UNHCR ရဲ့ချင်းဒုက္ခသည်များပေါ်ဆုံးဖြတ်ချက်ကို ချင်းနိုင်ငံရေးပါတီများကပြန်လည်သုံးသပ်ရန်တိုက်တွန်း

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)က မလေးရှားနဲ့ အိန္ဒိယနိုင်ငံရှိ ချင်းဒုက္ခသည်များအား နေရပ်ပြန်လည်ပို့ဆောင်ရန်ဆုံးဖြတ်ချက်အပေါ် ချင်းနိုင်ငံရေးပါတီများက ပြန်လည်သုံးသပ်ရန် တိုက်တွန်းနိုးဆော်သည့်သဘောထားကို ဇူလိုင်(၂၄)ရက်တွင်ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို ချင်းနိုင်ငံရေးပါတီများဖြစ်တဲ့ ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီတို့ကလက်မှတ်ရေးထိုးထုတ်ပြန်ပါတယ်။

ဇွန်လ(၂၈)ရက်မှာ မလေးရှားနိုင်ငံ ကွာလလာမ်ပူမြို့ရှိ UNHCR ရုံးရှေ့တွင် မလေးရှားရောက် ချင်းလူမျိုးများ ဆန္ဒဖော်ထုတ်နေကြစဉ်

ချင်းပြည်နယ်အခြေအနေဟာ တည်ငြိမ်အေးချမ်းပြီဟုဆိုကာ ၂၀၁၉ ခုနှစ်မှစ၍ ချင်းဒုက္ခသည်များကိုနေရပ်ပြန်ပို့ရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)က အသိပေးအကြောင်းကြားပြီဖြစ်ပါတယ်။  ယခုလိုဆုံးဖြတ်ချက်အပေါ် မလေးရှားနိုင်ငံ ကွာလလာမ်ပူမြို့မှာရှိတဲ့ UNHCR ရုံးရှေ့တွင် ဇွန်လ(၂၈)ရက်မှာ မလေးရှားရောက်ချင်းလူမျိုး (၇၀၀)ခန့်က ဆန္ဒဖော်ထုတ်ကြပါတယ်။

ချင်းနိုင်ငံရေးပါတီများရဲ့ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် နိုင်ငံရေးအရသော်လည်းကောင်း၊ ကိုးကွယ်ယုံကြည်မှုအရသော်လည်းကောင်း၊ စာပေနှင့်ယဉ်ကျေးမှုအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း၊ ဌာနဆိုင်ရာ ရာထူးအခွင့်အရေးခံစားခွင့် အရသော်လည်းကောင်း၊ စီးပွားဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းအရသော်လည်းကောင်း၊ နည်းမျိုးစုံခွဲခြားဆက်ဆံမှုနှင့်ခက်ခဲမှုများကြုံ့တွေ့ခံစားရသည့် ချင်းပြည်သူများသည် အခြားတိုင်းရင်းသားများနည်းတူ အိမ်နီးချင်းနိုင်ငံများသို့ထွက်ပြေးတိမ်းရှောင်ကာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)တွင်နိုင်ငံရေးခိုလုံခွင့်တောင်းခံကာ ခိုလှုံကြရပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေး၊ ချင်းပြည်နယ်ရဲ့ အနာဂတ်နိုင်ငံရေးနှင့်ငြိမ်းချမ်းရေးအခြေအနေသည် ကောက်ချက်ချရန် များစွာစောလျင်နေသေးသည်ဟု မိမိတို့ချင်းနိုင်ငံရေးပါတီများအနေဖြင့် အခြားတိုင်းရင်းသားလူနည်းစု နိုင်ငံရေးပါတီများနည်းတူရှုမြင်သုံးသပ်မိပါတယ်။ တိုင်းရင်းသားများ၊ ပင်လုံဂတိကဝတ်အရ လိုလားတောင့်တနေသည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ တန်းတူရည်တူရေး၊ ဒီမိုကရေစီ ဖက်ဒရယ်အရေး၊ တိုင်းရင်းသားအခွင့်အရေးလှုပ်ရှားမှုများမှ ၂၁ ရာစု ပင်လုံညီလာခံနှင့် လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ရှေ့မတိုးနိုင်ဖြစ်နေရသည့်အနေအထားကို အထင်အရှားတွေ့မြင်ရပါတယ်။

ဇွန်လ(၂၈)ရက်မှာ မလေးရှားနိုင်ငံ ကွာလလာမ်ပူမြို့ရှိ UNHCR ရုံးရှေ့တွင် မလေးရှားရောက် ချင်းလူမျိုးများ ဆန္ဒဖော်ထုတ်နေကြစဉ်

ချင်းပြည်နယ်မြောက်ပိုင်းဒေသတွင် သေနတ်သံတိတ်နေသည်မှာ မှန်သော်လည်း ချင်းပြည်နယ်တောင်ပိုင်း အထူးသဖြင့် ပလက်ဝမြို့နယ်တွင် ၂၀၁၄ ခုနှစ်မှစတင်ကာ ယနေ့အချိန်ထိတိုက်ပွဲများမကြာခဏဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံရွာသားများ ထောင်နဲ့ချီကာ အသက်လုထွက်ပြေးနေရခြင်း၊ သေဆုံးဒဏ်ရာရသူများရှိခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံနေရခြင်း၊ ပုံစံမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေခြင်းတို့ကြောင့် ယခုချိန်ထိပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများ(IDPs)ရာနှင့်ချီကာ ယာယီစခန်းများတွင် ခိုလှုံနေကြဆဲဖြစ်ပါတယ်။

မိမိတို့ ချင်းနိုင်ငံရေးပါတီများအနေဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်ခြေစိုက်နေသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ရဲ့ လတ်တလော ဆုံးဖြတ်ချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကန့်ကွက်ပါတယ်။ ထို့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အနေဖြင့် လတ်တလောဆုံးဖြတ်ချက်ချမှုအပေါ် ချက်ချင်းပြန်လည်သုံးသပ်ရန် အလေးနက်ထားတိုက်တွန်းနိုးဆော်အပ်ပါတယ်။ ယင်းကဲ့သို့လွတ်လပ်ရေးနှင့် သန္ဓေတည်မွေးဖွားလာရုံသာမက ထိလွယ်ရှလွယ်သည့် ကိစ္စရပ်များကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ ဒေသခံအဖွဲ့အစည်းများကို ညိုနှိုင်းဆွေးနွေးရန်တိုက်တွန်းပါတယ်လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်