Digital Payment လမ်းကြောင်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားတာ အရာရောက်ပါမလား

ကိုဗန်(တောင်ပေါ်မြေ)
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဟာ Mobile Banking လုပ်ငန်းများအပေါ် ပိုမိုတင်းကြပ်လာနေတယ်။

Digital Payment ကို ပိုသုံးစွဲဖို့ ဆော်ဩနေတဲ့ ဗဟိုဘဏ်ကပဲ အခုချိန်မှာတော့ ငွေကြေးလွဲပြောင်းမှုတွေကို ထိန်းချုပ်စစ်ဆေးဖို့ ဖုန်းနံပါတ်နဲ့ အွန်လိုင်းဘဏ်ဝန်ဆောင်မှုကဏ္ဍကို ပိက်ပစ်တာ၊ရပ်ဆိုင်းတာလုပ်မယ်လို့ဆိုတော့ (၅)နှစ်နီးပါး တိုးတက်လာတဲ့ Digital Payment စနစ် ပျက်ဆီးသွားပြီ လို့တောင် ဆိုနိုင်တယ်။

၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်းမှာ Wave Money တွေ ငွေလွဲ၊ငွေထုတ်ပြုလုပ်ရာမှာ မှတ်ပုံတင်ပါမှ ထုတ်ယူတာ၊လွဲပြောင်းတာ လုပ်ခွင့်ပြုတော့မယ် လို့ ထုတ်ပြန်ထားပါတယ်။

ဒီမတိုင်ခင်ကလည်း မည်သည့် အွန်လိုင်းဘဏ်ဝန်ဆောင်မှုကိုမဆို အသုံးပြုနေသူတွေကို အေးဂျင့်တွေအနေနဲ့ ကင်မရာခိုးရိုက်ထားဖို့အထိတောင် ဗဟိုဘဏ်က ညွန်ကြားထားပါသေးတယ်။

၂၀၂၂ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့မှာတော့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို အသုံးပြု‌သူတွေအနေနဲ့ ကိုယ်ရေးအချက်အလက်ကို Level 2 အဖြစ် အဆင့်မြင့်တင်ကြဖို့၊ အချက်အလက်မပြည့်စုံတဲ့ အကောင့်တွေကို အပြီးတိုင် ဖျက်သိမ်းသွားမယ် လို့ ညွန်ကြားချက် ထပ်ထုက်ပြန်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကတော့ တရားမဝင်ငွေလွဲပြောင်းတာ၊ငွေကြေးလိမ်လည်တာတွေ ပြုလုပ်တာတွေကြောင့်မို့ နစ်နာဆုံးရှုံးတာတွေကို ဖြေရှင်းတဲ့အခါ ကိုယ်ရေးအချက်အလတ်တွေကို ပြည့်စုံမှန်ကန်စွာ ဖြည့်နိုင်ဖို့ လိုတယ် လို့ ဆိုပါတယ်။

သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို တိုက်ဖျက်ဖို့ လို့ ဆိုတာမို့ NUG အစိုးရနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံတာတွေကို တားဆီးဖို့ ဆောင်ရွှက်နေတာ တွေ့ရတယ်။

လက်ရှိ အာဏာရှင်တွန်းလှန်ရေးအတွက် ထောက်ပံမှုတွေ ၊ငွေကြေးလွဲပြောင်းတာတွေကို တားဆီးနိုင်ဖို့ ပြင်ဆင်နေတာ အဓိကအချက်ပါပဲ။

42846641_741047686251381_3734839720207712256_n

တကယ်တော့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုဆိုင်ရာ အကောင့်တွေကို စတင်ဖန်တီးစဉ်ကတည်းက မတားဆီးမထိန်းချုပ်နိုင်တာကို လက်ရှိအချိန်မှာတော့ စစ်ကောင်စီအုပ်စုအပေါ် ဆန့်ကျင်တိုက်ခိုက်မှုတွေတိုးလာနေတဲ့အတွက် ထိန်းချုပ်ဖို့ ကြိုးစားလာနေတာပါ။ ဒါဟာ အောင်မြင်ဖို့ နည်းပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းကဒ်တွေကို ရောင်းချမှုကနေ အစ ပြောရမှာပါပဲ။

ယခင် ဦးသိန်းစိန် အစိုးရ ခေတ်မှာ တယ်လီဖုန်းဆင်းကဒ်တွေ စတင်ခဲ့ပြီးနောက် ဘဏ်တွေဟာလည်း မိုဘိုင်းဘဏ်ဝန်ဆောင်မှုကို မိတ်ဆက်ပြီး သုံးစွဲသူဦးရေ များအောင် ကြိုးစားခဲ့ကြပါတယ်။ Wave Money ဆိုရင် ဖုန်းနံပါတ်ရှိရုံနဲ့တင် ငွေလွဲ၊ငွေထုတ်လုပ်ရအောင် ဖန်တီးခဲ့တာမို့ အရမ်းကို အောင်မြင်လာခဲ့ပြီး Wave Money pay အကောင့်တွေထိ ဖန်တီးလာနိုင်တာပါ။

Kpay ဆိုရင် အကောင့်တိုင်းကို အလွယ်တကူ ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဘဏ်ဝန်ထမ်းတွေကိုတောင် တစ်ရက်ကို အနည်းဆုံး(၅)ကောင့် မဖြစ်မနေ ဖွင့်ပေးဖို့ထိ စေခိုင်းခဲ့တာပါ။ သူတို့ရဲ့ အောင်မြင်မှုကို ကြည့်ရင် ရိုးရှင်းလွယ်ကူမှု၊ဘဏ်နဲ့ မနီးစပ်တဲ့ သူ‌တွေကို သုံးစွဲရ လွယ်ကူစေမှုနဲ့ ကိုယ်ရေးအချက်အလတ်တွေ တပုံတပင် ဖြည့်သွင်းစရာမလိုတာကြောင့်ဖြစ်တယ်။

Wave Money နဲ့ Kpay တို့ နစ်နာဆုံးရှုံးမှုကြီးနိုင်
မြန်မာနိုင်ငံမှာ Digital Payment ဆိုရင် Wave money နဲ့ KBZ pay ကို အဓိကထားသုံးကြတာပါ။ လက်ရှိ ဗဟိုဘဏ်ရဲ့ ထိန်းချုပ်စစ်ဆေးဖို့ လုပ်တဲ့ ညွန်ကြားချက်တွေဟာ အဆိုပါ Payment (၂)ခုအပေါ် ဆုံးရှုံးမှု ကြီးမားစွာ ထိခိုက်လာစေနိုင်ပါတယ်။

အဆိုပါ Digital Payment (၂)ခုဟာ ၂၀၂၁ခုနှစ်က ဘဏ္ဍာရေးကဏ္ဍအပေါ် ထိန်းချုပ်တာ၊ငွေထုက်ယူခွင့် မပြုတဲ့ အချက်တွေကြောင့် ဆုံးရှုံးမှုကြီးခဲ့ရပါတယ်။ တိုးတက်စပြုလာ‌နေတဲ့ Digital Payment ကို ဖျက်ဆီးပစ်လိုက်ပြီး ရာခိုင်နှုန်းကြီးမားစွာယူပြီး ငွေထုက်ယူခွင့် အကန့်အသတ်ကြောင့် သုံးစွဲသူတွေ လျော့ကျသွားစေခဲ့ပါတယ်။ Wave Money ဆိုရင် သုံးစွဲသူဦးရေ တစ်သန်းကျော် နစ်နာဆုံးရှုံးခဲ့ရတယ် လို့တောင် သတင်တွေက ဖော်ပြဖူးပါတယ်။

အဓိက ရိုးရှင်းလွယ်ကူတာရယ်နဲ့ ထိန်းချုပ်မှု လျော့နည်းတာ၊မြန်မာပြည်သူအများစုဟာ ဘဏ်စနစ်ကို လက်လှမ်းမမှီတာ၊ငွေကျပ်သောင်းကဏန်းသာသာ ငွေကြေးတွေကို ဘဏ်သွားစရာမလိုပဲ ဆင်းရဲသားတို့ လက်လမ်းအမှီဆုံး ကုန်စုံဆိုင်၊စတိုးဆိုင်တွေကနေ တဆင့် ငွေထုတ်ယူလို့ ရတဲ့ အတွက် အားကောင်းလာခဲ့တာပါ။

Wave Money ဆိုရင် ဖုန်းနံပါတ်ရှိရုံနဲ့ ငွေလွဲ ငွေထုတ်နိုင်တဲ့ ရိုးရှင်းပုံစံကြောင့် လူသုံးများတယ်။
Wave Money ကို လူဦးရေ(၂၁)သန်းကျော် အသုံးပြုနေကြပြီး မြို့နယ်ပေါင်း(၃၃၀)ကျော်မှာ အသုံးပြုနိုင်တာမို့ နိုင်ငံရဲ့ (၈၆)ရာခိုင်နှုန်းကို လွမ်းခြုံထားတယ် လို့ ဆိုပါတယ်။ ၂၀၁၈ခုနှစ်တုန်းက wave Moneyဟာ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ(၁.၃)ဘီလီယံ(ကျပ်(၂)ထရီလီယံ)နီးပါးကို ငွေကြေးလွဲပြောင်းနိုင်ခဲ့ပြီး နိုင်ငံ GDP၏ (၂)ရာခိုင်နှုန်းနီးပါးတောင် ရှိပါတယ်။

wave moneyကို ပုံမှန်သုံးစွဲသူဦးရေ(၇)သန်းအထိ ရှိတယ် လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
KBZ pay ကို အသုံးပြုသူဦးရေမှာ လူဦးရေ (၅.၉)သန်းအထိ ရှိနေပြီး ကိုယ်စားလှယ်နှင့် ဈေးဆိုင်လုပ်ငန်းရှင်ပေါင်း(၂၉၀,၀၀၀)ကျော်နှင့် ချိက်ဆက်ထားတယ် လို့ သတင်းတွေအရ သိရပါတယ်။

KBZ payဟာ ၂၀၂၀ ခုနှစ် ခြောက်လအတွင်း အသုံးပြုသူတွေက ငွေလွှဲမှု ပမာဏမှာ ငွေကျပ် (၁.၄) ထရီလီယံကျော် လုပ်ဆောင်ထားတယ် လို့ ဆိုပါတယ်။ ဒီပမာဏဟာ အမေရိကန်ဒေါ်လာ(၁)ဘီလီယံနီးပါး တန်ဖိုးရှိပါတယ်။

စစ်ကောင်စီက ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ အာဏာသိမ်းယူပြီးနောက် ဘဏ်ငွေကြေးနဲ့ ဘဏ္ဍာရေးစနစ်ဟာ လုံးဝကျဆင်းသွားခဲ့ပြီး ငွေမထုတ်ပေး‌နိုင်တော့တဲ့ အခြေအနေထိ ရောက်ရှိခဲ့ရတယ်။ နောက်ပိုင်း ငွေသွင်းငွေထုက်လုပ်ငန်းတွေကို တင်းကြပ်ခဲ့တာမို့ Digital Payment ကဏ္ဍဟာလည်း လုံးဝကျဆင်းသွားခဲ့တယ်။

၂၀၂၀ခုနှစ် ကိုဗစ်-၁၉ ကာလအတွင်း NLD အစိုးရက Digital Payment role ကို မြင့်တင်ပေးမှု၊သုံးစွဲရန် အခြေအနေပေးမှုတို့ကြောင့် အဆမတန်ကြီးထွားလာခဲ့ပြီး အကောင်းဆုံး ဘဏ္ဍာရေးနဲ့ ငွေကြေးကဏ္ဍ အသစ်လို့တောင် ဆိုကြပါတယ်။

သို့သော်လည်း ၂၀၂၁ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီးခါစ နှစ်မှာ ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲမှုအလွဲ‌ကြောင့် တကြိမ် ထိခိုက်နစ်နာခဲ့ရပြီး လက်ရှိ ၂၀၂၂ခုနှစ်မှာလည်း ဗဟိုဘဏ်ရဲ့ Digital Payment တွေကို ထိန်းချုပ်ကန့်သတ်ရန် ဆောင်ရွက်မှု‌တွေကြောင့် နစ်နာဆုံးရှုံးမှု ပိုကြီးထွားလာခဲ့ပြီ ဖြစ်တယ်။

လက်ရှိ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် ပုဂ္ဂလိကဘဏ်တွေဟာ နှစ်ကြိမ်တိုင်တိုင် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။ထိုအတူ အညွန့်တလူလူ တိုးတက်စပြုနေ‌တဲ့ Digital Payment ကဏ္ဍကိုလည်း အညွန့်ကျိုးအောင် ရိုက်ချလိုက်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဟာ Digital Payment တွေကို ပိုတင်းကြပ်တာဟာ NUG အစိုးရနဲ့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံမှုတွေ ပြုလုပ်တဲ့အတွက် တင်းကြပ်မှု ပြုတာလို့ ပြောလို့ရတယ်။

သို့သော်လည်း အာဏာသိမ်းမှု မတိုင်ခင် Digital Payment သုံးစွဲမှုတွေကို ကြည့်ရင် လက်ရှိ ကာလတွေထက်တောင် ငွေကြေးလွဲပြောင်းမှု ပိုများတာတွေ့နိုင်တယ်။ wave Money ဆိုရင် အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ် တစ်နှစ်အတွင်း သုံးစွဲသူ (၁)သန်းကျော်တောင် ကျဆင်းသွားခဲ့တာပါ။ Kpay ဆိုရင်လည်း ငွေထုတ်မရမှု၊ရာခိုင်နှုန်းနဲ့ ထုတ်ယူခ ကြီးမြင့်မှုတို့ကြောင့် သုံးစွဲသူဦးရေဟာ အဆမတန်ကျဆင်းသွားခဲ့ပြီ လို့တောင် ဆိုနိုင်တယ်။

စစ်ကောင်စီ ထောက်ခံသူတွေ အလိုကျ Digital Paymentတွေကို ကန့်သတ်လာခြင်းဖြစ်

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာ အာဏာသိမ်းစဉ် ကနဦးကာလတွေတုန်းက Digital Payment တွေကို ပိုသုံးစွဲဖို့ ဆော်ဩခဲ့ပေမယ့် လက်ရှိ ကာလမှာတော့ ငွေကြေးထောက်ပံမှုတွေအတွက် သုံးတယ် ဆိုတဲ့ သံသယနဲ့ Digital Payment အကောင့်တွေ၊ဖုန်းနံပါတ်တွေကို ထိန်းချုပ်ဖို့၊ဖျက်သိမ်းဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။

ဒီဖြစ်ရပ်ဟာလည်း စစ်ကောင်စီကို ထောက်ခံသူအုပ်စုတွေရဲ့ ပြောဆိုမှုတွေကြောင့်လို့ ဆိုနိုင်တယ်။ စစ်ကောင်စီကို ထောက်ခံသူတွေဟာ မြန်မာနိုင်ငံက အဓိက Digital Payment ဖြစ်တဲ့ Wave Money နဲ့ Kpay တို့ကို ဖျက်သိမ်းဖို့အထိ ဆော်ဩနေကြတာ တွေ့ရပြီး စစ်အုပ်စုက လုပ်ဆောင်ချင်ပေမယ့် ဘဏ္ဍရေးနှင့် ငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအရ ဖျက်သိမ်းချင်သလို မဖျက်သိမ်းနိုင်တဲ့ သဘောထားကြောင့်လည်း ပိုမိုကန့်သတ်ဖို့ ပြင်လာဟန် တူပါတယ်။

အကယ်၍ Digital Paymentတွေကို ဖျက်သိမ်းလိုက်ရင် ဘဏ်တွေနဲ့ ဘဏ္ဍာရေးဆိုင် အသက်သွေးကြောကို ဖျက်သိမ်းလိုက်တာမျိုး ဖြစ်သွားနိုင်တာ၊နိုင်ငံတကာက ပိုပြီး အမြင်စောင်းသွားစေနိုင်တာနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ယုံကြည်မှု ပျက်ဆီးသွားစေနိုင်တာကြောင့် ပိုမိုထိန်းချုပ်တဲ့ လမ်းစဉ်ကို ကနဦးရွှေးချယ်ထားတာလို့ ဆိုနိုင်တယ်။

တဖြည်းဖြည်းကန့်သတ်ထိန်းချုပ်ပြီး နောက်ဆုံး သုံးစွဲသူ မရှိတော့တဲ့ အထိ ဖန်တီးပြီး အပြီးပိုင် ဖျက်သိမ်းဖို့အထိ ရည်ရွယ်လိုရင်း သဘောထားရှိနေတာကိုလည်း တွေ့နိုင်တယ်။ ပြောရရင် Mobile Banking လမ်းကြောင်းတွေကို ထိန်းချုပ်ခြင်းဟာ Digital Paymentကဏ္ဍ ကို ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပါပဲ။

ဗဟိုဘဏ်ဟာ ၂၀၂၁ခုနှစ်တုန်းက ဘဏ်နဲ့ ငွေကြေးကဏ္ဍာကို ဖျက်ဆီးပစ်ကာ ယုံကြည်မှုကျဆင်းအောင်ဖန်တီးခဲ့သလို ၂၀၂၂ခုနှစ်မှာလည်း ငွေကြေးနဲ့ ဘဏ္ဍာရေးလမ်း နောက်ဆုံး တခု ဖြစ်တဲ့ Digital Paymentကိုပါ စတင်ဖျက်ဆီးလိုက်ပြီး ဖြစ်တယ်။

စစ်ကောင်စီအုပ်စုဟာ Wave Money နဲ့ Kpay ကို အသုံးပြုပြီး NUGအစိုးရကို ထောက်ပံ့နေတယ် လို့ ယူဆချက်ဟာ Digital Payment ကဏ္ဍကို ဖြိုချဖို့ လုပ်ဆောင်မှုလည်း ဖြစ်တယ်။

တကယ်တော့ Digital Payment သည် ကျေးလက်ဒေသနဲ့ မဖွံဖြိုးသေးတဲ့ ဒေသတွေကို ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အလွဲအပြောင်းအတွက် အရေးပါပြီး နိုင်ငံစီးပွားရေးအတွက်လည်း ကြီးစွာသော အထောက်အပံ့ ဖြစ်စေတာပါ။ ဆင်းကဒ် နာမည်မတူညီခြင်း၊ကိုယ်ရေးအချက်အလတ်လွဲခြင်းတွေဟာ စတင်လုပ်ဆောင်စဉ်ကတည်းက ပါဝင်ရမှာ ဖြစ်ပြီး လက်ရှိ Digital Payment ကို မပြိုလဲစေပဲ ထိန်းချုပ်လို့ရပါတယ်။ငွေကြေးလိမ်လည်မှုတွေ၊ အယောင်ဆောင် ငွေကြေးတောင်းခံမှုတွေ ပြုလုပ်လာလို့ ‌ဖြေရှင်းမယ်‌ဆိုရင် မှတ်ပုံတင်ထားတဲ့ ဖုန်းနံပါတ်တွေကို ရပ်ဆိုင်းခြင်းအားဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ဖြေရှင်းလို့ ရတဲ့ နည်းလမ်းတွေ ရှိပေမယ့် အကြိမ်ကြိမ် အလီလီ ရှုပ်ထွေးနေတဲ့ ဖုန်းနံပါတ်တွေ၊အကောင့်တွေကို ပိတ်သိမ်းမယ်ဆိုတာ အသေချာဆုံးက ဒီ Digital Payment ကို ဖျက်သိမ်းဖို့အကြောင်းပြချက်ပါပဲ။

လက်ရှိကာလမှာလည်း မှတ်ပုံတင်နာမည်တွေနဲ့ ဖုန်းဆင်းကဒ်မှတ်ပုံတင်တာတွေ ၊ကိုယ်ရေးအချက်အလက်တွေ ဖြည့်ဖို့ စစ်ကောင်စီအုပ်စုက လုပ်ဆောင်လာနေတယ်။ ပြောရရင် ပြည်သူတွေကို တဖြည်းဖြည်းလည်ပင်းညစ်လာပြီး အရာရာကို ထိန်းချုပ်ကာ စီးပွားရေးကျဆင်းကာ ဆင်းရဲနွမ်းပါးတဲ့ လမ်းကြောင်းထဲကို တဖြေးဖြေးတွန်းပို့တာနဲ့ တူလာပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ကန့်သတ်လေလေ NUG Payအတွက် ပိုကောင်းလာနိုင်

288549186_131832092849970_2299351778056604238_n (1)

စစ်‌အုပ်စု၏ Digital Payment အပေါ် ထိန်းချုပ်မှုသည် NUG pay အားကောင်းလာစေဖို့ လမ်းစ ဖြစ်လာနေပါတယ်။ မြန်မာပြည်သူအများစုသည် Digital Payment သဘောတရားကို နားလည်နေပြီးသား ဖြစ်တာကြောင့် wave Money နဲ့ Kpay တို့လို့ Market Promotion အများကြီးလုပ်စရာမလိုပဲ သိမ်းပိုက်လို့ ရသွားနိုင်ပါတယ်။

လက်ရှိ NUG အစိုးရသည် ကိုယ်ပိုင် Digital Payment ဖြစ်တဲ့ NUG pay ကို စတင်ခြေလှမ်းနေတာ တွေ့ရတယ်။

NUG pay လမ်းကြောင်း စတင်နေစဉ်မှာ ပြိုင်ဖက် Payment တွေ ဖြစ်တဲ့ Wave Money, Kpay, Aya pay, Apay စတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်ပေးထားတဲ့ သဘောတွေ့ရတယ်။

NUG pay ကို လတ်တလော သုံးစွဲမှုတွေ တွေ့နေရပြီး စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကတော့ အရေးယူမယ် လို့တောင် ထုတ်ပြောထားပါတယ်။ လက်ရှိကာလမှာ ထောက်ပံရေးလမ်းကြောင်းပေါ် သွားနေတာမို့ ပြည်သူတွေကြား၊ငွေကြေးလွဲပြောင်းသူ အချင်းချင်းကြား သုံးစွဲမှု နည်းပါးပါသေးတယ်။

ဒီ Paymentကို ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ၊စင်္ကာပူနိုင်ငံ၊ဂျပန်နဲ့ တောင်ကိုးရီးယားလို့ နိုင်ငံတွေက မြန်မာပြည်သူတွေ သုံးစွဲနိုင်မှု မြင့်တက်လာရင် ပိုပြီး အောင်မြင်လာဖို့ ရှိပါတယ်။ မြန်မာပြည်က ရွှေ့ပြောင်းလုပ်သားတွေရဲ့ ငွေကြေးစီးဝင်မူကလည်း တစ်နှစ်ကို အမေရိကန်ဒေါ်လာ(၁.၃)ဘီလီယံကျော် ရှိနေတာမို့ ဒီဈေးကွက်ကို ပိုင်ဆိုင်ထားနိုင်ရင်ကို မြန်မာနိုင်ငံမှာ အကြီးဆုံး Payment system တစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။

NUG အစိုးရအနေနဲ့ အမေရိကန်မှာ ရှိတဲ့ မြန်မာနိုင်ငံ ရဲ့ အရန်ငွေ အမေရိကန်ဒေါ်လာ(၁)ဘီလီယံကိုသာ အသုံးချခွင့် ရလာမယ် ဆိုရင် NUG pay သည် ပိုတိုးတက်မယ်လို့ ယူဆရတယ်။ ပြည်တွင်း Digital Paymentတွေကို စစ်ကောင်စီက မလိုအပ်ပဲ ပို ထိန်းချုပ်လွန်းနေမှုက ဈေးကွက်ပျက်သွားစေပြီး လူတွေ သုံးစွဲမှုလျော့နည်းသွားစေမှာ ဖြစ်ပြီး Cash သုံးစွဲမှုအား ပိုကောင်းလာနိုင်ပါတယ်။ ဒီအချက်က နိုင်ငံရဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးအပေါ် သိသိသာသာ အကျိုးသက်ရောက်လာမှာ ဖြစ်တယ်။

ပြည်တွင်း Digital Payment တွေဟာ တစ်နှစ်ကို မြန်မာကျပ်ငွေ (၄)ထရီလီယံလောက် လည်ပတ်နေမယ် လို့ ခန့်မှန်းရပြီး စစ်ကောင်စီလက်ချက်ကြောင့် ထက်ဝတ်မက ကျဆင်းသွားပြီ လို့ ယူဆနိုင်ပါတယ်။

ဆိုတော့ စစ်ကောင်စီက Digital Paymentတွေကို ပိုတင်းကြပ်လာနေချိန်မှာ NUG pay ကို ပိုပြီး ဈေးကွက်ချဲ့ထွင်ဖို့ အကောင်းဆုံး ဖြစ်နေတာ တွေ့ရတယ်။သူတို့သာ ဈေးကွက်ကို လှုပ်ရှားနိုင်ရင် မြန်မာနိုင်ငံမှာ အ‌သုံးများဆုံး Digital Payment တခုတောင် ဖြစ်သွားနိုင်ပါတယ်။

စစ်ကောင်စီအနေနဲ့ Banking and Digital Payment ကဏ္ဍတွေကို ပိုထိန်းချုပ်ကန့်သတ်လာခြင်းဟာ တဖက်က Digital Payment ဖန်တီးသူတွေအတွက် အခွင့်အရေးကောင်း ဖြစ်လာစေပါတယ်။ NUG အစိုးရသည် Bankingစနစ်ကိုလည်း တည်ဆောက်ဖို့ လုပ်ဆောင်နေတယ် ဆိုတာမို့ စစ်ကောင်စီလုပ်ရပ်သည် အထောက်အပံလို ဖြစ်လာစေနိုင်တာ တွေ့ရတယ်။

လက်ရှိ အချိန်ကာလမှာ NUG အနေနဲ့ Bank နဲ့ Digital Payment platform ကို ဖန်တီးပြီး အသုံးချဖို့ အကောင်းဆုံးအချိန် ဖြစ်နေတာ တွေ့ရတယ်။

Digital Payment ရဲ့ သဘောတရားသည် ရိုးရှင်းလွယ်ကူစေဖို့နဲ့ ပြည်သူများအကြား လွှတ်လပ်စွာ ငွေကြေးလွဲပြောင်းတဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအခြေခံသဘောတရား မရှိတော့ရင် Payment system တခုလုံး ကျဆုံးသွားတာနဲ့ တူတူပဲ ဖြစ်သလို ထိန်းချုပ်တာ၊ကန့်သတ်တာ၊စည်းကမ်းတွေ တင်းကြပ်လွန်းခြင်းဟာ တိုးတက်မှုကို ထိခိုက်စေပါတယ်။

တကယ်တော့ Digital Paymentလမ်းကြောင်းနဲ့ ငွေကြေးလွဲပြောင်းမှု အများစုသည် Business to Business ဖြစ်ပြီး ဘဏ်တွေထက်တောင် ငွေကြေးလည်ပတ်မှု ပိုအားကောင်းစေတာ ဖြစ်ပါတယ်။
စစ်ကောင်စီအုပ်စုကတော့ Digital Payment ကို ထိန်းချုပ်ကန့်သတ်လိုက်ရင် အောင်မြင်မယ် လို့ ထင်နေပေမယ့် ဘဏ်တွေနဲ့ ငွေကြေးကဏ္ဍဆိုင်ရာ လုပ်ငန်းတွေအတွက်ကတော့ ဒုတိယအကြိမ်မြောက် ရိုက်ချိုးခံလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

ဒီဆိုးကျိုးဂယက်ကို ပုဂ္ဂလိက ဘဏ်တွေ သိသိသာသာ ခံစားရအုန်းမှာ ဖြစ်သလို နိုင်ငံGDP အတွက် အထောက်အပံ့ ဖြစ်နေတဲ့ Paymentကို ထိန်းချုပ်မှုက စီးပွားရေးကဏ္ဍာအပေါ်မှာပါ ကြီးမားစွာ အကျိုးသက်ရောက်မှာပါ။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် စီမံခန့်ခွဲမှု အမှားတွေကို ၂၀၂၁ခုနှစ်ကတည်းက ဆက်တိုက်ကျုးလွန်နေပြီး လက်ရှိအချိန်ထိ လုပ်ဆောင်မှုတွေဟာ တိုးတက်စေရေးထက် ဆုပ်ယုတ်စေရေးလမ်းကြောင်းကို ဦးတည်နေစေတာက အံဩစရာ ကောင်းနေပါတယ်။

ရေရှည်မှာ ထိခိုက်ခံစားလာရမယ့် အကျိုးဆက် အဆိုးတွေကို ဖန်တီးလုပ်ဆောင်နေမှုအပေါ် မေးခွန်ထုတ်စရာ ဖြစ်နေသလို ဖြစ်လာမယ့် အကျိုးဆက်တွေကို ကြိုတင်စဉ်းစားထားခြင်း မရှိမှုက ငွေကြေးနဲ့ ဘဏ္ဍာရေးကဏ္ဍကို အောက်ဆုံးထိ ဆွဲခေါ်သွားနေတာကို တွေ့မြင်နေရပါတယ်။

 

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်