ရိခေါ်ဒါရ်နယ်စပ်ဂိတ်ဖွင့်ခြင်းအားဖြင့် ချင်းပြည်နယ်ခရီးသွားလာမှုဘယ်လောက်အကျိုးပြုမလဲ၊ ဘာတွေလိုသေးလဲ

အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေဖြစ်တဲ့ ရိခေါဒါရ်မြို့ဂိတ်နဲ့ မိုးရေဂိတ်ကို နှစ်နိုင်ငံတာဝန်ရှိသူတွေက သြဂုတ်(၈)ရက်နံနက်ပိုင်းမှာဖွင့်လှစ်ကြပါတယ်။  ဒီ border pass စနစ်ဟာ (၁၃)ရက်နေ (၁၄)ညအိပ်ဖြစ်ပါတယ်။ အရင်ကတော့ မနက် (၆)နာရီကနေ ညနေ(၆)နာရီထိပဲနေလို့ရတယ်။ ဒါပေမယ့် နယ်စပ်ကနေ (၁၀)မိုင်ထိပဲသွားဖို့ ခွင့်ပြုထားပါတယ်။ ချင်းပြည်နယ်မှာဆို ရိခေါဒါရ်မြို့ဧရိယာထိပေါ့။ ရိခေါဒါရ်နဲ့အနီးဆုံး ဖလမ်းမြို့၊ တီးတိန်မြို့ဘက်သွားလို့မရတော့ဘူး။ မိုးရေဘက်မှာဆို တမူးထိပဲသွားလို့ရပါမယ်။ ဝင်လာတဲ့ဧည့်သည်တွေကို သူတို့တည်းတဲ့အိမ်တွေက ၎င်းတို့ဧည့်သည်ကဘယ်နေ့၊ ဘယ်လမ်းကနေပြန်သွားတဲ့အကြောင်း အာဏာပိုင်တွေဆီသတင်းပို့ရမယ်။ နိုင်ငံခြားဧည့်သည်တွေက အစည်းအဝေး၊ သင်တန်းတွေ ပေးရင် သုံးပတ်ကြိုတင် အစိုးရဆီခွင့်တောင်းရမယ်ဆိုတာတွေက ခရီးသွားလာရေးအတွက်ဘယ်လောက်အဟန့်အတားဖြစ်စေနိုင်မလဲ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ချင်းပြည်နယ်မှာ လူထုအခြေပြုခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ ကိုမိုက်ကယ်ရဲ့အမြင်ကို Zalen သတင်းက မေးမြန်းထားပါတယ်။

Michael Suan Tak

Border pass ဖွင့်လိုက်တာက ချင်းပြည်နယ်တွက်အကျိုးရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ ချင်းပြည်နယ်ကို လာရင်းနဲ့ အိန္ဒိယကိုသွားလို့ရတယ်၊ ဒါအားသားချက်ပေါ့။ သူတို့ဗီဇာကုန်ခါနီးရင် နယ်စပ်သွားပြီး ဒီကိုပြန်လာရင် သက်တမ်းတခါတည်းတိုးလို့ရတယ်။ ဒါပေမယ့် နောက်ထပ်ဒီထက်ကောင်းအောင်လုပ်ဖို့တော့လိုသေးတယ်။ ခုတော့ ဗီဇာကအွန်လိုင်းကနေလျှောက်မယ်ပေါ့။ တခါတလေ ငွေပေးချေတဲ့စနစ်မှာအခက်အခဲတွေရှိနိုင်တယ်။ ကျနော်တို့မြန်မာနိုင်ငံသားတွေက အိန္ဒိယကို ဆေးကုတာ၊ ဘုရားဖူးသွားချင်တာဖြစ်ဖြစ် passport နဲ့သွားလို့ရတယ်။ ဒါပေမယ့် ဗီဇာကျတော့ နယ်စပ်မှာသွားလျောက်လို့မရဘူး။ ရန်ကုန်သံရုံးမဟုတ်ရင်၊ အွန်လိုင်းကနေလျှောက်ရမယ်။ အဲ့ဒါလေးသာ တခါတည်းလုပ်လို့ရရင် ချင်းပြည်နယ်ကိုလာရင်းနဲ့ အိန္ဒိယကိုပတ်လို့ရတယ်ပေါ့နော်။

တစ်ခုပြင်ဖို့လိုသေးတယ်လို့ကျနော်မြင်တဲ့တာကတော့ အခုစနစ်က နယ်စပ်ကနေ ဆယ်မိုင်ထိပဲသွားလို့ရတယ်။ မိုးရေ၊ နန်ဖာလုံဂိတ်ကဝင်လာလို့ရှိရင် တမူးထိပဲသွားလို့ရမယ်၊ ကလေးထိလာလို့မရဘူး။ သူတို့က တမူးထိဘဲသွားပြီးဘာလုပ်ကြမလဲ၊ တမူးမှာဘာဆွဲဆောင်မှုရှိလဲပေါ့။ ရိဒ်ဘက်ကဖြတ်လာတဲ့လူတွေက ရိဒ်ရေကန်ကိုပဲသွားလို့ရမယ်။ ကျန်တဲ့ဟာတွေသွားလို့မရဘူးဆိုတော့ ကျနေ်ာတို့ရဲ့ market တစ်ခုလုံးက ရိဒ်ကိုရွေ့သွားရမလိုဖြစ်နေတယ်။ အဲ့မှာ အကန့်သတ်ရှိနေတယ်။ လာတဲ့သူတွေက ကနေဒီတောင်နဲ့ ဖလမ်းထိသွားချင်ရင်တောင် သွားလို့မရတော့ဘူး။ အဲ့လိုမဟုတ်ဘဲ ချင်းပြည်ဘက်ကဝင်လာတဲ့သူဆို ချင်းပြည်တစ်ခုလုံးသွားလို့ရတဲ့ပုံစံမျိုးလုပ်ပေးရင် ပိုပြီးမှ ခရီးသွားလုပ်ငန်းမှာအောင်မြင်နိုင်မယ်။ ဧည့်သည်တွေပိုပြီးလာနိုင်ခြေရှိတယ်လို့မြင်တယ်။

ဟိုတယ်တည်းခိုခန်း၊ စားသောက်ဆိုင်တွေနည်းပါးတာနဲ့ပတ်သက်ပြီး တကယ်လို့သာပွင့်လာရင် မရှိသေးတဲ့ဟာ အလိုလိုရှိလာမယ်။ ဒီဘက်မှာလုပ်ငန်းရှင်တွေက ဘာလုပ်ငန်းလုပ်ရမယ်ဆိုတာမသိတဲ့သူများတယ်။ ဒီလုပ်ငန်းလုပ်လို့ကောင်းတယ်လို့မြင်လာရင် တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေ၊ နိုင်ငံခြားသားတွေစိတ်ဝင်စားနိုင်မယ့်လုပ်ငန်းတွေအများကြီးပေါ်လာလိမ့်မယ်။ အစိုးရဘက်က အစားအသောက်တွေကြပ်မတ်ဖို့လိုမယ်။ အစားအသောက်မှာ ဟင်းချိုမှုန့်များများသုံးတာ၊ ဓာတုပါတဲ့အစားအသောက်ပါတဲ့ကိစ္စတွေပေါ့။ စားသောက်ဆိုင်တွေလိုင်စင်လုပ်ကိုင်တာမျိုး၊ သင်တန်းပေးတာမျိုးပေးဖို့လိုမယ်။ ဂိတ်ဖွင့်ပေးလိုက်ပြီးနောက် လုပ်ငန်းရှင်ဘက်ကကော၊ ပြည်သူဘက်ကကော ဒါတွေလိုသေးတယ်ဆိုပြီးသွားတောင်းဖို့လိုမယ်ထင်တာပဲ။ ပထမဆင့်က ဂိတ်ဖွင့်ပေးတယ်။ ဒုတိယဆင့်အနေနဲ့ လုပ်ငန်းရှင်လုပ်လို့အဆင်ပြေအောင်၊ မြန်ဆန်အောင်၊ လာတဲ့ဧည့်သည်တွေအာမခံချက်ပေးတဲ့အနေနဲ့ ကန့်သတ်တာမျိုးမဟုတ်ပဲ အဲ့ဒါတွေလုပ်ဖို့လိုသေးတယ်။

ဂိတ်ဖွင့်ပေးလိုက်လို့ ချင်းပြည်နယ်ခရီးသွားလုပ်ငန်းအောင်မြင်နိုင်မလာဆိုတဲ့ထဲမှာ အစိုးရကိုတစ်ခုထောက်ပြစရာရှိတယ်။ ခရီးသွားလုပ်ငန်းဆိုတာ အပျော်သက်သက်နဲ့ခရီးသွားတာနည်းတယ်။ အိန္ဒိယနိုင်ငံသားတွေမြန်မာပြည်ထဲကိုလာမယ်။ သူတို့ ဘုရားကျောင်းတက်ချင်တယ်၊ တရားဟောချင်တယ်၊ သူတို့သိတဲ့ပညာတစ်ခု၊ သူတို့ရိုးရာ၊ အစားအသောက်တစ်ခုခုကို သင်တန်းလုပ်မယ်ဆိုရင် အဲ့ဒါမျိုးကို အစိုးရကလွတ်လပ်စွာလုပ်နိုင်ဖို့ ပေးထားဖို့လိုတယ်။ မကြာခင်က ညွှန်ကြားချက်ထွက်လာတဲ့အရဆိုရင် ပွဲတစ်ခုလုပ်မယ်ဆိုရင် သုံးပတ်ကြိုတင်ခွင့်တောင်းရမယ်ဆိုတဲ့ဟာမျိုး သူတို့လျော့ချဖို့လိုတယ်။ အစိုးရက အဲ့လိုကန့်သတ်ထားတာတွေများများထုတ်လေ ပြည်သူတွေကလည်း သူတို့မသိအောင်များများလုပ်လေဖြစ်လာမယ်။ ဝင်လာတဲ့သူတွေက ခိုးလုပ်မယ်။ ပိုက်ဆံယူပြီး အခွန်အခတွေဘယ်လိုမှမရနိုင်တော့ဘူး။ အကုန်လုံးကမှောင်ခိုဖြစ်သွားနိုင်တယ်။

နိုင်ငံခြားသားဧည့်သည်တွေကို အိမ်ရှင်ကသူပြန်သွားတဲ့ထိစာရင်းတိုင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ကလေးမြို့ကလာရင်အဲ့မှာ သူတို့အချက်အလက်အကုန်လုံး ဖောင်ဖြည့်ခိုင်းထားတာရှိတယ်။ ဒါပေမယ့် တစ်နေရာတစ်နေရာသွားတိုင်းမှာ အဲ့ဒါကိုပြန်ပြန်ဖြည့်နေရတာအပိုပဲလို့ကျနော်ကတော့မြင်တယ်။ ပထမဖောင်ဖြည့်ထားတဲ့ဟာကို သူတို့သွားမယ့်မြို့နယ်ရုံးတွေမှာ ရှယ်လုပ်လိုက်ရင် အဲ့ဒါမျိုးမလိုဘူးပေါ့။ လွယ်အောင်လုပ်လို့ရတဲ့နည်းလမ်းရှိတယ်။ ခုက တမင်သက်သက်ခက်အောင် လုပ်လိုက်တဲ့ပုံစံမျိုးပေါ့။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်