အိန္ဒိယနယ်စပ်ဂိတ်ပိတ်ထားလို့ မြောက်ငိုစေ့တွေအရင်နှစ်လို ဈေးကောင်းမရ၍ အရှုံးခံရောင်းချနေရ

ချင်းပြည်နယ် နဲ့ ကလေးကဘော်ဒေသမှာရှိတဲ့ မြောက်ငိုစေ့တွေဟာ ကိုဗစ်-၁၉ ကြောင့် အိန္ဒိယနယ်စပ်ဂိတ်ပိတ်ထားလို့ အရှုံးခံပြီးရောင်းချနေရတယ်လို့ မြောက်ငိုသီးရောင်းဝယ်သူတွေထံမှသတင်းရရှိပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်တဲ့ တမူး-မိုးရေနယ်စပ်ဂိတ်ဟာ ယခုနှစ် မတ်လ ဆန်းပိုင်းကစပြီး ပိတ်ထားပါတယ်။

၂၀၁၉ ခုနှစ်က မြောက်ငိုစေ့ တစ်တင်းကို မြန်မာငွေ၂၈၀၀၀၀ ကျော်နဲ့ရောင်းချနိုင်ပေမယ့် ဒီနှစ်မှာတော့ တစ်တင်းကို မြန်မာငွေ ကိုးသောင်းကျော် နဲ့သာရောင်းချနိုင်ပါတယ်။

မြောက်ငိုသီးရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ကိုပေါင်က “သူ့ရာသီတုန်းက အစိမ်းနဲ့ သုံးခေါက်လောက်ပဲရောင်းနိုင်တယ်။ တမူးနယ်စပ်ဂိတ်ပိတ်လာတော့ ဘယ်လိုမှသွားလို့မရတော့ဘူး။ ဒါကြောင့် အပင်လိုက်ဝယ်ထားတဲ့မြောက်ငိုတွေကို အခြောက်ဖြစ်အောင်ထားပြီး အခုအစေ့တွေသိမ်းထားတယ်။ ဒါပေမယ့် အခုမိုးရာသီလည်းရောက်လာမယ်ဆိုတော့ ပိုးထိုးမှာလည်းစိုးရိမ်တယ်။ ပိုးမထိုးတဲ့ ဓာတုဆေးလည်းမသုံးရဲဘူး။ ဆိုတော့ အခုပိုးထိုးပြီးစွန့်ပစ်မယ့်အစား အရှုံးဈေးနဲ့ရောင်းတော့မလာလို့စဉ်းစားနေတယ်” လို့ပြောပါတယ်။

မြောက်ငိုစေ့ဟာ အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ ကသည်း၊ မီဇိုနဲ့ အိန္ဒိယတွေက ရေစိမ်ကာ နေ့စဉ်ဟင်းလျာတစ်မျိုးအနေနဲ့ စားသုံးကြပါတယ်။

ကိုပေါင်ဟာ မြောက်ငိုသီးအတွက် သိန်း ၄၀ ရင်းထားပေမယ့် အခု ၎င်းမှာရှိတဲ့ မြောက်ငိုစေ့ (၁၅)တင်းကို ကိုးသောင်းဈေးနဲ့ရောင်းချမယ်ဆိုရင် ၁၀ သိန်းကျော်သာပြန်လည်ရရှိမှာဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် ပြည်နယ်တွေလည်း ကိုဗစ်-၁၉ ရောဂါမှာ မြန်မာနိုင်ငံထက်အခြေအနေဆိုးရွားလျက်ရှိပြီး ဘယ်ချိန်နယ်စပ်ဂိတ်ပြန်ဖွင့်မယ်ဆိုတာ ပြောလို့မရသေးပါ။

တမူးကနေ မြောက်ငိုစေ့ဝယ်ယူနေတဲ့ပွဲစားတွေကလည်း အောက်လမ်းနဲ့သာသွားလာနေကြပြီး တချို့အိန္ဒိယအာဏာပိုင်တွေရဲ့ဖမ်းဆီးမှုတွေခံနေရပါတယ်။

ကလေးမြို့က မြောက်ငိုစေ့ရောင်းဝယ်နေတဲ့ ဆလိုင်းငွန်ဆွေကလည်း အခုလိုပြောပါတယ်။

“အလကားစွန့်ပစ်မယ့်အစား ရတဲ့ဈေးနဲ့ပြန်ရောင်းဖို့စဉ်းစားနေတယ်။ အခြေအနေပြန်ကောင်းမယ့်ချိန်တော့စောင့်နေတာပဲ။ တချို့ကတော့ တစ်တင်း ရှစ်သောင်းလောက်နဲ့ ရောင်းနေကြပြီ” လို့ပြောပါတယ်။

မြောက်ငိုသီးဟာ ချင်းပြည်နယ်မြောက်ပိုင်းနဲ့ ကလေးကဘော်ဒေသတွင် တစ်ပိုင်တစ်နိုင်နဲ့သော်လည်းကောင်း၊ စီးပွားဖြစ်လည်းကောင်း အိန္ဒိယဈေးကွက်ကို အားကိုးပြီး စိုက်ပျိုးကြပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်