အမ်းမြို့တွင် ချင်းတိုင်းရင်းသားတိုက်ပွဲရှောင်တွေ ကိုယ်ထူကိုယ်ထ ယာယီတဲတည်ဆောက်

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်ချင်းတိုင်းရင်းသားတွေဟာ မြို့ခံချင်းစာပေနှင့်ယဉ်ကျေးမှုအသင်းရဲ့အကူအညီနဲ့ ကိုယ်ထူကိုယ်ထ ယာယီတဲအိမ်တည်ဆောက်နေတယ်လို့ သတင်းရရှိပါတယ်။

၎င်းတို့ဟာ တိုက်ပွဲမဖြစ်ပဲ ထွက်ပြေးလာတဲ့သူတွေဖြစ်တဲ့တွက် အစိုးရက စစ်ဘေးရှောင်စခန်းမစီစဉ်ပေးနိုင်ဘူးလို့ မြို့နယ်အုပ်ချုပ်ရေးမှူးကဆိုတယ်လို့သိရပါတယ်။

အမ်းမြို့နယ် စစ်ဘေးရှောင်ပြည်သူများကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “ကျမတို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့စကားသွားပြောတဲ့ချိန်မှာဘာပြောသလဲဆိုတော့ ထွက်ပြေးလာတဲ့သူတွေဟာ တိုက်ပွဲလည်းမဖြစ်ပဲနဲ့ သူတို့ဘာသာ ပြေးလာဆိုတော့ စခန်းမထားပေးနိုင်ဘူးလို့ ငြင်းထားပါတယ်။ သူတို့ကမြို့ပေါ်မှာ ဆွေမျိုးလည်းမရှိတော့ အစတော့ ချင်းစာပေနှင့်ယဉ်ကျေးမှုရုံးမှာ ၃၊၄ ရက်နေကြတယ်။ ပြီးတော့ ရပ်ကွက်ထဲက ချင်းအိမ်တွေမှာပြောင်းနေကြတယ်။ ဒါပေမယ့် အဆင်မပြေဘူး။ ဒါကြောင့် မြို့ပြင်မှာ မြေငှားပြီးတော့ အခုတဲအိမ်ဆောက်ကြတယ်။ သူတို့ သားသမီးတွေကလည်း ဒီဇင်ဘာလဆန်းကတည်းက ကျောင်းမတက်တော့ မိဘတွေကသူတို့စာမေးပွဲမဖြေနိုင်မှာစိုးရိမ်ကြတယ်။ ခုချိန်မှာ သူတို့က ဆန်၊ဆီ၊ဆားထက် နေရာထိုင်ခင်းတွေလိုအပ်တယ်။ သူတို့ထဲက အိမ်ထောင်စု (၄)လောက်ကလုံးဝရွာကိုမပြန်တော့ဘူးတဲ့။ ဒါကြောင့် မြေကွက်ဈေးလည်းလိုက်စုံစမ်းကြည့်တော့ တစ်ကွက်မှာ သိန်း ၁၅၀ ဝန်းကျင်လောက်ရှိတယ်။ ရွာမှာက နံကပ်တိုက်အိမ်တွေဆိုပေမယ့် အေအေလက်နက်ကိုင်အဖွဲ့တွေနေကြတယ်လို့သိရတယ်။ ဒလက်ရွာဟောင်းဆို အိမ်ခြေ ၃၀၀ ကျော်ရှိတယ်။ အဓိက ရေကြောင်းနဲ့လုပ်ကိုင်စားသောက်တော့ အခုရေလမ်းလည်းပိတ်ထားတယ်။ သူတို့ကိုအေအေက ပေါ်တာထမ်းခိုင်းတယ်။ ဒါကြောင့် စားဖို့သောက်ဖို့ ငတ်နေကြတယ်။ ဆရာ၊မတွေလည်း ရွာကိုမလာရဲကြဘူး။ ထွက်ပြေးလာတဲ့ချိန်မှာ ဘာပစ္စည်းမှမယူလာနိုင်ခဲ့ဘူး။ နှမ်းချောင်းဘက်ကရွာတွေလည်း အဲ့သဘောမျိုးဖြစ်နေတယ်။ အခုချင်းရွာသေးသေးလေးတွေပြောင်းတော့ အနီးနားက ချင်းရွာကြီးကြီးတွေက သူတို့ရွာလည်းထိခိုက်လာမယ်စိုးရိမ်ကြတယ်။ အခု ထွက်ပြေးလာတဲ့သူ အိမ်ခြေ ၇၀ ကျော်မှာ ရခိုင်က ၄ အိမ်ပဲရှိတယ်” လို့ပြောပါတယ်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တိုက်ပွဲရှောင်ပြည်သူများကို ဇန်နဝါရီလဆန်းပိုင်းက လာရောက်တွေ့ဆုံစဉ်

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အမ်းမြို့နယ်တွင် တပ်မတော် နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီး အိမ်ထောင်စုအချို့မြို့ပေါ်သို့ထွက်ပြေးလာပြီး အာဏာပိုင်များက အားကစားရုံတွင်နေရာချပေးထားပြီး အခုချိန်မှာ အများစုအိမ်ပြန်ကြပြီး မိသားစု (၄)စုမှာမြို့ထဲတွင် အိမ်ငှားပြီးဆက်လက်နေထိုင်ကြပါတယ်။

လက်ရှိ အိမ်ထောင်စု (၁၃)စု အတွက် ဝါးတဲအိမ် (၁၀)လုံးတည်ဆောက်နေပြီး အမိုးအတွက်အကူအညီလိုအပ်နေကြပါတယ်။

အမ်းမြို့ပေါ်သို့ ဇန်နဝါရီလ (၇)ရက်ကစတင်ထွက်ပြေးလာပြီး ဒါးလက်ကျေးရွာအုပ်စုမှ အရိုးတောင်ရွာ၊ ရွာဟောင်း၊ နှမ်းချောင်း၊ မဲလက်မောင်းကျေးရွာအုပ်စုမှ မဲလက်မောင်း၊ ကြိမ်ချောင်း၊ ခမောင်းတော၊ အုန်းတည်ချောင်း၊ ဘူးသီးတောင်၊ မဲတောင်ခြေရင်း၊ ရှမ်းကုန်း ကျေးရွာက အိမ်ထောင်စု (၈၀)ခန့် လူဦးရေ (၄၀၀)ခန့်ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ယင်းတို့ထဲတွင် ၅ နှစ်အောက် ကလေး (၇၄)ဦး၊ ၅ နှစ်မှ ၁၂ နှစ်ကြားကလေး (၈၀)ယောက်၊ ၁၂ နှစ်မှ ၁၈နှစ်ကြား ကလေး(၃၇)ယောက်၊ ၁၈ နှစ်အထက်လူကြီး (၁၅၇)ယောက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်