှိနေသည် ဟု ယူဆရကြောင်း လေ့လာသူတစ်ချို့က ဆိုသည်။

သတင်းဖော်ပြချက်များအရ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် တွင် ၂၀၂၂ခုနှစ် (၇)လတာ ကာလအတွင်း ဘိန်းဖြူ အလေးချိန် (၂၉.၆၁၂) Kg ဖမ်းဆီးရမိပြီး ၂၀၂၁ခုနှစ် တစ်နှစ်တာဖမ်းဆီးရမိမှုမှာ (၁၅.၇၉၂)Kg ၊၂၀၂၀ခုနှစ် တစ်နှစ်တာ ဖမ်းဆီးရမိမှုပမာဏာမှာ (၈.၇၃၈)Kg တို့နှင့် ယှဉ်လျှင် စံချိန်တင် ဖမ်းဆီးရမိမှု ဖြစ်နေသည်။

အဆိုပါ မူးယစ်ဆေးဝါးအများစုသည် မီဇီုရမ်ပြည်နယ်မှ တဆင့် အခြားဒေသများကို ဖြတ်ကျော် တင်ပို့ရန် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုအချက်များအရ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ တဆင့် မန္တလေးမြို့ကို ဖြတ်ကာ စစ်ကိုင်းနှင့် ချင်းဒေသတို့မှ တဆင့် အိန္ဒိယ မီဇိုရမ်ပြည်နယ် အတွင်း ဝင်ရောက်နေပြီး အခြားဒေသများကို မူးယစ်ဆေးဝါးသယ်ဆောင်သည့် လမ်းကြောင်း အားကောင်းလာနေကြောင်း သက်သေပြနေသည်။

CCDAC Myanmar ၏ ဖော်ပြချက်များအရ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုသည် ရှမ်းပြည်နယ်၊မန္တလေးတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ရန်ကုန်တိုင်း နှင့် ကချင်ပြည်နယ်တို့ကို ဖော်ပြထားသော်လည်း စစ်ကိုင်းနှင့် ချင်းဒေသအတွင်း ဖမ်းဆီးရမိမှုတို့မှာ မရှိသလောက် နည်းပါးနေသည်။

ထိုအချက်က စစ်ကိုင်း၊ချင်း လမ်းကြောင်းသည် အတားအဆီးမရှိ လွယ်ကူစွာ သွားနိုင်သည်ကို ညွန်ပြနေသည်။

မူးယစ်ဆေးဝါးတွေ ဘယ်လိုဖြန့်နေကြလဲ

ယခင်က ဘိန်းဖြူအများစုသည် ကချင်ပြည်နယ်နှင့် ‌ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ၊ရွှေတူးဖော်ရေးဒေသများကို သွားရောက်နေကြပြီး စိတ်ကြွဆေးပြားအများစုသည် ကရင်ပြည်နယ်၊တနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်၊ရန်ကုန်တိုင်း နှင့် မွန်ပြည်နယ်တို့ကို သွားရောက်နေကြောင်း စစ်တမ်းများက ‌ဖော်ပြထားသည်။

ICE ကဲ့သို့ မူးယစ်ဆေးဝါးအများစုသည် ရှမ်းအရှေ့ပိုင်းမှ တဆင့် ထိုင်းနိုင်ငံအတွင်းကို အများဆုံး ဝင်ရောက်နေကြပြီး စိတ်ကြွဆေးပြားနှင့် ဘိန်းကဲ့သို့ အရာများသည်လည်း သွားရောက်နေသည်။
ထိုင်းအစိုးရသည် ၂၀၂၂ခုနှစ် အတွင်း နယ်စပ်တလျှောက်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု စံချိန်တင် မြင့်တက်နေပြီး အများစုမှာ ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်နေကြောင်း သတင်းများက ဆိုသည်။

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး သယ်ယူရာ လမ်းကြောင်းများကို ကြည့်လျှင် စစ်ကောင်စီထိန်းချုပ်ထားပြီး အစစ်ဆေးများပြားသည့် ပြည်ထောင်စုလမ်းမကြီးများကို အသုံးပြု သယ်ယူပို့ဆောင်နေကြခြင်း ဖြစ်ပြီး မကြာခဏ ဆိုသလို ဖမ်းဆီးရမိမှုတို့ ရှိနေသည်။

၂၀၂၁ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အများဆုံးဒေသများမှာ မန္တလေး၊ရန်ကုန်၊မြဝတီ တို့ ဖြစ်ကြပြီး မန္တလေးမြို့သည် အနယ်နယ်အရပ်ရပ်ကို မူးယစ်ဆေးဖြန့်ချီသည့် ဈေးကွက်ကြီး ဖြစ်နေပြီး ယင်းမှတဆင့် နိုင်ငံတဝှမ်းနှင့် ထိုင်း၊မလေးရှား၊ဘင်္ဂလားဒခ်ျ၊အိန္ဒိယ စသည့် နိုင်ငံများကို တင်ပို့နေကြသည်။

ယခင်က ရခိုင်ဒေသမှ ဘင်္ဂလားဒခ်ျကို မူးယစ်ဆေးဝါးတင်ပို့သည့် လမ်းကြောင်းသစ်ပေါ်ထွက်ခဲ့ပြီး ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှ စတင်ကာ ချင်းနှင့် စစ်ကိုင်းဒေသမှတဆင့် အိန္ဒိယကို မူးယစ်ဆေးဝါးတင်ပို့သည့် လမ်းကြောင်း ပိုအားကောင်းလာနေသည်။

စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမှု၏ (၅၄)ရာခိုင်နှုန်းကျော်မှာ ရှမ်းပြည်နယ်တွင် ဖြစ်ကာ ရခိုင်ပြည်နယ်မှာ(၃၀)ရာခိုင်နှုန်း ကျော်ဖြင့် ဒုတိယအဆင့်တွင် ရှိသလို ကျန်ဒေသများမှ ဖမ်းဆီးရမှုမှာ(၁၄)ရာခိုင်နှုန်းကျော် ရှိကြောင်း UNODC က ဖော်ပြထားသည်။

သို့သော် စစ်ကိုင်းနှင့် ချင်းဒေသတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ နည်းပါးပြီး သုံးစွဲသူနှင့် အနည်းငယ်ဖြန့်ချီသူ တချို့ကို ဖမ်းဆီးရမိသည့် ဖြစ်စဉ်များ ရှိနေသည်။

အဓိကအချက်မှာ မူးယစ်ဆေးဝါးလမ်းကြောင်းများကို ကာကွယ်တားဆီးနိုင်ခြင်း မရှိမှု၊ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များအနေနှင့် မူးယစ်ဆေးဝါးနှင့် ပက်သက်သည့် အတွေ့အကြုံအားနည်းမှု၊ချိတ်ဆက်နိုင်ခြင်း မရှိမှုနှင့် စနစ်တကျ ထိန်းချုပ်တားဆီးနိုင်သည့် စနစ်၊လမ်းကြောင်းဗျူဟာ မရှိမှုတို့ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ဘယ်လောက် ထုတ်လဲ

ရှမ်းပြည်နယ်သည် ဘိန်းစိုက်ပျိုးမှု၏ (၈၅)ရာခိုင်နှုန်းကို လုပ်ဆောင်နေသည့် ပြည်နယ် တခု ဖြစ်သလို ၂၀၁၉ခုနှစ်က စုစုပေါင်း(၂၈၀၀၀)ဧကကျော် စိုက်ပျိုးခဲ့သည် ဟု UNODC ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအနက် ရှမ်းပြည်နယ်တောင်ပိုင်းသည် ဘိန်းစိုက်‌ဧက(၁၂၀၀၀)ခန့် ရှိမည် ဟု ထုတ်ပြန်ထားပြီး နိုင်ငံတဝှမ်း ဘိန်းစိုက်ပျိုးမှု၏(၃၆)ရာခိုင်နှုန်း ရှိနေသည်။ ပျမ်းမျ ဘိန်းထွက်ရှိမှုမှာ ၂၀၁၉ ခုနှစ်က (၁၆၅) တန် ထွက်ရှိမည် လို့ ခန့်မှန်းထားကြသည်။ ၂၀၂၁ခုနှစ် နှင့် ၂၀၂၂ခုနှစ်များတွင် စိုက်ပျိုးမှု တိုးလာနိုင်ဖွယ်ရှိနေပြီး ထုတ်လုပ်မှုမှာလည်း တန်ချိန်(၂၀၀)ဝန်းကျင်တွင် ရှိမည် ဟု ခန့်မှန်းရသည်။
လက်ရှိ ငွေလဲလှယ်နှုန်းများ မြင့်တက်မှုကြောင့် ပြည်ပကို မူးယစ်ဆေးဝါးတင်ပို့မှုကို ပိုအားကောင်းလာစေနိုင်ဖွယ် ရှိနေသည်။

ဘိန်းဖြူအဖြစ် ပြောင်းလဲ ထုတ်လုပ်ရာတွင် ပြည်တွင်းသုံးစွဲမှုအတွက် (၇.၆)တန် ခန့် ဖြစ်ပြီး ပြည်ပကို တင်ပို့မှုမှာ တန်(၂၀)မှ (၄၅)တန် အထိ ရှိဖွယ် ရှိကြောင်း UNODC က ခန့်မှန်းထားသည်။ UNODC စစ်တမ်းအရ ဘိန်းကနေရရှိတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ (၁.၃၇)ဘီလီယံ အထိ ရှိနိုင်ပြီး

ပြည်တွင်း ဘိန်းဖြူ သုံးစွဲသည့်တန်ဖိုးသည် အမေရိကန်ဒေါ်လာသန်း(၂၉၀)အထိ ရှိနိုင်ကာ ဒေါ်လာတစ်ဘီလီယံခန့်အား နိုင်ငံတကာသို့ တင်ပို့ထားဖွယ်ရှိသည် ဟု UNODC ၏ Myanmar opium survey 2019တွင် ဖော်ပြထားပါသည်။

ဘိန်းဖြူသည် စိုက်ပျိုးထုတ်လုပ်မှု အဆင့်ဆင့်ကို ပြုလုပ်ရသည့်အတွက် အချိန်ကြာမြင့်ပြီး လွယ်ကူသက်သာဆုံးမှာ စိတ်ကြွမူးယစ်ဆေးဝါးတို့ ဖြစ်သည်။ ဓါတုဆေးဝါးများနှင့် ဓါတ်ခွဲခန်းငယ်ရှိလျှင် အလွယ် ထုတ်နိုင်သည့် စိတ်ကြွမူးယစ်ဆေးဝါးများသည် ၂၀၂၁ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စံချိန်တင်မြင့်တက်လာနေကြောင်း ဖမ်းဆီးရမိသည့် ဖြစ်စဉ်များက သက်သေပြနေသည်။

ကုလသမဂ္ဂအဆိုအရ မြန်မာနိုင်ငံသည် နှစ်စဉ် မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ(၁၀)ဘီလီယံကျော် ထွက်ရှိ‌နေကြောင်း ဖော်ပြထားသည်။ သို့သော်လည်း ဖမ်းဆီးရမိမှုမှာ နှစ်စဉ် ဒေါ်လာ(၁)ဘီလီယံဝန်းကျင်သာ ရှိနေရာ ကွာဟချက် မြင့်မားနေသည်။

မြန်မာနိုင်ငံတွင် စိတ်ကြွဆေးပြား မည်မျှထုတ်နေသည်ကို မသိရှိရသော်လည်း နှစ်စဉ် အမေရိကန်ဒေါ်လာ(၆)ဘီလီယံထက် မနည်း ရှိနေနိုင်ကြောင်း ခန့်မှန်းရသည်။ ၂၀၂၁ခုနှစ်အတွင်း မူးယစ်ဆေးဝါးသယ်ယူဖြန့်ချီသည့် လမ်းကြောင်းမှာ ယခင်နှစ်များထက် ပိုသာလွန်လာနေပြီး ဖမ်းဆီးရမိမှုတို့မှာလည်း စံချိန်တင် မြင့်တက်ခဲ့ပြီး ၂၀၂၂ခုနှစ်တွင်လည်း ပိုများပြားသည့် အခြေအနေကို တွေ့နိုင်သည်။

အဘယ်ကြောင့်ဆိုသော် ပြည်တွင်းစစ်ဖြစ်ပွားမှုကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအများစုမှာ လွက်လပ်နေပြီး စစ်ကောင်စီအုပ်စုလက်အောက်ခံ စစ်ဆေးရေးအဖွဲ့များကိုလည်း အလွယ်တကူ ကျော်လွှားနိုင်သည့် အခြေအနေကြောင့် ဖြစ်နေသည်။

အိန္ဒိယသည် ဈေးကွက်သစ် ဖြစ်လာနေလား

အာဖဂန်နေစ္စတန်သည် တာလီဘန်တို့ ထိန်းချုပ်မူ ရှိပြီးနောက် မူးယစ်ဆေးဝါးထုတ်လုပ်မှုတို့မှာ အကန့်အသတ်ရှိလာသည်။

ကမ္ဘာတွင် ဒုတိယဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်သော မြန်မာနိုင်ငံသည် အိန္ဒိယရှိ မူးယစ်ဆေးဝါးလိုအပ်ချက် လမ်းကြောင်းကို ဖြည့်ဆည်းပေးနေသည့် အနေအထားတွင်ရှိလာသည်။
နိုင်ငံအတွင်း ပြည်တွင်းစစ်ဖြစ်ပွားနေမှု၊သယ်ယူပို့ဆောင်ရာတွင် လာဒ်ပေးလာဒ်ယူစနစ်အားကောင်းလာမှုနှင့် မူးယစ်ဆေးဝါးတားဆီးရေးတို့အပေါ် အလေးအနက် မရှိမှု နှင့် စီးပွားရေးကျဆင်းမှုတို့က ဘိန်းစိုက်ပျိုးမှုအပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုကို အားကောင်းလာနေစေသည်။

စစ်ကိုင်းနှင့် ချင်းဒေသတို့သည် မူးယစ်ဆေးဝါး အများအပြားထုတ်လုပ်နိုင်‌သည့် နေရာ မဟုတ်သော်လည်း ရှမ်းပြည်နယ်ဘက်မှ သယ်ယူပို့ဆောင်သည့် လမ်းကြောင်း ရှိနေသည်။ထိုလမ်းကြောင်းတစ်လျှောက်သည် စစ်ကောင်စီက ထိန်းချုပ်ထားပြီး စစ်ဆေးမှုပုံစံမျိုးစုံရှိနေသည် ဖြစ်ရာ မင်းကြီး ဘယ်ကထွက်သည်ကို အလွယ်တကူ သိမြင်နိုင်သည်။

စစ်ကောင်စီလက်အောက်ခံ နယ်မြေလမ်းကြောင်းများမှ တဆင့်သယ်ဆောင်လာသည့် ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးများသည် ပြည်တွင်းစစ်ပြင်းထန်နေသော စစ်ကိုင်းနှင့် ချင်းဒေသတို့ကို ဖြတ်သန်းကာ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်အတွင်းကို ကုန်းလမ်းမှတဆင့် ဝင်ရောက်နေသည်။ထိုမှတဆင့် အိန္ဒိယအတွင်းပိုင်းဒေသများကို ဖြန့်ချီမည့် လမ်းကြောင်း ဖြစ်နေသည် ကို တွေ့ရသည်။

ချင်းပြည်နယ် မြောက်ပိုင်းဒေသရှိ နယ်မြေအချို့တွင် ဘိန်းစိုက်ပျိုးနေသော်လည်း ဘိန်းဖြူဖြစ်သည့်အထိ ထုတ်လုပ်နိုင်မှု မရှိသေးရာ ဘိန်းစေး(သို့) ဘိန်းမည်းများကိုသာ ရောင်းချနေသည့် အဆင့်တွင် ရှိနေသည်။ လက်ရှိ ပြည်တွင်းစစ်အနေအထားအရ ထုတ်လုပ်မှု အခြေအနေအထိ တိုးတက်လာနိုင်ပြီး ကလေး၊တမူးနယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုမှာ မြင့်တက်လာနေသည့်အတွက် လိုအပ်ချက် မြင့်လာသည်။

ထိုအတူ စစ်မီးကြောင့် နယ်စပ်ဒေသတလျှောက်တွင် အလုပ်အကိုင်ပျက်ဆီးမှု၊နေအိမ်ရပ်ရွာပျက်းဆီးမှုတို့ကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် လမ်းကြောင်းကို ပိုအားကောင်းလာနေစေသည်။

အိန္ဒိယနိုင်ငံသည်လည်း မူးယစ်ဆေးဝါး ဈေးကွက်ရှိနေပြီး မြန်မာနိုင်ငံမှ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူနိုင်မှုက စိတ်ဝင်စားမှု မြင့်တက်စေသည်။ ထိုကြောင့် ၂၀၂၁ခုနှစ်မှ စတင်ကာ အိန္ဒိယ-မြန်မာ နယ်စပ် မှ တဆင့် အိန္ဒိယပြည်မကြီးကို မူးယစ်ဆေးတင်ပို့သည့် လမ်းကြောင်း အားကောင်းလာဟန် တူသည်။

ယခင်က ဘင်္ဂလားဒခ်ျနိုင်ငံမှ တဆင့် အိန္ဒိယဈေးကွက်အတွင်း ဝင်ရောက်သည် ဆိုသော်လည်း လက်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်လမ်းကြောင်းသည် မြန်မာ ပြည်တွင်းစစ်ကြောင့် ပိုအားကောင်းလာဟန် တူသည်။

မြန်မာနိုင်ငံသည် စစ်တပ် အာဏာသိမ်းချိန် ၂၀၂၁ခုနှစ် စတင်ကာ ၂၀၂၂ခုနှစ် အထိ မူးယစ်ဆေးဝါးထုတ်လုပ်မှု စံချိန်တင် မြင့်တက်လာကာ တားဆီးနိုင်စွမ်းအားနည်းချက်ကြောင့်လည်း ဈေးကွက်အတွင်း ပေါပေါသီသီ တွေ့ရှိလာရသလို ဈေးနှုန်းများမှာလည်း ကျဆင်းနေကြောင်း သတင်းများက ဆိုထားသည်။

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုက မူးယစ်ဆေးဝါးများ ပြည်ပတင်ပို့ရန် ပိုအားကောင်းလာစေနိုင်သည် ဖြစ်ရာ အခြားနိုင်ငံများကို တင်ပို့သည့် လမ်းကြောင်းနှင့် အတူ အိန္ဒိယ-မြန်မာ နယ်စပ် လမ်းကြောင်းမှာလည်း ပိုအားကောင်းလာသည်မှာ ငြင်းမရသည့် အချက် ဖြစ်လာသည်။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်