NLD ရဲ့ မဲဆွယ်စည်းရုံးရေးဗျူဟာ ညစ်ပတ်တယ်

နိုဝင်ဘာ(၃)ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဦးညွှန့်ဝင်း(NLD)က (၃၀၈၃)မဲ၊ ဦးမနားနိုင်(USDP)က (၂၅၂၇)မဲ၊ ဦးကီးထန်းလွန်း(CNDP)က (၂၄၄၅)မဲ၊ ဦးမနားရှင်(CPP)က (၂၄၂) မဲအသီးသီးရရှိတယ်လို့ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာလ(၅)ရက်နေ့မှာ ကြေညာပါတယ်။ အိမ်ကွင်းမှာ ဘာကြောင့် ချင်းပါတီတွေရှုံးနိမ့်နေတာလဲ၊ ဘာကြောင့် NLD အနိုင်ရသွားတာလဲဆိုတဲ့မေးခွန်းကို Zalen Media က CNDP အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိတ်ထောင်မေးမြန်းထားတာကို တင်ဆက်လိုက်ပါတယ်။

ဒါကတော့ ကျွန်တော်တို့ပါတီတွင်းမှာ အကျေအလည်ကို သုံးသပ်နေဆဲပါ။ ဒါဟာနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာသင်ခန်းစာရသလဲပေါ့။ ခြုံ့ငုံသုံးသပ်ရင်တော့ ကျွန်တော့်အနေနဲ့ အဓိက ရှုံးဆုံးရတဲ့အကြောင်းရင်း သုံးလေးခုတော့ပြောလို့ရတာပေါ့။

တစ်အချက်ကတော့ ကျွန်တော်တို့ပါတီခေါင်းဆောင်များ၏ အားနည်းချက်ပါ။ ကျွန်တော်တို့မှာတာဝန်ရှိတယ်။ အထူးသဖြင့် NLD နဲ့ USDP တို့လို ရံပုံငွေ ဖောဖောသီသီမသုံးနိုင်ဘူး။ သူတို့ပါတီရဲ့ ရန်ပုံငွေ သုံးစွဲနိုင်မှုကတော့ တကယ်အံ့မခန်းပါပဲ။ အထူးသဖြင့် နှစ်ပေါင်း ၃၀ကျော် စစ်အာဏာရှင်ကို တိုက်ပြီး လူတစ်ဦးတည်းအပေါ်မှီတင်းနေတဲ့ NLD ပါတီက မနေ့တစ်နေ့ကမှ အစိုးရဖွဲ့တာနဲ့ နေ့ချင်းညချင်း ဆိုသလို ငွေကြေးဒီလောက် ချမ်းသာတာ၊ သုံးစွဲနိုင်တာက တကယ်မယုံနိုင်စရာပဲ။ ရွေးကောက်ပွဲတင်မကဘူး၊ အခုမြို့နယ်တိုင်းမှာ သိန်းထောင်ချီနဲ့ ပါတီအဆောက်အဦးများ၊ လှုပ်ရှားမှုများ လုပ်နိုင်တာ အံ့သြစရာပဲ။

နှစ်ပေါင်း ၃၀ကျော် စစ်အာဏာရှင်ကို တိုက်ပြီး လူတစ်ဦးတည်းအပေါ်မှီတင်းနေတဲ့ NLD ပါတီက မနေ့တစ်နေ့ကမှ အစိုးရဖွဲ့တာနဲ့ နေ့ချင်းညချင်း ဆိုသလို ငွေကြေးဒီလောက် ချမ်းသာတာ၊ သုံးစွဲနိုင်တာက တကယ်မယုံနိုင်စရာပဲ။

ဒုတိယကတော့ ပြည်သူများ၏ နိုင်ငံရေး ရေချိန်ပေါ့။ အထူးသဖြင့် ကျေးရွာအဆင့်တွေမှာ အများစုက နိစ္စဓူ၀ အခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့ကိုပဲ စိတ်ဝင်စားတယ်။ ရွေးကောက်ပွဲမှတဆင့် မဲပေးတယ်ဆိုတာ နိုင်ငံအပြောင်းအလဲ၊ အမျိုးသားရေး၊ ဖက်ဒရယ်၊ ငြိမ်းချမ်းရေးတို့အတွက် ဖြစ်ရမည်ဆိုတဲ့အထိ တွေးခေါ်မှုက နည်းနေသေးတယ်။ ၂၀၁၈ အခြေခံဥပဒေအရ ဒီရွေးကောက်ပွဲက အဲဒီအဆင့်ကို မပေးစွမ်းနိုင်ဘူးလို့လဲသူတို့ယုံကြည်တာကိုး။ ဒါလည်း သူတို့မမှားပါဘူး။ သို့သော် ရေမီး၊ဆပ်ပြာအတွက်ပဲ မဲပေးရင်အဲဒါပဲရမှာဖြစ်လို့ သရက်သီးလိုချင်ရင် သရက်ပင်စိုက်ရမယ် ဆိုတဲ့အဆင့်ကို အချိန်ယူရမည်။ ဥပမာဆိုရင် ၂၀၁၆ခုနှစ် ကြားဖြတ် ထန်တလန်မှာရော၊ ၂၀၁၈ ကန်ပက်လက်မှာရော ကျွန်တော်တို့ပါတီက မြို့ပေါ်မှာ အနိုင်ရတယ်။ ဒါကြောင့်ကျွန်တော်တို့ စိတ်ဓာတ်မကျဘူး။ ကျွန်တော်တို့ မဲရမှုနှုန်းတစ်ဖြည်းဖြည်းမြင့်လာတယ်။ အချိန်ယူရမယ်။

တတိယအချက်ကတော့၊ အနိုင်ရပါတီရဲ့ ညစ်ပတ်တဲ့ စည်းရုံးမှုဗျူဟာပဲ။ ဗဟိုဝန်ကြီးတွေကအစ လာပြီး စည်းရုံးရေးလာဆင်းတာ။ အဲဒါအခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်။ ဒါထက်ပိုဆိုးတာက ရွာတွေကို မြို့ပေးမည်ဆိုတာမျိုး။ ဒါတွေက အဆင့်အတန်းမရှိဘူး။ မြို့ပေးခြင်း၊ ကျောင်းတိုးပေးခြင်း၊ လမ်းတူးပေးခြင်း၊ ဆေးရုံဆောက်ပေးခြင်းဆိုတာ သူ့လိုအပ်ချက်နဲ့၊ နိုင်ငံတော် ဥပဒေနဲ့ စံချိန်စံနှုန်းအရ လုပ်ရမယ့်ဟာ။ ဒါကို politicize မလုပ်ရဘူး။ USDP အမွေပဲ။

စတုထ္တကတော့၊ နိုင်ငံရေး စနစ်ပဲ။ ဒီအခြေခံဥပဒေက တိုင်းရင်းသား(ပါတီ)တွေ ခေါင်းမထောင်နိုင်အောင် တမင်ရည်ရွယ်ပြီးလုပ်ထားတာ။ ဥပမာ- သမ္မတစနစ်(Presidential system)ကို အသာပေးပြီးဆွဲထားတယ်။ တိုင်းရင်းသားများလိုချင်တာ Parliamentarian system ပါ။ ပါလီမန်စနစ်မှာ ပါတီသေးသေးတွေ အခန်းကဏ္ဍမြင့်မားတယ်။ နောက် ပြည်နယ်ဝန်ကြီးချုပ်ကိုယ့်ဟာကို ရွေးလို့မရအောင်လုပ်တယ်။ နောက် ဗဟိုနဲ့ ပြည်နယ်ရွေးကောက်ပွဲကို သီးခြားမကျင်းပပေးဘူး။ အဲဒီ ၃ ချက်ကို ကျွန်တော်တို့ကို တစ်ခါးဖွင့်ပေးပါ။ တိုင်းရင်းသားတွေ ကိုယ့်ပြည်နယ်မှာ အပြတ်အသတ်နိုင်စေရမယ်။ ကျွန်တော်စိန်ခေါ်ရဲတယ်။ တကယ်တမ်း သတ္တိရှိရင် မျှတတဲ့ အခင်းအကျင်း ဖန်တီးပေးပါ။ အခုက ပြည်မပါတီတို့က သူတို့စိတ်ကြိုက် စည်းမျဉ်းတွေ၊ အခင်းကျင်းတွေ ရေးဆွဲပြီး သူတို့ကိုယ်တိုင် ဒိုင်လူကြီးလုပ်ပြီး ကျွန်တော်တို့ကို လာစိန်ခေါ်တာ။