ပြည်သူလူထုအနေနဲ့ သိတတ်ရင်တော့ ပေါ်လစီအရ အောင်မြင်မှုတစ်ခုလို့ယူဆလို့ရတယ်

ပြည်သူလူထုအနေနဲ့ သိတတ်ရင်တော့ ပေါ်လစီအရ အောင်မြင်မှုတစ်ခုလို့ယူဆလို့ရတယ်

ဦးဖွေအားဟာ ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီး ဝန်ကြီး ဦးဖွေအား ကို Zalen Media က တွေ့ဆုံမေးမြန်းမှုကိုပြန်လည်ဖော်ပြလိုက်ပါတယ်။

မေး- တစ်နှစ်ကျော် ကျန်ရှိတဲ့ကာလမှာ ဘာတွေလုပ်မလဲ
ဖြေ – (ရယ်လျက်) ကျနော်တို့မှာ လ.ဝ.က ရယ်၊ အလုပ်သမားညွှန်ကြားဆက်ဆံပဲရှိတာကိုး။ အလုပ်သမားညွှန်ကြားဆက်ဆံရုံးကလည်းချင်းပြည်နယ်မှာဆို မြောက်ပိုင်းလောက်ပဲရှိတယ်။ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန့်ဇံ ပဲရှိတယ်။ ကန်ပက်လက်ကို ချောက်က ကိုင်ထားတယ်။ မင်းတပ်က ပခုက္ကုကိုင်ထားတယ်။ မတူပီက ဂန့်ဂေါကနေ ကိုင်ထားတယ်။ ပြီးရင် ပလက်ဝလည်း ကျောက်တော်က ကိုင်ထားတယ်။ ပြည်ထောင်စုကနေ ခွဲပေးတဲ့လုပ်ငန်းကလည်းမရှိဘူးပေါ့ကွာ။ အလုပ်သမားကဒ်တို့လုပ်ပေးရမယ်ဟာတွေ၊ ပြီးတော့ နိုင်ငံခြားကနေဝင်၊ထွက်မယ့် ပုဂ္ဂိုလ်တွေ လူကယ်ပြန်နဲ့ပေါင်းပြီးတော့ ကျနော်တို့ဌာနကတော့ စစ်ဆေးတာတွေရှိတာပေါ့။ အဲ့ဒါလေးတွေပဲရှိမယ်။ ကျနော်တို့ ချင်းပြည်နယ်မှာတော့ သိပ်ပြီးတော့အလုပ်မရှိဘူး။ လ.ဝ.က ဘက်မှာတော့ လုပ်ငန်းနည်းနည်းတော့ရှိတာပေါ့။ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်တွေရှိတယ်လေ။ အဲ့ဒါတော့ ဒီဘက်ကနေ ဂရုစိုက်ပြီးတော့ လုပ်ရမယ့်ပိုင်းပေါ့။ အများကြီးတော့မရှိဘူး။ ပြီးတော့ ၂၀၂၀ မှာရွေးကောက်ပွဲလည်းရှိမှာဆိုတော့ ပါတီစုံဒီမိုကရေစီဆိုတော့ လူထုက မှန်မှန်ကန်ကန် သူတို့ရသင့်ရထိုက်တဲ့ မဲပေးခွင့်ရနိုင်အောင် ဘယ်သူမှမကျန်အောင် စာရင်းဇယားတွေပြန်ပြုစုဖို့ ဥပမာ မှတ်ပုံတင်မှာ နိုင် ၃ က တို့၊ နိုင် ၆ က ပြန်စစ်ဆေး၊ ပြန်လုပ်ပေးဖို့တွေရှိတယ်။

မေး – မှတ်ပုံတင်မှာ ချင်းနာမည်လည်းတွဲရေးနိုင်အောင်၊ ကျောင်းနာမည်စာရင်းထဲမှာ မောင် နဲ့ မ အစား ဆလိုင်း နဲ့ မိုင် ပြောင်းလဲသုံးဖို့ကော ဖြစ်နိုင်လာ။
ဖြေ – အဲ့ဒါကလည်း ပြည်ထောင်စုကနေ ညွှန်ကြားချက်မလာသေးဘူးဆိုရင် ကျနော်လည်း သိပ်မသိရသေးဘူး။ ကျနော်တို့ ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်က ပြည်ထောင်စုက ညွှန်ကြားမှပဲလုပ်နိုင်တယ်။ ဖြစ်နိုင်ရင်တော့ ကောင်းတာပေါ့။

မေး – ပြည်ထောင်စုက ညွှန်ကြားချက်မရှိရင် ဘာမှလုပ်လို့မရဘူးပေါ့နော်။
ဖြေ – အဓိကတော့ အဲ့ဒါပဲ။ ဥပမာ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေမှာ ကန့်သတ်ချက်တွေမရှိရင်တော့ လုပ်လို့ရပါတယ်။ ကန့်သတ်ချက်တွေရှိသေးရင်တော့ အဓိကပြည်ထောင်စုလွှတ်တော်ရဲ့လုပ်ငန်း တစ်ရပ်လို့ပြောရမှာပေါ့။

မေး – တောင်ပိုင်းက အလုပ်သမားညွှန်ကြားဆက်ဆံရုံးကို ဘာကြောင့် ပြည်နယ်အစိုးရက မကိုင်တာလဲ။
ဖြေ – ကျနော်လည်း ထဲထဲဝင်ဝင် သိပ်ပြီးမသိသေးဘူးဆိုတော့။ လွယ်ကူအောင် လုပ်ထားတယ်လို့မြင်တယ်။ မင်းတပ်မှာတော့ အလုပ်သမားညွှန်ကြားဆက်ဆံရေးရုံး ဆောက်နေတယ်။

မေး – တချို့က တစ်နှစ်ကျော်သက်တမ်းကာလမှာ ဒီဝန်ကြီးဌာနတော့ သိပ်ပြီးအလုပ်ဖြစ်မှာမဟုတ်ဘူးလို့ပြောကြတယ်။ ဒီပေါ်မှာ ဝန်ကြီးအနေနဲ့ ဘယ်လောက်စွမ်းဆောင်နိုင်မယ်ထင်လဲ။
ဖြေ – ဘယ်လောက်စွမ်းဆောင်နိုင်မယ်ဆိုတာကတော့ လုပ်ပိုင်ခွင့် လုပ်ထုံးလုပ်နည်းဥပဒေတို့နဲ့လည်းဆိုင်မှာပေါ့။ အဓိကတော့ ပြည်သူလူထုအနေနဲ့ သိတတ်ရင်တော့ ပေါ်လစီအရ အောင်မြင်မှုတစ်ခုလို့ယူဆလို့ရတယ်။ အရင်က ချင်းပြည်နယ်ဟာဆိုရင် ပြည်ထဲရေး ကိုင်တာကိုး။ အခုကျနော့်ကို နယ်လုံကနေ ဒီဌာနကို ပြန်လွှဲပေးတာလေ။ နိုင်ငံရေးပေါ်လစီအရ လက်ရှိအစိုးရရဲ့ အောက်မှာထားတယ်လို့ ယူဆရလို့ အောင်မြင်မှုတစ်ခုလို့ ကိုယ်ကပြောတာ။ သဘောပေါက်သလာ။

မေး – ဟုတ်။ ဒါဆို ဝန်ကြီးရဲ့စိတ်စေတနာရှိသလိုမဟုတ်ဘူးပဲ ပြည်ထောင်စုရဲ့ညွှန်ကြားချက်ရှိမှပဲ လုပ်ရမှာပေါ့နော်။
ဖြေ – ဟုတ်တယ်။ အသစ်ဖွဲ့လိုက်တဲ့ဝန်ကြီးဌာနဖြစ်တော့ တွေ့ဆုံပွဲတွေ၊ သင်တန်းတွေရှိလာမယ်ထင်တယ်။ တိုတောင်းတဲ့ကာလဖြစ်ပေမယ့် အောင်မြင်မှုတစ်ခုကို ထင်ထင်ပေါ်ပေါ်မြင်တွေ့နိုင်အောင် လုပ်ငန်းတွေကတော့ လည်ပတ်လာမယ်လို့ယူဆရတာပေါ့။

မေး – ဝန်ကြီးလုပ်တဲ့ကာလမှာ လူထုအတွက် ဝန်ကြီးဦးဖွေအား အပေါ် အမြဲတမ်းအမှတ်ရစေမယ့် မှတ်ကျောက်တင်စရာ တစ်ခုခုလုပ်မယ်ဆိုရင် ဘာလုပ်မလဲ။
ဖြေ – နယ်မှာဆိုလည်း ပုံစံ (၁၀) မရှိသေးတာတို့၊ မှတ်ပုံတင်မရှိသေးတဲ့ဟာတွေရှိတယ်လေ။ ဒါလေးတော့ ကျနော်တို့အတတ်နိုင်ဆုံး မူဘောင်ထဲကနေ ဌာနကိုပြောကြားပြီးတော့ ဌာနတွေနဲ့ပူးပေါင်းပြီး ပုံစံ (၁၀)တို့၊ မှတ်ပုံတင်တို့ ကျောင်းတွေမှာဖြစ်ဖြစ်၊ အရင်ကလည်းလုပ်တော့လုပ်နေကြတာပဲ ပိုပြီးတော့ထိရောက်အောင် ဆောင်ရွက်ဖို့တော့ ရည်မှန်းထားတယ်။

မေး – ဝန်ကြီးတစ်ယောက်ရဲ့ ခံစားခွင့်တွေအကုန်ရပြီလာ။
ဖြေ – အိမ်တွေသန့်ရှင်ရေးလုပ်ပေးနေတယ်။ ပစ္စည်းလေးတွေမှာထားတယ်။ အခုတော့ လွှတ်တော်ရိပ်သာမှာနေတယ်။ လောလောဆယ် ပြည်နယ်အစိုးရက မြို့ထဲမှာသွားလာဖို့ ကားတစ်စီးပေးထားတယ်။ ဌာနက ကားထုတ်ပေးဖို့ တင်ပေးထားတယ်။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်